Monday, April 24, 2017

နေပြည်တော်ပျဉ်းမနားတွင် မိသားစုအစီအစဉ်ဖြင့် နွားလှည်းမောင်းပြိုင်ပွဲ ကျင်းပ

 ကြည်းအင်းကျေးရွာတွင် ပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင် နွားတစ်ကောင်ဖြင့် လှည်းမောင်းပြိုင်ပွဲဝင်နေသည်ကို တွေ့ရစဉ်။ ထူးသန့်/ မြန်မာတိုင်း(မ်)ကြည်းအင်းကျေးရွာတွင် ပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင် နွားတစ်ကောင်ဖြင့် လှည်းမောင်းပြိုင်ပွဲဝင်နေသည်ကို တွေ့ရစဉ်။ ထူးသန့်/ မြန်မာတိုင်း(မ်)

နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် ဒေသခံတစ်ဦးက နွားအရှဉ်း(အစုံ)
၈ဝ ပါဝင်ယှဉ်ပြိုင်သော နွားလှည်းပြိုင်ပွဲတစ်ခုကို ပြုလုပ်ပေးလျက်ရှိပြီး လာရောက်ကြည့်ရှုသည့်
ဝါသနာရှင်များကို ဧည့်ခံကျွေးမွေးလျက်ရှိသည်။

ပျဉ်းမနားမြို့နယ်၊ ရန်ကုန် မန္တလေးကားလမ်းဟောင်း(မြို့ရှောင်လမ်း)ဘေးရှိ ကြည်းအင်းကျေးရွာနေ
ဦးမင်းမင်းက ကမကထပြုလုပ်ကာ နွားလှည်းပြိုင်ပွဲကို ဧပြီ ၁ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သည်။

''ကျွန်တော်တို့ တောသူတောင်သားတွေမှာ ခိုင်းနွား ရှားပါးလာတဲ့ပြဿနာက အဓိကဗျ။ နွားတွေ
တအားရှားလာတယ်။ အခြားအကြောင်းရင်းလည်း ရှိမှာပေါ့။ ရည်ရွယ်ချက်က ကျွန်တော် ဒီလိုပွဲတွေ
လုပ်ပေးတဲ့အတွက် တောသူတောင်သားတွေ မျိုးကောင်းမျိုးသန့်နွားတွေကို မွေးမြူပြီး ဘယ်လို
ထိန်းကျောင်းပြုပြင်ရမယ်ဆိုတဲ့ အသိတွေရလာကြမယ်။ ကျွန်တော်ပေးချင်တဲ့ မက်ဆေ့ခ်ျက
အဲဒါပဲ''ဟု ဦးမင်းမင်းက ပြောသည်။

အဆိုပါ နွားလှည်းပြိုင်ပွဲသို့ အနီးဝန်းကျင်ရှိ ကျေးရွာများမှ လာရောက်ယှဉ်ပြိုင်သော
နွားများအပြင် သာစည်၊ ပျော်ဘွယ်၊ နတ်မောက်၊ ဖြူး၊ ကညွတ်ကွင်း၊ ရေနီ၊ သာဝတ္ထိစသည့်
ဒေသများမှ လာရောက်ယှဉ်ပြိုင်ကြသည့် နွားအရှဉ်း(အစုံ)စုစုပေါင်း ၈ဝ ရှိကြောင်း ၄င်းက
ပြောသည်။

ပြိုင်ပွဲတွင် ဒုန်း (အမြန်)ပြိုင်ပွဲကို လူကြိုက်များပြီး နေ့စဉ်ပတ်ဝန်းကျင်ဒေသ ပရိသတ်
ထောင်ဂဏန်းခန့် လာရောက်ကြည့်ရှုအားပေးကြကြောင်းလည်း ပြိုင်ပွဲတိုင်းကိုသွားရောက်
အားပေးလေ့ရှိသူ ဒေသခံဦမျိုးသန့်က ပြောသည်။ ''စိတ်အဝင်စားဆုံးကတော့ ဒုန်းပြိုင်ပွဲပဲဗျ။
ဒုန်းပြိုင်ပွဲဆိုရင်လူတော်တော်စည်တယ်။ ကျွန်တော်ထင်တာပြောရရင်တော့ ထောင်ဂဏန်း
လောက် ရှိမယ်''ဟု ၄င်းက ပြောသည်။

ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုသူ ပရိတ်သတ်များများကို နံနက် ၆ နာရီမှ ည ၉ နာရီအထိ
ထမင်းဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိရာ နေ့စဉ် လူဦးရေ ၄,၅ဝဝ မှ ၅,ဝဝဝ အထိ
ကျွေးမွေးဧည့်ခံလျက်ရှိသည်ဟု ဦးမင်းမင်းက ပြောသည်။

ပြိုင်ပွဲစည်းကမ်းချက်များအရ နွားဒုန်းပြိုင်ပွဲတွင် နွားတစ်ကောင် ခြေထောက်သို့မဟုတ်
လက်နာသွားပါက အခြားနွားဖြင့်အစားထိုးပြီးဆက်လက်ယှဉ်ပြိုင်ခွင့် မရှိသောကြောင့်
ဧပြီ ၃ ရက် ပြိုင်ပွဲတွင် နွားနှစ်ကောင်ဆွဲရမည့်လှည်းကို နွားတစ်ကောင်တည်းဖြင့်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း တွေ့ရသည်။ ခြေထောက်နာသွားသည့် နွားနေရာတွင်
အခြားသောနွားတစ်ကောင်ဖြင့် အစားထိုးကာ ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်ကို
အနိုင်ရခဲ့သော်လည်း အရှုံးသတ်မှတ်ပေးခဲ့သည်ကို တွေ့ရသည်။

''ကျွန်တော်တို့ပြိုင်ပွဲ စည်းကမ်းအရပေါ့ဗျာ။ ဒီလိုနွားဒုန်းပြိုင်သွားတယ်။ နွားတစ်ကောင်
လက်နာသွားတယ်။ တခြားနွားလဲခွင့် မရှိဘူး။ ဒါကို ဂျော်ကီ(နွားလှည်းကိုမောင်းနှင်သူ)က
တခြားနွားနဲ့လဲပြီး ပြိုင်ခဲ့တယ်။ အဲဒီတော့ သူ့ကိုပြိုင်ပွဲစည်းကမ်းအရ အရှုံးလို့ ကော်မတီက
ဆုံးဖြတ်ခဲ့တယ်''ဟု ဦးမင်းမင်းက ပြောသည်။

နွားတစ်ကောင်တည်းဖြင့် ဆက်လက်ယှဉ်ပြိုင်လိုက ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲကျင်းပရေး
ကော်မတီသည် ပြိုင်ပွဲစတင်ကတည်းက ယှဉ်ပြိုင်မည့်နွားများနှင့် မောင်းနှင်သူကို
ဓာတ်ပုံမှတ်တမ်းများဖြင့် မှတ်တမ်းတင်ထားသည်။

ပြိုင်ပွဲတွင် ဒုန်း(အမြန်)ပြိုင်ပွဲနှင့် ဗလာကြိုးပြိုင်ပွဲဟူ၍ နှစ်မျိုးရှိသည်။ ဒုန်းပြိုင်ပွဲတွင်
အကြီးတန်း(နွား) ပြိုင်ပွဲ၊ အလတ်တန်း(နွား)ပြိုင်ပွဲနှင့် အငယ်တန်း(နွား)ပြိုင်ပွဲဟု
သတ်မှတ်ထားကြောင်း ဦးမင်းမင်းက ပြောသည်။ ဒုန်းပြိုင်ပွဲသည် နွားလှည်းဖြင့်
အမြန်ပြိုင်မောင်းရသော ပြိုင်ပွဲဖြစ်ပြီး ရှေ့ကပန်းဝင်သည့် ပြိုင်ပွဲဝင်နွားလှည်းကို
အနိုင်ပေးခြင်းဖြစ်သည်။ ဗလာကြိုးပြိုင်ပွဲမှာမူ လှည်းမပါဘဲ နွားချည်းသက်သက်ဖြင့်
အလှမောင်း(ကြိုးလျှောက်)ပြိုင်ရခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် ဆုများအဖြစ် ပထမဆုကျပ် ငါးသိန်း၊ ဒုတိယဆု ကျပ်လေးသိန်းနှင့် တတိယဆု
ကျပ်သုံးသိန်း ချီးမြင့်မည်ဖြစ်သည်။ ကြည်းအင်းကျေးရွာတွင် နွားလှည်းပြိုင်ပွဲကို
မိသားစုအစီအစဉ်ဖြင့် ဦးမင်းမင်းက ဒုတိယအကြိမ် ကျင်းပပေးခဲ့ခြင်းဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း