ပျဉ်းမနား စာပေဟောပြောပွဲ ဒီဇင်ဘာ ၁၈ ရက်ည ကျင်းပမည်

ပျဉ်းမနားမြို့နယ်အသင်း(ရန်ကုန်)နှင့် ပျဉ်းမနားမြို့နယ်အသင်း(ဌာနေ)တို့ ပူးပေါင်းကျင်းပသည့်
စာပေဟောပြောပွဲကို လာမည့်ဒီဇင်ဘာ ၁၈ ရက်၊ တနင်္ဂနွေနေ့ညပိုင်းတွင် ကျင်းပပြုလုပ်မည်ဟု
ပျဉ်းမနားမြို့ စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာတနိုင်ခက ပြောကြားသည်။

''ဟောပြောပွဲကို လယ်တီစံကျောင်းက ဓမ္မဗိမာန်တော်ကြီးမှာ လုပ်မှာပါ။ အရင်ကလည်း တရားပွဲတွေ
လုပ်ခဲ့တဲ့နေရာပေါ့။ ပျဉ်းမနားမြို့နယ်အသင်း(ရန်ကုန်) တည်ထောင်ခြင်း ၈၄ နှစ်မြောက်အထိမ်း
အမှတ်အနေနဲ့ ဦးဆောင်လုပ်တာဖြစ်သလို အဲဒီမနက်ပိုင်းမှာ သွေးလှူဒါန်းပွဲလုပ်မယ်''ဟု ၄င်းက
ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။

ပျဉ်းမနားမြို့ စာပေဟောပြောပွဲကို ရန်ကုန်အသင်းက ဦးဆောင်ကျင်းပခြင်းဖြစ်သော်လည်း ဌာနေ
အသင်းကပါ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဆရာတနိုင်ခက ပြောသည်။ ယခုနှစ်ဟောပြောပွဲတွင်
စာရေးဆရာများဖြစ်သည့် ဦးဘုန်း(ဓာတု)နှင့် ကိုရွှေအောင်သင်းတို့က ဟောပြောမည်ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းပါဝင်သော ပျဉ်းမနားမြို့အပါအဝင် တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်
များတွင် မြို့နယ်စာပေနှင့် စာနယ်ဇင်းအဖွဲ့များက ဦးဆောင်ကာ နှစ်စဉ်စာပေဟောပြောပွဲများကို
ဒီဇင်ဘာ လအတွင်း ပြုလုပ်လေ့ရှိသည်။

''ပျဉ်းမနားအသင်းက နည်းနည်းနောက်ကျနေပြီ။ ဒီဘက်နှစ်ပိုင်းမှာ ပျဉ်းမနားကတောင်သာနေပြီ။
စာရေးဆရာ ချစ်ဦးညိုတို့နဲ့ ပြီးခဲ့တဲ့လကတည်းက လုပ်ပြီးသွားပြီ။ ပျဉ်းမနားက အခု ၁၈ ရက်မှလုပ်မှာ။
နောက်ပြီး ဟောပြောမယ့်သူကလည်း အရင်နှစ်တွေက သုံးယောက်ရှိခဲ့ပေမဲ့ ဒီနှစ်ကနှစ်ယောက်တည်း''ဟု
စာပေဟောပြောပွဲများကို နှစ်စဉ်တက်ရောက်အားပေးလေ့ရှိသူ ပျဉ်းမနားမြို့ခံ ဒေါ်ထားထားက
ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း