ပခုက္ကူတက္ကသိုလ်တိုးချဲရန် သိမ်းဆည်းခဲ့သည့် ယာမြေများပြန်လည်ရရှိရန် တောင်သူများတောင်းဆို

ဒေသခံတောင်သူများ တောင်းဆိုထားသည့် ပခုက္ကူတက္ကသိုလ်အနီးရှိ သိမ်းဆည်းခံလယ်ယာမြေများကို တွေ့ရစဉ်။ နေအောင်/ မြန်မာတိုင်း(မ်)ဒေသခံတောင်သူများ တောင်းဆိုထားသည့် ပခုက္ကူတက္ကသိုလ်အနီးရှိ သိမ်းဆည်းခံလယ်ယာမြေများကို တွေ့ရစဉ်။ နေအောင်/ မြန်မာတိုင်း(မ်)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူတက္ကသိုလ် ဧရိယာတိုးချဲ့ရန် သိမ်းဆည်းခဲ့သည့်ယာမြေများ
အနက် အသုံးမပြုသည့်မြေများကို ပြန်လည်ရရှိလိုကြောင်း ယာမြေသိမ်းဆည်းခံခဲ့ရသည့်
တောင်သူတစ်ဦးဖြစ်သူ ဦးမြမောင်က ယခုရက်သတ္တပတ်အတွင်း ပြောသည်။

ပခုက္ကူမြို့ ကျွဲတဲကျေးရွာအုပ်စု မြင်းချိုင်ကျေးရွာအနီးရှိ တောင်သူ ၂၂ ဦး၏ ယာမြေဧက ၁ဝဝ ခန့်ကို
၂ဝဝ၁ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနက သိမ်းယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အသုံးမပြုရသေးသည့်
ယာမြေများတွင် တောင်သူများက စိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိသော်လည်း မူလပိုင်ရှင်တောင်သူများက
လယ်ယာမြေမှတ်ပုံတင်ခွင့် လျှောက်ထားခြင်းကို သက်ဆိုင်ရာ မြို့နယ်မြေစာရင်းဦးစီးဌာနက လက်မခံဘဲ
ပယ်ချထားသည်ဟု ၄င်းက ပြောသည်။

''သိမ်းဆည်းစဉ်က ကျွန်တော်တို့ တောင်သူတွေကို လျော်ကြေးငွေလည်း ပေးချေခဲ့ခြင်း မရှိဘူး။
တောင်သူက လက်မှတ်ထိုးထားတာလည်းမရှိဘူး။ သူတို့လိုချင်တဲ့ပမာဏကို ကွန်ကရစ်အုပ်တိုင်တွေ
စိုက်ပြီးတော့ သိမ်းဆည်းခဲ့တယ်။ ယနေ့အချိန်အထိ ပိုလျှံမြေတွေ စွန့်လွှတ်ပေးခြင်းမရှိဘူး'' ဟု
ဦးမြမောင်က ပြောကြားသည်။

ပခုက္ကူတက္ကသိုလ်ဧရိယာ တိုးချဲ့ရန်အတွက် လယ်ယာမြေများသိမ်းဆည်းခံခဲ့သည့် မြင်းချိုင်ကျေးရွာတွင်
လက်ရှိအချိန်ထိ မြေနေရာအခက်အခဲကြောင့် မူလတန်းကျောင်းပင် ဆောက်လုပ်နိုင်ခြင်း
မရှိသေးကြောင်း ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တောင်သူလယ်သမားရေးရာ
ကော်မတီအဖွဲ့ဝင် ဒေါ်မူမူခိုင်က ပြောသည်။

''ကလေးတွေက နှစ်မိုင်လောက်ဝေးတဲ့ ကျောင်းတွေကို သွားတက်နေရတယ်။ လမ်းမှာသွားတာလာတာ
အန္တရာယ်ရှိနေတယ်။ အဓိကကတော့ ကားလမ်းတွေ ဖြတ်သွားရတာတွေပေါ့။ တက္ကသိုလ်ဧရိယာတိုးချဲ့မယ်
ဆိုပြီးတော့ စာသင်ဆောင်တွေတိုးချဲ့မယ်၊တက္ကသိုလ်ကျောင်းသားအဆောင်တွေ တိုးချဲ့မယ်
ဆိုပြီးသိမ်းခဲ့တယ်၊ လက်ရှိအနေအထားမှာ ဝန်ထမ်းတွေအတွက် တိုးချဲ့ဆောင်ပဲ တွေ့ရတယ်။
ကျောင်းသားကျောင်းသူ အဆောင်တွေ တိုးချဲ့ထားတာတော့ မရှိသေးဘူး။ တက္ကသိုလ်ကျောင်းသားတွေက
ရပ်ကွက်ထဲမှာ အိမ်ငှားနေရတယ်''ဟု ၄င်းက ပြောသည်။

ပခုက္ကူတက္ကသိုလ် ဧရိယာတိုးချဲ့ရန် ၁၉၇၄ ခုနှစ်တွင် ပထမအကြိမ် လယ်ယာမြေများကိုသိမ်းယူခဲ့ပြီး
၂ဝဝ၁ ခုနှစ်တွင် ဒုတိယအကြိမ် လယ်ယာမြေများကို သိမ်းယူခဲ့သည့်အတွက် တောင်သူများ နစ်နာ
ဆုံးရှုံးခဲ့ရသည်ဟု တောင်သူ ဦးဆန်းလွင်က ပြောသည်။

''ကျွန်တော်တို့က ခြံဝင်းခတ်ပြီးသား ဧရိယာက ယာမြေတွေအတွက် နစ်နာကြေးလိုချင်ပါတယ်။
တက္ကသိုလ်နဲ့လည်း မီးရထားလမ်းရော ကားလမ်းပါ ခြားနေတဲ့ ခြံမခတ်ရသေးတဲ့ တက္ကသိုလ်နဲ့ဝေးတဲ့
မြေတွေကိုတော့ တောင်သူတွေကို ပြန်ပေးစေချင်ပါတယ်'' ဟု ၄င်းက ပြောသည်။

လယ်ယာမြေများပြန်လည်ရရှိရန် ဒေသခံတောင်သူများက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လွှတ်တော်နှင့်
သက်ဆိုင်ရာဌာနများသို့ တိုင်ကြားစာများပေးပို့၍ အကြိမ်ကြိမ်တောင်းဆိုထားသည်။ ထိုသို့ တင်ပြတောင်း
ဆိုထားမှုအပေါ် ပခုက္ကူခရိုင်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး
ကော်မတီက စိစစ်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင် မကွေးတိုင်းဒေသကြီး
လွှတ်တော် ကိုယ်စားလှယ် ဦဟန်ဇော်ဝင်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း