ပရဆေး ပြည်ပတင်ပို့မှု ၃၀ ရာခိုင်နှုန်းတိုး

မြန်မာနိုင်ငံ၏ ပရဆေးပြည်ပတင်ပို့မှု ၀င်ငွေမှာ တစ်နှစ်အတွင်း (၃၀)ရာခိုင်နှုန်းခန့် ပိုရရှိခဲ့ကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက
ပြောကြားလိုက်သည်။

ယခုလ(၂၇)ရက်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသော
ဒုတိယအကြိမ်အမျိုးသား လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၁ရက်မြောက်နေ့တွင် ယင်းကဲ့သို့
ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပနိုင်ငံများသို့ ပရဆေးတင်ပို့မှုမှ ရရှိသော နိုင်ငံခြားဝင်ငွေပမာဏမှာ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇
ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁၂သန်းခန့် (တန်ချိန်၂၁၁၅၉ ဒသမ ၇၀၃တန်) ရရှိခဲ့ပြီး
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၉သန်းခန့် (တန်ချိန် ၁၄၉၁၈ ဒသမ ၈၈၁ တန်)
ရရှိခဲ့သည်ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

အဆိုပါကိစ္စကို မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း
(ကန်တုန်)၏ မြန်မာနိုင်ငံအနှံ့အပြား တောင်ပေါ်မြေပြန့်ရှိ အသုံးချ သဘာဝသယံဇာတအပင်နှင့်
ဆေးပစ္စည်းတို့အား စနစ်တကျ စိုက်ပျိုးထုတ်လုပ်၍ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်ပပို့ကုန်များအဖြစ်
ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ပြည်ထောင်စု ၀န်ကြီးဒေါက်တာမြင့်ထွေးက
ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၎င်းက မြန်မာနိုင်ငံအတွင်း စိုက်ပျိုးထွက်ရှိနေသော နနွင်းတက်၊ ကွမ်းစားဂမုန်း၊ စံကားပန်းပွင့်ခြောက်၊
ဖန်ခါးသီးခြောက်၊ ကြောင်လျှာစေ့၊ ကြောင်ပန်းစေ့၊ နေလဲစေ့၊ ခပေါင်းစေ့၊ စမုန်နက်၊ တောချင်း၊
ရွေးရွက်၊ နနွင်းခေါက်၊ မာလာဥ၊ တောဂျူးမြစ်၊ ဆေးမြင်းခွာ၊ ချဉ်ပေါင်ဖာလာများကိုလည်း
ကုန်သွယ်ဖက်နိုင်ငံများသို့ ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရန် ပို့ကုန်လိုင်စင်များကို
ထုတ်ပေးလျှက်ရှိကြောင်း အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း