အခွန်ဥပဒေသစ်တွင် ပြုပြင်ပြောင်းလဲမှုများ ပါဝင်

အထူးကုန်စည်ခွန်အဖြစ် ဇိမ်ခံပစ္စည်းများကို အခွန်ငါးရာခိုင်နှုန်းကောက်ခံရန် အခွန်ဥပဒေသစ်တွင် ထည့်သွင်းရေးဆွဲထားသည်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အထူးကုန်စည်ခွန်အဖြစ် ဇိမ်ခံပစ္စည်းများကို အခွန်ငါးရာခိုင်နှုန်းကောက်ခံရန် အခွန်ဥပဒေသစ်တွင် ထည့်သွင်းရေးဆွဲထားသည်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အစိုးရသစ်လက်ထက် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတွင် အရက်၊ ဆေးလိပ်၊
မော်တော်ယာဉ်များအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများကို ပြောင်းလဲသတ်မှတ်ထားပြီး
ဇိမ်ခံပစ္စည်းများ အလွန်အကျွံ သုံးစွဲမှုကို ကန့်သတ်နိုင်ရန် ရေးဆွဲထားသည်။

လာမည့် ဧပြီလတွင် စတင်ကျင့်သုံးမည့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်
ဥပဒေ(ကြမ်း)ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမောင်မောင်ဝင်းက
ဇန်န၀ါရီ ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

"၂၀၁၆ ခုနှစ် အခွန်အကောက်ဥပဒေကို လက်တွေ့ကျင့်သုံးရာမှာ တွေ့ရှိခဲ့တဲ့ အားသာချက်
အားနည်းချက်တွေကို အခြေခံပြီး ဆက်စပ်ဌာနတွေရဲ့ သဘောထားမှတ်ချက်၊ ကုန်သည်စက်မှု
အသင်းချုပ်နဲ့ ညီနောင် အသင်းတွေရဲ့ အကြံပြုချက်တွေကို ပေါင်းစပ်ပြီး ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏
အခွန်အကောက်ဥပဒေကို ရေးဆွဲပြုစုခဲ့ပါတယ်"ဟု ဦးမောင်မောင်ဝင်းက ပြည်ထောင်စု
လွှတ်တော်တွင် ပြောကြားခဲ့သည်။

အခွန်ဥပဒေသစ်တွင် အခွန်နှုန်းအချို့ကို ပြင်ဆင်ခြင်း ၁၁ ရပ်၊ အထူးကုန်စည်ခွန် ကျသင့်မည့်
ကုန်စည်များကို ထပ်မံဖြည့်စွက်ခြင်း သုံးရပ်၊ ပြည်ပသို့တင်ပို့ရောင်းချခြင်းအတွက် အထူးကုန်စည်ခွန်
ကျသင့်သည့် အထူးကုန်စည် အမျိုးအစားများကို ပြင်ဆင်ဖြည့်စွက်ခြင်း ငါးရပ်၊ ကုန်သွယ်လုပ်ငန်းခွန်
ကင်းလွတ်ခွင့်ပြင်ဆင်ခြင်း ငါးရပ်၊ သက်သာခွင့်ပြင်ဆင်ခြင်း တစ်ရပ်နှင့် အသစ်ဖြည့်စွက်ခြင်း တစ်ရပ်၊
ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုခြင်းနှင့် ပတ်သက်ပြီးလည်း ဖြည့်စွက်ခြင်း တစ်ရပ်၊ ပယ်ဖျက်ခြင်း တစ်ရပ်နှင့်
ပြဋ္ဌာန်းချက်အသစ် ဖြည့်စွက်ချက် တစ်ရပ်ကို ဆောင်ရွက်ထားသည်။

အခွန်နှုန်းပြင်ဆင်ခြင်းတွင် စီးကရက်၊ အရက်နှင့် ၀ိုင်တို့၏ ပြောင်းလဲလာသော တန်ဖိုးများအပေါ်တွင်
အခြေခံကာ ပြင်ဆင်ခြင်း၊ ကျွန်းနှင့် သစ်မာ၊ သစ်ခွဲသားများအပေါ် ကောက်ခံသည့် အခွန်နှုန်း
လျှော့ချခြင်း၊ ကျောက်မျက် ရတနာများအပေါ်တွင် အခွန်နှုန်းလျှော့ချခြင်း၊ မော်တော်ယာဉ်
တင်သွင်းမှုအတွက် အင်ဂျင်ပါဝါအလိုက် အလွှာများခွဲကာ အခွန်နှုန်း ပြောင်းလဲခြင်း၊ ဇိမ်ခံပစ္စည်းများ
အပေါ်တွင် အခွန်ကောက်ခံရန် ဖြည့်စွက်ခြင်း စသည်ဖြင့် ပါဝင်ကြောင်း ဦးမောင်မောင်ဝင်းက
ပြောသည်။

စီးကရက်များအပေါ် ကောက်ခံရန် သတ်မှတ်ထားသော အခွန်နှုန်းများအရ တစ်ဘူးချင်း၏
တန်ဖိုးပြောင်းလဲမှုအပေါ်တွင် အခွန်ပမာဏ ပြောင်းလဲထားသော်လည်း အခွန်ရာခိုင်နှုန်း
သိသိသာသာပြောင်းလဲသည်ကို မတွေ့ရပေ။

၂၀၁၆ အခွန်ဥပဒေတွင် အလိပ်၂၀ အထိပါ တစ်ဘူးရောင်းဈေး ကျပ် ၃၀၀ အထိ အဆင့်ဖြစ်လျှင်
တစ်လိပ်ချင်း အပေါ်မှ သုံးကျပ်ကောက်ခံရန်ပြဋ္ဌာန်းခဲ့သော်လည်း ၂၀၁၇ ဥပဒေကြမ်းတွင်မူ
တစ်ဘူး ရောင်းဈေး ကျပ် ၄၀၀ အထိဖြစ်လျှင် တစ်လိပ်ချင်းအပေါ်မှ လေးကျပ်ကောက်ခံရန်
တင်ပြထားခြင်းဖြစ်သည်။

အရက်များအပေါ်ကောက်ခံမည့် အခွန်သတ်မှတ်ချက်တွင်လည်း ၂၀၁၆ အခွန်ဥပဒေ၌ တစ်လီတာ
တန်ဖိုးကျပ် ၅၀၀ အောက် ဖြစ်လျှင် အခွန် ၆၆ ကျပ်နှုန်းကောက်ခံရန် ပြဋ္ဌာန်းခဲ့သော်လည်း
၂၀၁၇ ခုနှစ် အခွန်ဥပဒေကြမ်းတွင်မူ တစ်လီတာတန်ဖိုး ကျပ် ၇၅၀ အထိဖြစ်လျှင် အခွန် ၉၁ ကျပ်
ကောက်ခံရန် ပြဋ္ဌာန်းထားသည်။

တစ်လီတာတန်ဖိုးများ ပြင်ဆင်သတ်မှတ်ပြီး ကောက်ခံမည့်အခွန်ပမာဏကိုလည်း
လိုက်ပါပြင်ဆင်ထားခြင်းဖြစ်သည်။

ဝိုင်အမျိုးမျိုးအပေါ် ကောက်ခံမည့် အခွန်နှုန်းကိုလည်း လက်ရှိတွင် ၆၀ ရာခိုင်နှုန်းဖြင့်
သတ်မှတ်ထားရာမှ တန်ဖိုးအလိုက် ကောက်ခံရန် ပြင်ဆင်ထားသည်။

ဘီယာအမျိုးမျိုး၏ အခွန်နှုန်းကိုမူ ပြင်ဆင်ခြင်းမပြုဘဲ ၆၀ ရာခိုင်နှုန်းကောက်ခံရန်သာ
ဆက်လက်ဖော်ပြထားသည်။

သစ်ထုတ်လုပ်မှုအပေါ် ကောက်ခံမည့်နှုန်းကိုလည်း လျှော့ချထားကြောင်း တွေ့ရသည်။

၂၀၁၆ ဥပဒေတွင် ကျွန်း၊ သစ်လုံး၊ သစ်ခွဲသား များအပေါ် ၂၅ ရာခိုင်နှုန်း ကောက်ခံရန် ပြဋ္ဌာန်းထားခဲ့ပြီး
၂၀၁၇ ဥပဒေတွင်မူ 'သစ်လုံးနှင့်သစ်ခွဲသား' ဟုသာ ဖော်ပြထားပြီး ငါးရာခိုင်နှုန်းကောက်ခံရန်
ဖော်ပြထားသည်။

လက်ရှိဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ်မှုကို ရပ်နားထားသော်လည်း လာမည့်ဘဏ္ဍာနှစ်တွင်မူ
ပြန်လည်ဆောင်ရွက်မည် ဖြစ်သည်။

ကျောက်စိမ်းအရိုင်းထည် ထုတ်လုပ်မှုအပေါ်မှ ကောက်ခံမည့်အခွန်နှုန်းကို ပြန်လည်လျှော့ချထားသည်။

၂၀၁၆ ဥပဒေအရ ၃၅ ရာခိုင်နှုန်းကောက်ခံရန် ပြဋ္ဌာန်းထားသော်လည်း ၂၀၁၇ ဥပဒေတွင်မူ
၁၅ ရာခိုင်နှုန်း ကောက်ခံရန် ဖော်ပြထားသည်။

ပတ္တမြား၊ နီလာ၊ မြအရိုင်းထည် ထုတ်လုပ်မှုအပေါ်တွင် လည်း လက်ရှိတွင် ၃၅ ရာခိုင်နှုန်း
ကောက်ခံနေရာမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချထားကြောင်း တွေ့ရသည်။

အခွန်ဥပဒေသစ်(မူကြမ်း)အရ ပြည်တွင်း ထုတ်ကုန်များအပေါ် ကောက်ခံမည့် အခွန်နှုန်းထားများကို
လျှော့ချထားကြောင်းတွေ့ရသော်လည်း ပြည်ပက တင်သွင်းသည့်ကုန်စည်များအပေါ်တွင်မူ
တိုးမြှင့်ထားကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတွင် နှစ်စဉ်ကုန်သွယ်ရေး လိုငွေပြမှုမြင့်မားနေသောကြောင့်
မော်တော်ယာဉ်တင်သွင်းမှုအပေါ် အခွန်နှုန်းတိုးမြှင့်ထားသကဲ့သို့ ဇိမ်ခံပစ္စည်းများကိုလည်း
အခွန်ကောက်ခံရန် ဖြည့်စွက်ထားကြောင်း တွေ့ရသည်။

မော်တော်ယာဉ်တင်သွင်းမှုနှင့် ပတ်သက်ပြီး ၂၀၁၆ ဥပဒေအရ '၁၈၀၀ စီစီအထက် ဗင်ကားများ၊
ဆလွန်း၊ ဆီဒင်၊ ၀က်ဂွန်နှင့် ကူပေးကားများ' ဟုဖော်ပြကာ ကုန်းပေါ်ရောက် တန်ဖိုး၏
၂၅ ရာခိုင်နှုန်းကောက်ခံရန် ပြဋ္ဌာန်းခဲ့သော်လည်း ၂၀၁၇ ဥပဒေတွင်မူ အင်ဂျင်ပါဝါအလိုက်
အလွှာလေးမျိုးခွဲထားသည်။

၂၀၀၀ စီစီအထိရှိသော အထက်ပါ ယာဉ်အမျိုးအစားများအတွက် ၂၀ ရာခိုင်နှုန်း၊ ၂၀၀၀ စီစီမှ
၃၀၀၀ စီစီအထိ ယာဉ်များအတွက် ၂၅ ရာခိုင်နှုန်း၊ ၃၀၀၀ စီစီမှ ၄၀၀၀ စီစီအထိ ၃၀ ရာခိုင်နှုန်း၊
၄၀၀၀ စီစီ အထက်ယာဉ်များအတွက် ၅၀ ရာခိုင်နှုန်း ဖြင့် အလွှာလိုက်ခွဲခြားကာ အခွန်နှုန်း
တိုးမြှင့်ထားခြင်းဖြစ်သည်။

အခွန်ဥပဒေသစ်အရ အခြေခံပြည်သူများကို မထိခိုက်စေသော ပြဋ္ဌာန်းချက်အသစ်အဖြစ်
ဇိမ်ခံပစ္စည်းများအပေါ် အခွန် ငါးရာခိုင်နှုန်းကောက်ခံမည်ဖြစ်သည်။

"ပြည်သူ ပြည်သားတွေရဲ့ အလွန်အကျွံသုံးစွဲတာ ကို အခွန်နှုန်းနဲ့ ကန့်သတ်နိုင်ဖို့ အထူးကုန်စည်မှာ
ဇိမ်ခံပစ္စည်းတွေဖြစ်တဲ့ လျှပ်စစ်နဲ့ အီလက်ထရွန်းနစ်ပစ္စည်းတချို့၊ အလှကုန် ပစ္စည်းတွေ၊
ကားအလှဆင်ပစ္စည်းတွေကို ဖြည့်စွက်ထားပါတယ်"ဟု ဦးမောင်မောင်ဝင်းက ပြောသည်။

ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်သည့် ကုန်စည်များတွင်လည်း 'ရွှေ'ကို ထည့်သွင်းထားသည်။

ရွှေသည် အခြားသော ဆန်၊ ဆီ၊ ပဲ စသည့် စားသုံးကုန်များကဲ့သို့ စားသုံး၍ ကုန်ဆုံးသွားခြင်းမရှိဘဲ
အဆင့်ဆင့်လည်ပတ် သုံးစွဲရသော သဘောရှိသောကြောင့်ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက
ရှင်းလင်းတင်ပြခဲ့သည်။

ရွှေစင်၊ ရွှေချောင်း၊ ရွှေပြားတို့ ရောင်းဝယ်ခြင်းသည် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်မည်ဖြစ်သည်။

ရွှေထည်လက် ၀တ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေ အပေါ်ကောက်ခံသည့် အခွန်ကိုလည်း
ငါး ရာခိုင်နှုန်းမှ သုံး ရာခိုင်နှုန်းသို့ ပြင်ဆင် လျှော့ချထားကြောင်း ဖော်ပြထားသည်။

နောက်ထပ်ဖြည့်စွက်ချက်အဖြစ် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများက လှူဒါန်းငွေ၊ ထောက်ပံ့ငွေ၊
ချေးငွေတို့ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ကုန်သွယ် လုပ်ငန်းခွန်ကို စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာနက ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်ကြောင်း ဖော်ပြထားသည်။

ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသော လုပ်ငန်းများအတွက် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း
စုစုပေါင်းရောင်းရငွေ ကျပ်သိန်း ၂၀၀ အထိကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခဲ့ရာမှ
နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြံပြုချက်အရ အခွန်ကင်းလွတ်သည့် ပမာဏကို
ကျပ်သိန်း ၅၀၀ အထိ ပြင်ဆင်ပေးခဲ့သည်။

ဝင်ငွေခွန်အပိုင်းတွင် ၀န်ထမ်းများအငြိမ်းစား ယူလျင် ရရှိသော ပင်စင်နှင့် ကရုဏာကြေးတို့အတွက်
ဝင်ငွေခွန်ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။

ထူးခြားချက်အဖြစ် ပြည်တွင်း အခွန်များဦးစီးဌာနက ကောက်ခံသော အခွန် ရငွေ၏ တစ် ရာခိုင်နှုန်းကို
ယင်းဌာန၏ သာမန် အသုံးစရိတ်အဖြစ် ခွင့်ပြုစေရန်နှင့် အဆိုပါသာမန်သုံးငွေကို
လုပ်ငန်းတာဝန်ကျေပွန်သော အခွန်ဝန်ထမ်းများကို ဆုကြေးအဖြစ်ပေးနိုင်ရန် ပြဋ္ဌာန်းထားသည်။

လာမည့်ဘဏ္ဍာနှစ်အတွက် အခွန်အကောက်များကောက်ခံရရှိရန် လျာထားချက်မှာ ကျပ် ၆,၄၈၁
ဒသမ ၀၀၈ ဘီလျံဖြစ်သည်။

ယင်းပမာဏသည် ယခု၂၀၁၆ ဘဏ္ဍာနှစ်အတွက် မူလလျာထားသည့် ပမာဏ ၆,၂၁၈ ဒသမ
၃၂၉ ဘီလျံထက် ဘီလျံ ၂၆၀ ကျော် ပိုများခဲ့သော်လည်း ပြုပြင်ပြီးခန့်မှန်း ခြေစာရင်းနှင့် နှိုင်းယှဉ်လျှင်မူ
၃၂ ဘီလျံ လျော့နည်းနေသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်းက ပြောကြားသည်။

လက်ရှိတွင် အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်သို့တင်ပြခြင်းသာဖြစ်ပြီး
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက စိစစ်ကာ ဖေဖော်ဝါရီ ၈ ရက်တွင်
အစီရင်ခံစာတင်သွင်းရန် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်း ခိုင်သန်းက ပြောကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း