ဖမ်းဆီးခံသတင်းသမားများ ပြန်လည်လွတ်မြောက်ရေး အတွက် မကွေးသတင်းထောက်များ ဝတ်ပြုဆုတောင်း

 ဆုတောင်းပွဲတွင် လက်ပတ်ဖြူဝတ်ဆင်ပါဝင်ခဲ့သည့် မကွေးမြို့မှ သတင်းထောက်တစ်ဦးကို တွေ့ရစဉ်။ နေအောင်/ မြန်မာတိုင်း(မ်)ဆုတောင်းပွဲတွင် လက်ပတ်ဖြူဝတ်ဆင်ပါဝင်ခဲ့သည့် မကွေးမြို့မှ သတင်းထောက်တစ်ဦးကို တွေ့ရစဉ်။ နေအောင်/ မြန်မာတိုင်း(မ်)

သတင်းမီဒီယာလွတ်လပ်ခွင့်ရရှိရန်၊ ဖမ်းဆီးခံထားရသည့် The Voice သတင်းစာအယ်ဒီတာနှင့်သရော်
စာရေးသားသူတို့ကို အမြန်ဆုံးပြန်လည်လွတ်မြောက်ရန်ဝတ်ပြုဆုတောင်းပွဲကို မကွေးမြို့ မြသလွန်
စေတီတော်တွင် ဇွန် ၁၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

'ကျည်ထောင်စုသစ္စာ'သရော်စာရေးသားခဲ့သည့်ဆောင်းပါးရှင်နှင့် အဆိုပါဆောင်းပါးအားဖော်ပြခဲ့သည့်
သတင်းစာမှအယ်ဒီတာတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုဖမ်းဆီးခဲ့ခြင်းကို
ပြန်လည် လွတ်မြောက်ရေးအတွက် မကွေး အခြေစိုက်သတင်းထောက်များက ဝတ်ပြုဆုတောင်းခဲ့ခြင်း
ဖြစ်သည်ဟု အဆိုပါ ဆုတောင်းပွဲကို ဦးဆောင်ခဲ့သူ DVB သတင်းဌာန၊ မကွေးအခြေစိုက်သတင်းထောက်
ကိုဇော်ဖေက ပြောသည်။

''၆၆(ဃ)ဆိုတာ သတင်းမီဒီယာသမားတွေအတွက်တော့ ငှက်တစ်ကောင်ကို အတောင်တွေညှပ်ပြီး
လွှတ်ပေးလိုက်သလိုပါပဲ။ အဲဒီလိုကြိုးချည်ထားတဲ့ ၆၆(ဃ)ကိုကျွန်တော်တို့သတင်းသမားတွေအနေနဲ့
အလိုမရှိဘူး ကန့်ကွက်တယ်၊ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ဖြစ်လည်းမဖြစ်သင့်တော့ဘူးပေါ့''ဟု
အဆိုပါပွဲကိုပြုလုပ်ရခြင်းဖြင့်ပတ်သက်၍ ပြောသည်။

အဆိုပါပွဲတွင် မကွေးအခြေစိုက်သတင်းသမားများအပါအဝင်သတင်းမီဒီယာလွတ်လပ်ခွင့်အား
လိုလားသည့် တက်ကြွလှုပ်ရှားသူများက 'သတင်းလွတ်လပ်ခွင့်ရှိရမည်'ဟူသည့် စာတန်းပါရှိသည့်
လက်ပတ်ဖြူများကို လက်မောင်းတွင် စည်းနှောင်၍ ဝတ်ပြုဆုတောင်းကြသည်။

''သတင်းသမားတွေက လွတ်လွတ်လပ်လပ်ရှိတယ်၊ ရေးတယ်ဆိုရင်လည်း ဘက်မျှအောင်ရေးကြ
တယ်၊ သတင်းသမားအစစ်အမှန်တွေက ဘယ်ဘက်ကိုမှ ဘက်မလိုက်ဘူး၊ သတင်းကိုပဲ တင်ပြတယ်၊
ဒါကြောင့် သတင်းသမားတွေရဲ့လွတ်လပ်ခွင့်ကိုပိတ်ပင်ထားတဲ့ ပုဒ်မ ၆၆(ဃ) မရှိသင့်ဘူး။ ဖမ်းဆီး
ခံထားရတဲ့ သတင်းသမားတွေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းတဲ့အနေနဲ့ ပါဝင်ခြင်းပါ''ဟု
မြန်မာဂျာနယ်လစ် ကွန်ရက်(မကွေး)မှ တာဝန်ရှိသူ ဦးမြင့်ဇော်ဦးက ပြောသည်။

သတင်းထောက်များအပေါ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုနေခြင်းကို
ကန့်ကွက်ရှုတ်ချသည့်လှုပ်ရှားမှုတစ်ရပ် မြေလတ်ဒေသသတင်းသမားများ ပူးပေါင်း၍
ဇွန် ၁ဝ ရက်က ပဲခူးတိုင်း အနောက်ပိုင်းပြည်မြို့တွင်လည်း ပြုလုပ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း