နေပြည်တော်တွင် ပထမဆုံး အကြိမ်အဖြစ် စားသုံးသူ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

အသိပညာပေးဟောပြောပွဲတွင် ဦးမောင်မောင်ရှင်းလင်းပြောကြားနေစဉ်။  စွမ်းရဲထွဋ်/ မြန်မာတိုင်း(မ်)အသိပညာပေးဟောပြောပွဲတွင် ဦးမောင်မောင်ရှင်းလင်းပြောကြားနေစဉ်။  စွမ်းရဲထွဋ်/ မြန်မာတိုင်း(မ်)

နေပြည်တော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စားသုံးသူ အသိပညာပေးဆိုင်ရာဆွေးနွေးပွဲ အခမ်းအနား
တစ်ရပ်ကို မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂက ဒီဇင်ဘာ၁၅ ရက်တွင် ပျဉ်းမနားမြို့နယ်၊ မေခန်းမ၌
ကျင်းပပြုလုပ်ခဲ့သည်။

ယခင်က ကုန်သည်များနှင့် အာဏာပိုင်များ၏ လှည့်စားမှုများကြောင့် ပြည်သူများတွင် စားသုံးသူ
အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည့်ပြင် ယင်းအချိန်က စားသုံးသူဖက်ကအခွင့်အရေးများကို တောင်းဆိုပေးမည့်
အဖွဲ့အစည်းလည်းမရှိခဲ့ကြောင်း အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူ ပျဉ်းမနား၊ မြို့မိ၊ မြို့ဖ
တစ်ဦးဖြစ်သောမျှဝေသောလက်ပရဟိတအသင်း ဥက္ကဋ္ဌ ဒေါက်တာပေါ်မြင့်ဦးက ပြောသည်။

''စားသုံးသူဆိုတဲ့ စကားလုံးအရ ပါးစပ်ထဲဝင်တဲ့ အစားအသောက်ကိုသာ လူတွေက ပြေးမြင်ကြပါတယ်။
တကယ်တော့ ကျွန်တော်တို့ ဖုန်းခေါ်တယ်။ တစ်ဖက်က မကိုင်ဘူး။ဖုန်းပြန်ချလိုက်တယ်။ ဒါပေမဲ့
ငွေ နှစ် ကျပ်ဖြတ်သွားတယ်။ ဒါလည်း စားသုံးသူဖက်က အခွင့်အရေး ချိုးဖောက်ခံရတာပါပဲ။ အမှိုက်မီးရှို့လို့
အညှော်ခံ၊ မီးခိုးမွှန်တာလည်း စားသုံးသူဘက်က အခွင့်အရေး ချိုးဖောက်ခံရတာဖြစ်တယ်ဆိုတာ
ပြည်သူတွေက သိဖို့လိုပါတယ်''ဟု ၄င်းက ပြောသည်။

သက်တမ်းလေးနှစ်ရှိပြီးဖြစ်သည့် ပျဉ်းမနားမြို့ အခြေစိုက် မျှဝေသော လက်ပရဟိတအသင်းသည်
ဘေအန္တရာယ်ကင်းရှင်းစွာ စားသောက်သုံးစွဲနိုင်ခွင့်၊ တန်ဖိုး၊ ဈေးနှုန်း၊ အမျိုးအစား၊ ရွေးချယ်ပိုင်ခွင့်၊
စားသောက် သုံးစွဲရမည့် ပစ္စည်းအကြောင်း ပြည့်စုံစွာသိရှိနိုင်ခွင့်နှင့် စားသုံးသူများ၏ အသံနှင့်
မကျေနပ်မှုများကို သက်ဆိုင်ရာတာ ဝန်ရှိသူများထံ လွတ်လပ်စွာအသိပေး ထုတ်ဖော် ပြောဆိုခွင့်စသည့်
အခွင့်အရေးလေးရပ်ကို ရရှိစေရန်လှုပ်ရှားဆောင်ရွက်နေခြင်း ဖြစ်သည်ဟုသမဂ္ဂအတွင်းရေးမှုး
ဦးမောင်မောင်က ပြောသည်။

''စားသုံးသူကာကွယ်ဖို့အတွက် အစားအသောက်၊ ဆေးဝါး၊ သောက်ရေ၊ သုံးရေ၊ ရေထုနှင့်
လေထုကို သုံးစွဲရပ်တည်ခြင်း၊ ပညာသင်ကြားခံယူခြင်း၊ တည်းခိုခြင်း၊ နေထိုင်ခြင်း၊
ခရီးသွားလာခြင်း၊ မော်တော်ယာဉ်နှင့် အခြားသောယာဉ်များကို အသုံးပြုခြင်း၊
ကုန်ပစ္စည်းများသုံးစွဲခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်း၊ ကုသမှုခံယူခြင်း၊ အာမခံထားခြင်း
အမျိုးမျိုး စတာတွေကို အစိုးရနှင့်ပြည်သူ့ဝန်ထမ်းတွေ၊ လူထုအကျိုးပြုအဖွဲ့အစည်းတွေ၊
စားသုံးသူ တစ်ဦးချင်းစီနဲ့စီးပွားရေးလုပ်ငန်းရှင်တွေက ကာကွယ်စောင့် ရှောက်မြှင့်တင်
အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်''ဟု ဦးမောင်မောင်က ပြောသည်။

မြန်မာနိုင်ငံတွင် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို ၂ဝ၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး၊
စားသုံးသူများအတွက် ဥပဒေ၏ အကျိုးသက်ရောက်မှုကို ခံစား သိရှိနိုင်ရေး ဝိုင်းဝန်းဖော်ဆောင်ရန်
အရေးတကြီးလိုအပ်နေသည်ဟု အသင်းအတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း