နေပြည်တော်ဈေးဝယ်စင်တာများတွင် ဓာတုပစ္စည်းနှင့် ဆိုးဆေးပါဝင်သော အစားအသောက်များ တွေ့ရှိ

နေပြည်တော်ရှိ ဈေးဝယ်စင်တာ တစ်ခုတွင် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများကို ယခုလ ၁၆ ရက်က တွေ့ရစဉ်။ ပြည့်သက်ဖြိုး/မြန်မာတိုင်း(မ်)နေပြည်တော်ရှိ ဈေးဝယ်စင်တာ တစ်ခုတွင် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများကို ယခုလ ၁၆ ရက်က တွေ့ရစဉ်။ ပြည့်သက်ဖြိုး/မြန်မာတိုင်း(မ်)

နေပြည်တော်ရှိ ဈေးဝယ်စင်တာကြီးတချို့နှင့် ပျဉ်းမနားမြို့မဈေးတွင် ဓာတုပစ္စည်းနှင့် ဆိုးဆေးများ
ပါဝင်သည့် အစားအသောက်များ တွေ့ရှိခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊
ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းလင်းအောင်က ယခုလ ၁၁ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် မတ် ၂၉ ရက်၊ ၃၀၊ မေ ၈ နှင့် ၉ ရက်များတွင် ဈေးများကို ရှောင်တခင် ၀င်ရောက်
စစ်ဆေးခဲ့ရာ တရားမ၀င် ဓာတုဆေးများ ပါဝင်သည့် အစားအသောက်များ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု
၎င်းက ပြောသည်။

"အစားအသောက်နမူနာက ဈေးဝယ်စင်တာ သုံးခုမှာ ၇၅ မျိုး စစ်ဆေးပြီးတော့ အဲဒီအထဲမှာ
ခွင့်မပြုဆိုးဆေးတွေနဲ့ ဓာတုဗေဒပစ္စည်းပါတာ နှစ်မျိုးတွေ့တယ်" ဟု ဒေါက်တာထွန်းလင်းအောင်က
ပြောသည်။

WaO အမှတ်တံဆပ်ဖြင့် ထုတ်လုပ်သော ချယ်ရီသီးခြောက် Preserved Fruit (Cherry Red)
များတွင် Rhodamine B  ဟုခေါ်သည့် တရားမ၀င် ဓာတုပစ္စည်းနှင့် ဆိုးဆေးများအသုံးပြုမှုကို
စစ်ဆေးတွေ့ရှိခဲ့ပြီး Capital Hyper Market ရှိ စားသောက်ကုန်များတွင်မူ ထိုဆိုးဆေးများပါဝင်မှု
မတွေ့ရှိခဲ့ရဟု ဆိုသည်။

"ဒုတိယအကြိမ်စစ်ဆေးလို့ ဒီလိုစားသောက်ကုန်တွေ ဆက်တွေ့နေရင်တော့ နိုင်ငံပိုင်သတင်းစာကနေ
တစ်ခါတည်း အဲဒီတံဆိပ်တွေကို အရောင်းပိတ်ပစ်လိုက်မယ်၊ အခုလည်း ဈေးကွက်ကဖယ်ဆိုရင်တော့
အဲဒီမှာ ဆက်ရောင်းချလို့ မရတော့ဘူး။ နောက် တစ်ကြိမ်ပြန်စစ်လို့ တွေ့တယ်ဆိုရင်တော့
ထုတ်လုပ်တဲ့ ပိုင်ရှင်ကို ခြောက်လဆိုရင် ခြောက်လ ရောင်းချခွင့်ပိတ်မယ်" ဟု
ဒေါက်တာထွန်းလင်းအောင်ကပြောသည်။

ပျဉ်းမနားမြို့မဈေးတွင် ရောင်းချနေသော စားသောက်ကုန် ၁၂ မျိုးအနက် ၁၁ မျိုးတွင် Rhodamine B
ပါဝင်နေသည် ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ဒေါက်တာထွန်းလင်းအောင်။ဒေါက်တာထွန်းလင်းအောင်။

"ပျဉ်းမနားဈေးမှာ စစ်လိုက်တော့ ငါးပိမှာလည်း Rhodamine B များ ပါဝင်နေတာကို တွေ့ရတယ်။
လူတိုင်းက မထည့်သင့်တာကို ငပိထဲမှာ သွားတွေ့တယ်၊ ဒါကြောင့် လက်ဖက်၊ ငါးပိနဲ့
ကွမ်းသီးတွေကို ဓာတုဗေဒပစ္စည်းနဲ့ ဆိုးဆေးတွေပါဝင်မှုရှိ၊ မရှိ စစ်ဆေးဖို့က ကျွန်တော်တို့ရဲ့
အဓိကလုပ်ဆောင်ရမယ့် အချက်တွေဖြစ်ပါတယ်" ဟု ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

ပျဉ်းမနားမြို့မဈေးသို့ သွားရောက် စစ်ဆေးရာတွင် ကွမ်းသီး၊ ကွမ်းရွက်နှင့် ဆက်စပ်ပစ္စည်းများ
လက်ကားအရောင်းဆိုင် တစ်ဆိုင်၌ လူကိုသေစေနိုင်သည်အထိ ဆိုးကျိုးဖြစ်ပေါ်စေနိုင်သော
ချွတ်ဆေးအမျိုးအစား ဖြစ်သည့် ဆိုဒီယမ်ဟိုက်ထရို ဆာလ်ဖိုက်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ကွမ်းသီးနှင့် ငါးပိများတွင် ဓာတုပစ္စည်းနှင့်
ဆိုးဆေးများ အသုံးပြုမှုရှိ၊ မရှိကို အခြားသော တိုင်းနှင့် ပြည်နယ်များတွင်လည်း စီမံချက်ချမှတ်
စစ်ဆေးသွားမည်ဟု ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

"တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ ရုံးခွဲတွေအကုန်လုံးကို ဒီလို
အစားအသောက်တွေနဲ့ ပတ်သက်ပြီး ဈေးကွက်ထောက်လှမ်းပါ။ နမူနာပို့ပါဆိုပြီး လုပ်မှာပါ။
ဒီတစ်ပတ်အတွင်းပဲ စမှာပါ" ဟု ၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း