နေပြည်တော်အခြေစိုက် သတင်းထောက်တစ်ဦး ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရ

 ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲခံရသည့် ဦးမောင်မောင်ထွန်း။ စွမ်းရဲထွဋ်/ The Myanmar Timesဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲခံရသည့် ဦးမောင်မောင်ထွန်း။ စွမ်းရဲထွဋ်/ The Myanmar Times

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြည်တွင်းဂျာနယ်တစ်စောင်တွင် အယ်ဒီတာ့ထံပေးစာပုံစံဖြင့်
ရေးသားခဲ့သည့်အကြောင်းအရာနှင့် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည့်အကြောင်းအရာ
အချို့ကြောင့် စောင့်ကြည့်ဂျာနယ်၏ နေပြည်တော်အခြေစိုက်သတင်းထောက် ဦးမောင်မောင်ထွန်းကို
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် နေပြည်တော် ပျဉ်းမနားမြို့မရဲစခန်းက အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း
ပျဉ်းမနားမြို့နယ် မြို့မရဲစခန်း ရဲမှူးတင်မိုးဦးက ပြောသည်။

''ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ သြဂုတ် ၁၇ ရက်မှာ အမှုဖွင့်ထားပါတယ်။ ဒီအမှုကို
စစ်ဆေးပြီး မနေည (နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီခန့်) ကမှ တရားခံအဖြစ်စွပ်စွဲခံရသူ
ကိုမောင်မောင်ထွန်းကို ဖမ်းတာပါ။ အမှုကို တိုင်ထားတာကြာနေပြီဆိုပေမဲ့ အမှုတည်ဆောက်ဆဲ
ကာလအတွက် အချိန်ပေးရတယ်။ ကြားထဲမှာ တရားခံနဲ့ တရားလိုတို့ကို တွေ့ဆုံစစ်ဆေးဖို့
မချိတ်မိတာနဲ့ အမှုတည်ဆောက်ရတာ ကြာသွား တာပါ'' ဟု ၄င်းက ပြောသည်။

ယခု ဖြစ်စဉ်မှာ စာမျက်နှာပေါ်တွင် အပြန်အလှန် ရေးသားဝေဖန်ရုံမဟုတ်ဘဲ လူမှုကွန်ရက်
စာမျက်နှာကို အသုံးပြုဝေဖန်ခဲ့သဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်
အကျုံးဝင်နေခြင်းကြောင့် ထိုပုဒ်မဖြင့်အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးတင်မိုးဦးက
ပြောသည်။

အမှုတစ်ခုကို ရဲစခန်းကလက်ခံမည်ဆိုပါက တရားလို၏တိုင်ကြားချက်မှာ မှန်ကန်ခြင်းရှိ၊ မရှိကို
စိစစ်ရန်လိုအပ်ပြီး စစ်ဆေးမှုမလုပ်ဘဲ တိုင်ကြားလာသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်
အမှန်တရား ဖော်ထုတ်သူကို ဖမ်းဆီးထိန်းသိမ်းခြင်းကြောင့် စိတ်မကောင်းဖြစ်ရကြောင်း
တရားစွဲဆိုခံထားရသူ သတင်းထောက် ဦးမောင်မောင်ထွန်းက ပြောသည်။

''ကျွန်တော့်အနေနဲ့ပြောရရင် အမှုတစ်ခုကို လာတိုင်ပြီဆိုရင် ဒီအမှုဟာ ဟုတ်သလား၊ မှန်သလား
ဆိုတာ စိစစ်ပြီးမှ လက်ခံရတယ်။ အခုကတော့ စခန်းကို အမှုလာဖွင့်တာနဲ့ ၆၆(ဃ)ဖွင့်တယ်ဆိုတော့
ခံရတဲ့သူက အမှန်တရားကိုလည်း ဖော်ထုတ်ရသေးတယ်၊ တရားလည်း အစွဲခံရသေးတယ်။
စိတ်ထဲမကောင်းပါဘူး'' ဟု ၄င်းက ပြောသည်။

အဆိုပါတရားစွဲဆိုမှုသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ပတ်သက်သည့်
တွေ့ဆုံမေးမြန်းခန်းကို ဝေဖန်ရေးသားရာမှ အစပြု ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း
တရားစွဲဆိုမှုမှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊
အမည်မဖော်လိုသူ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက ပြောသည်။

ဦးမောင်မောင်ထွန်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပုံမှာ
တရားခံအတွက် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေသဖြင့် ရဲလုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်
ညီညွတ်ခြင်းရှိမရှိ ပြန်လည်စိစစ်သင့်ကြောင်း အဆိုပါကော်မတီဝင်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း