သံအမတ်ကြီး ဒေါက်တာလှမောင်က ပျဉ်းမနားမြို့ရှိ ဘိုးဘွားများအား လှူဒါန်းခြင်းနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုခြင်း ပြုလုပ်

သံအမတ်ကြီးဒေါက်တာလှမောင် ထူးချွန်ကျောင်းသူတစ်ဦးကို ဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေများပေးအပ်နေစဉ်။ ပြည့်သက်ဖြိုး/မြန်မာတိုင်း(မ်)သံအမတ်ကြီးဒေါက်တာလှမောင် ထူးချွန်ကျောင်းသူတစ်ဦးကို ဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေများပေးအပ်နေစဉ်။ ပြည့်သက်ဖြိုး/မြန်မာတိုင်း(မ်)

နေပြည်တော် ပျဉ်းမနားမြို့နယ်အသင်း(ရန်ကုန်)၏ ဦးစီးနာယကဖြစ်သူ သံအမတ်ကြီး
ဒေါက်တာလှမောင်က ပျဉ်းမနားမြို့ရှိ အဘိုး၊ အဘွား ၁၂၅ ဦးတို့အား လှူဒါန်းခြင်းနှင့်
၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်  ထူးချွန်စွာအောင်မြင်ခဲ့ကြသော
ကျောင်းသား၊ ကျောင်းသူ ၄၂ ဦးတို့အား ဂုဏ်ပြု ချီးမြှင့်ခြင်းကို မေလ ၁၄ ရက်နေ့က ပျဉ်းမနားမြို့၊
မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ပြုလုပ်ခဲ့သည်။

အဘိုး၊ အဘွား တစ်ဦးလျှင် ငွေကျပ် ၂၅,၀၀၀ ကျပ်စီနှင့် စောင်အပါအ၀င် လိုအပ်သည့်
အသုံးအဆောင်များကို လှူဒါန်းခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားတစ်ဦးလျှင် ချီးမြှင့်ငွေကျပ် ၁၅၀၀၀ စီနှင့်
ဂုဏ်ပြုဆုတံဆိပ်များကို ပေးအပ်ခဲ့သည်။

“နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးဖို့က နိုင်ငံတော်အစိုးရချည်းပဲ လုပ်နေလို့မရဘူး၊ တစ်ဦးချင်း တစ်ယောက်ချင်း
နိုင်ငံသားတွေက ၀ိုင်းကူလုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့” ဟု သံအမတ်ကြီး ဒေါက်တာလှမောင်က
လှူဒါန်း၊ ချီးမြှင့်ရခြင်းနှင့် ပတ်သတ်ပြီး ပြောကြားသည်။

အာရှနှင့် ဥရောပနိုင်ငံပေါင်း ကိုးနိုင်ငံတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် သံအမတ်ကြီး
ဒေါက်တာလှမောင်သည် ‘သံအမတ်ကြီးဒေါက်တာလှမောင်ဖောင်ဒေးရှင်း’ ကိုလည်း
တည်ထောင်ထားသူ တစ်ဦးလည်းဖြစ်ပြီး ယခု အဘိုး၊ အဘွားများအား လှူဒါန်းခြင်းနှင့်
ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

၎င်းသည် ပညာရေးကို အားပေးသူဖြစ်သည့်အတွက် မြန်မာကျောင်းသား၊ ကျောင်းသူလူငယ်များကို
ကမ္ဘာပေါ်တွင် ထင်ပေါ်ကျော်ကြားသော ပညာရှင်များ ဖြစ်စေလိုကြောင်းလည်း အဆိုပါအခမ်းအနား၌
ပြောကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း