နေပြည်တော်ရှိ ဈေးဝယ်စင်တာကြီး နှစ်ခုနှင့် ပျဉ်းမနားမြိုမဈေးတို့တွင် တရားမ၀င် ဓာတုပစ္စည်းနှင့် ဆိုးဆေးများ ပါဝင်သော အစားအသောက်များ FDA တွေ့ရှိ

နေပြည်တော်ရှိ ဈေးဝယ်စင်တာကြီး နှစ်ခုဖြစ်သော ဂျန်းရှင်းစင်တာ (Junction Center)နှင့်
အိုးရှင်းစူပါစင်တာ(Ocean Super Center) တို့အပါအ၀င် ပျဉ်းမနားမြို့မဈေးတို့တွင်
တရားမ၀င် ဓာတုပစ္စည်းနှင့် ဆိုးဆေးများပါဝင်သော အစားအသောက်များကို တွေ့ရှိခဲ့ကြောင်း
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး
ဒေါက်တာ ထွန်းလင်းအောင်က မေလ ၁၁ရက်နေ့က ပြောကြားလိုက်သည်။

ပြီးခဲ့သည့် မတ်လ ၂၉နှင့် ၃၀ရက်တို့တွင် အဆိုပါ ဂျန်းရှင်းစင်တာနှင့် အိုးရှင်းစူပါစင်တာတို့အတွင်း
လည်ကောင်း၊ မေလ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ပျဉ်းမနားမြို့မဈေးအတွင်း လည်းကောင်း
ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အစားအသောက်နမူနာက ဂျန်းရှင်း၊ Capital နဲ့ အိုးရှင်းကုန်တိုက် သုံးခုမှာ ၇၅ မျိုး စစ်ဆေးပြီးတော့
အဲ့ဒီအထဲမှာ ခွင့်မပြုဆိုးဆေးတွေနဲ့ ဓာတုဗေဒပစ္စည်းပါတာ နှစ်မျိုးတွေ့တယ်၊ ဘယ်ကနေတွေ့လဲ
ဆိုတော့ Capitalက စစ်တဲ့ အစားအသောက်တွေကနေ တစ်ခုမှမတွေ့ဘူး၊ သွားတွေ့တာက
ဂျန်းရှင်းနဲ့ အိုးရှင်းမှာတွေ့တယ်”ဟု ၄င်းက ပြောသည်။

ဂျန်းရှင်းစင်တာရှိ ကုန်ပစ္စည်းအမှတ်တံဆိပ်မဲ့ ခရမ်းချဉ်သီးခြောက်နှင့် အိုးရှင်းစူပါစင်တာရှိ
WaO အမှတ်တံဆပ်ဖြင့် ထုတ်လုပ်သော ချယ်ရီသီးခြောက် Preserved Fruit(Cherry Red)တို့တွင်
Rhodamine B ဟုခေါ်သည့် ခွင့်မပြုဓာတုပစ္စည်းနှင့် ဆိုးဆေးများ အသုံးပြုမှုကို စစ်ဆေးတွေ့ရှိခဲ့ပြီး
Capital Hyper Market ရှိ စားသောက်ကုန်များတွင်မူ ထိုဆိုးဆေးများ ပါဝင်မှုမတွေ့ရှိခဲ့ရကြောင်း
ဒေါက်တာထွန်းလင်းအောင်က ဆိုသည်။

“Capital ကတော့ ကျေနပ်စရာကောင်းပါတယ်၊ ဂျန်းရှင်းနဲ့ အိုးရှင်းတွေကို အဲ့ဒီအတွက်ကြောင့်
သက်ဆိုင်ရာ မန်နေဂျာများဆီကို စာပို့ပါမယ်၊ ပြီးရင် ဈေးကွက်ထဲက ချက်ချင်းဖယ်ခိုင်းပါမယ်” ဟု
၎င်းက ပြောသည်။

ဒုတိယအကြိမ် စစ်ဆေးသည့်အခါတွင်လည်း ထိုသို့သော စားသောက်ကုန်ပစ္စည်းများကို
အထူးသတိထားပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးက ဆိုသည်။

“ဒုတိယအကြိမ်စစ်ဆေးလို့ ဒီလိုစားသောက်ကုန်တွေ ဆက်တွေ့နေရင်တော့
နိုင်ငံပိုင်သတင်းစာကနေ တစ်ခါတည်း အဲ့ဒီတံဆိပ်တွေကို အရောင်းပိတ်ပစ်လိုက်မယ်၊ အခုလည်း
ဈေးကွက်က ဖယ်ဆိုရင်တော့ အဲ့ဒီမှာ ဆက်ရောင်းချလို့ မရတော့ဘူး၊ ဆက်ရောင်းချလို့
မရတဲ့အတွက်ကြောင့် ပိုင်ရှင်အနေနဲ့ ဆိုးဆေးမပါအောင် ပြန်ပြီး ထုတ်လုပ်ပြီး ဈေးကွက်ထဲကို
ပြန်ထည့်ရမယ်၊ နောက်တစ်ကြိမ်မှာ ပြန်စစ်လို့ တွေ့တယ်ဆိုရင်တော့ ထုတ်လုပ်တဲ့ ပိုင်ရှင်ကိုလည်း
ခြောက်လဆိုရင် ခြောက်လ ရောင်းချခွင့်ပိတ်မယ်” ဟု ၄င်းက ပြောသည်။

ခွင့်မပြုဆိုးဆေးဖြစ်သည့် Rhodamine B ပါဝင်သည့် စားသောက်ကုန်များကို စားသုံးမိပါက
ကင်ဆာရောဂါ ဖြစ်စေနိုင်သည့်အပြင် ပြို့ခြင်း၊ အန်ခြင်း၊ မူးဝေခြင်းနှင့် ၀မ်းလျှောခြင်းစသည့်
ဓာတုဗေဒအဆိပ်သင့်မှုများကို ဖြစ်စေနိုင်သည်။

ထို့အပြင် ပျဉ်းမနားမြို့မဈေးရှိ ရောင်းချနေသော စားသောက်ကုန် ၁၂ မျိုးအနက် ၁၁ မျိုးတွင်
Rhodamine B ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ဒုတိယညွှန်ကြားရေးမှူးက ဆိုသည်။

“ပျဉ်းမနားဈေးမှာ စစ်လိုက်တော့ ငါးပိမှာလည်း Rhodamine B များပါဝင်နေတာကို တွေ့ရတယ်၊
လူတိုင်းက မထည့်သင့်တာကို ငပိထဲမှာ သွားတွေ့တယ်၊ ဒါကြောင့် လက်ဖက်၊ ငါးပိနဲ့
ကွမ်းသီးတွေကို ဓာတုဗေဒပစ္စည်းနဲ့ ဆိုးဆေးတွေ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးဖို့က ကျွန်တော်တို့ရဲ့
အဓိကလုပ်ဆောင်ရမယ့် အချက်တွေဖြစ်ပါတယ်” ဟု မေလ ၈ ရက်နှင့် ၉ ရက်နေ့များက
ပျဉ်းမနားမြို့ရှိ မြို့မဈေးသို့ သွားရောက် စစ်ဆေးရာတွင်လည်း ကွမ်းသီး၊ ကွမ်းရွက်နှင့်
ဆက်စပ်ပစ္စည်းများ လက်ကားအရောင်းဆိုင်တစ်ဆိုင်၌ ကွမ်းသီးတွင် လူကို သေစေနိုင်သည်အထိ
ဆိုးကျိုးဖြစ်ပေါ်စေနိုင်သော ချွတ်ဆေးအမျိုးအစားဖြစ်သည့် ဆိုဒီယမ်ဟိုက်ထရိုဆာလဖိုက်ကို
တွေ့ရှိခဲ့ကြောင်း ဒေါက်တာထွန်းလင်းအောင်က ဆိုသည်။

“နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ရောင်းချနေတဲ့ ကွမ်းသီးအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းမှာ
ဆိုဒီယမ်ဟိုက်ထရိုဆာလဖိုက်ပါတယ်၊ အဲ့ဒါက ချွတ်ဆေး၊ သဘာဝကွမ်းသီးက အရမ်းမာတယ်၊
အဓိကကတော့ သွားနဲ့ ၀ါးလို့အဆင်ပြေအောင် အရမ်းမာတဲ့ အရာကို ပြုလုပ်ကြတယ်၊
သဘာဝအတိုင်းရေနဲ့ ပြုတ်မယ်ဆိုရင် ခုနစ်နာရီလောက်ကြမယ်၊ ဆိုဒီယမ်ဟိုက်ထရိုဆာလဖိုက်ကို
ထည့်ပြီး ရေစိမ်လိုက်မယ်ဆိုရင် ကွမ်းသီးအရောင်ကလည်း လှသွားမယ်၊ ပြီးရင် အိနေမယ်၊
အဖန်ဓာတ်တွေလည်း လျော့မယ်” ဟု ၄င်းက ပြောသည်။

ထိုသို့သော ချွတ်ဆေး အသုံးပြုသည့် ကွမ်းသီးများကို လတ်တစ်လောတွင် ဈေးကွက်အတွင်း
ဖျောက်လို့ မရသေးသော်လည်း လက်ကားအရောင်းဆိုင်များကို ဆိုးကျိုးပါဝင်နေကြောင်း
အသိပညာများသာ ပေးခဲ့သည်ဟု ဒေါက်တာထွန်းလင်းအောင်က ဆိုသည်။

“အဓိကကတော့ ပညာပေးပေါ့၊ ချက်ချင်းကြီး ထောင်ထဲ တန်းထည့်လို့ မရပါဘူး” ဟု
၎င်းက ပြောသည်။

ဆိုဒီယမ်ဟိုက်ထရိုဆာလဖိုက်ကို အရောင်ချွတ်ခြင်းနှင့် တာရှည်ခံခြင်းတို့အတွက် ကနေဒါ၊ ဂျပန်နှင့်
ကိုရီးယားနိုင်ငံများတွင် ပုစွန်၊ ဂဏန်းစသော အသားစိမ်း၊ ငါးစိမ်းများကို နိုင်ငံခြားသို့ တင်ပို့သည့်အခါ
တာရှည်ခံနိုင်ရန် အသုံးပြုလေ့ရှိကြသည်။

“ဆိုဒီယမ်ဟိုက်ထရိုဆာလဖိုက်ကို ထည့်သွင်း အသုံးပြုရမယ့် ပမာဏက ယူနစ်အရ ၁၀၀ ထက်
မပိုရဘူး၊ အခု ကွမ်းသီးမှာ ဆိုဒီယမ်ဟိုက်ထရိုဆာလဖိုက်ကို စစ်လိုက်တော့ ပမာဏက
ယူနစ် ၅၀၀ နဲ့အထက်မှာ ဖြစ်နေတယ်၊ မြန်မာနိုင်ငံမှာ တစ်ယူနစ်တောင် သုံးလို့ကို မရဘူး၊
သုံးခွင့်မရှိဘူး” ဟု ဒုတိယညွှန်ကြားရေးမှူး က ပြောသည်။

ထိုသို့ကဲ့သို့ လူကို အသက်ဆုံးရှုံးစေနိုင်သည့် ဆိုဒီယမ်ဟိုက်ထရိုဆာလဖိုက်(ချွတ်ဆေး)နှင့်
ပတ်သက်ပြီး စားသောက်ကုန်များတွင် လုံးဝအသုံးမပြုကြရန် မဂ္ဂဇင်းများတွင် ရေသားပြီး
ပြည်သူများအား အသိပညာပေးသွားမည်ဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကွမ်းသီးအဓိက စိုက်ပျိုးရာ နေရာဒေသများမှာ တောင်ငူနှင့် ပြည်တို့ဖြစ်ပြီး
တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးလျက်ရှိသည်။

“အခုကွမ်းသီးနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတစ်စောင်ကို ပြည်ကနေ တက်လာတယ်၊ အဲ့ဒီဘက်က
အဓိက ထွက်တာ၊ ဒါကြောင့်မို့ ပြည်မှာရှိတဲ့ ကွမ်းသီးနမူနာတွေကို စစ်ပြီး အခုဓာတ်ခွဲခန်း
ပို့ထားတယ်၊ ဆိုဒီယမ်ဟိုက်ထရိုဆာလဖိုက်ပါပြီဆိုရင် အဲ့ဒီ အရင်းအမြစ်ကို ကျွန်တော်တို့က
လိုက်မယ်၊ တောင်ငူကိုလည်း ဒီတစ်ပတ်ထဲမှာ စစ်ခိုင်းထားတယ်” ဟု ဒေါက်တာထွန်းလင်းအောင်က
ပြောသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ကွမ်းသီးနှင့် ငါးပိများတွင် ဓာတုပစ္စည်းနှင့်
ဆိုးဆေးများ အသုံးပြုမှုရှိ၊ မရှိကိုလည်း အခြားသော တိုင်းနှင့် ပြည်နယ်များတွင် စီမံချက်
ချမှတ်စစ်ဆေးသွားမည်ဖြစ်သည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစီအစဉ်ရှိပါတယ်၊ ကျွန်တော်တို့ ရုံးခွဲတွေ အကုန်လုံးကို
ဒီလို အစားအသောက်တွေနဲ့ပတ်သက်ပြီး ဈေးကွက်ထောက်လှမ်းပါ၊ နမူနာပို့ပါဆိုပြီး လုပ်မှာပါ၊
ဒီတစ်ပတ်အတွင်းပဲ စမှာပါ” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း