သင်္ကြန်ကာလအတွင် အထူးရထား ပြေးဆွဲမည့် အစီအစဉ် မသိရသေး

ယခုနှစ် သင်္ကြန်ကာလအတွင်း မန္တလေး- ရန်ကုန် အထူးရထားများပြေးဆွဲမည့် ညွှန်ကြားချက်
မသိရသေးကြောင်း နေပြည်တော်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးက ဧပြီလ ၂ ရက်နေ့တွင်
မြန်မာတိုင်း(မ်)ကို ပြောသည်။

"လောလောဆယ်တော့ အထက်က ညွှန်ကြားချက် မလာသေးတဲ့အတွက် ပြေးဆွဲမယ်၊ မပြေးဆွဲ
ဘူးဆိုတာ မသိရ သေးဘူး။ တစ်ပတ်အတွင်းတော့ သိရမှာပါ"ဟု ၎င်းက ပြောသည်။

နှစ်သစ်ကူးကာလအတွင်း သင်္ကြန် အထူးရထားများ နှစ်စဉ် အကျနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ
အစုန်၊ အဆန် ပြေးဆွဲလျက်ရှိသည်။

"ဒီနှစ်မှာ အစီအစဉ်မရှိဘူးဆိုရင် တော့ ပုံမှန်အတိုင်း ပြေးဆွဲ မှာပါ"ဟု အထက်ပါတာဝန်ရှိသူက
ပြောသည်။

ထို့ပြင် အဆိုပါသင်္ကြန်အထူးရထားများ ပြေးဆွဲခြင်းကို လွန်ခဲ့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းက
တည်းက စတင်ခဲ့သည်ဟုလည်း ပျဉ်းမနားဘူတာမှ ရုံပိုင် ဦးမြင့်သိန်းက ပြောသည်။

"သင်္ကြန်အတွင်းမှာလည်း ဘုရားဖူး သွားတာတို့၊ အိမ်ပြန်တာတို့၊ အလည်သွားကြတာတွေကြောင့်
စီးတဲ့သူတွေက ၃၀၀ ကျော်လောက် ရှိပါတယ်။ အထူးသဖြင့် ပျဉ်းမနားဘူတာမှာ ရထားရပ်နားခွင့်
ပြန်ပေးလိုက်တာကြောင့်ပါ" ဟု ၎င်းက ပြောသည်။

၂၀၁၀-၁၁ ခုနှစ်က နေပြည်တော် ဘူတာကြီးဖွင့်ပြီးနောက်ပိုင်း ပျဉ်းမနား ဘူတာ၌ သုံးမိနစ်ကြာ
ရထားရပ်နားခွင့်ကို တားမြစ်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရပ်နားရန်
ပြန်လည်ခွင့်ပြုခဲ့သည့်အတွက် ရထားစီးခရီးသည် အရေအတွက်မှာ တစ်ရက်လျှင် ၉၀၀ ၀န်းကျင်
အထိရှိ သည်ဟုလည်း ၎င်းကပြောသည်။

အခြားကာလများတွင် ရထားစီး ခရီးသွားသူများမှာ တစ်ရက်လျှင် ၈၅၀ ၀န်းကျင်၊ တစ်လလျှင်
၂၅,၀၀၀ ၀န်းကျင် နှင့် တစ်နှစ်လျှင် သုံးသိန်းခန့်ရှိသည်ဟု သိရသည်။

မီးရထားဖြင့် ခရီးသွားခြင်းကို ပြည်သူများအနေဖြင့် ယခင်က အဓိကထားခဲ့ပြီး ၂၀၁၁ ခုနှစ်၊
နိုဝင်ဘာ ၁၅ ရက်က စတင်ခါ ရထားစီးခမှာ မူလထက် နှစ်ဆ တိုးမြှင့်သတ်မှတ်လိုက်သောကြောင့်
စိတ်ဝင်စားမှုနည်းသွားခဲ့သည်။

"ရထားစီးခက ကားစီးခနဲ့ မတိမ်း မယိမ်းဖြစ်နေတော့ မထူးဘူးဆိုပြီး ကားကိုပဲ စီးလာကြတယ်"ဟု
ရုံပိုင် ဦးမြင့်သိန်း က ပြောသည်။

သို့သော်လည်း သင်္ကြန်ကာလရောက်တိုင်း အဝေးပြေးယာဉ်လိုင်းများ ရပ်နားထားကြသည့်အတွက်
ရထားဖြင့်သာ ခရီးသွားရသည်ဟုလည်း အစိုးရ ၀န်ထမ်းတစ်ဦးက ဧပြီလ ၂ ရက်နေ့တွင် ပြော
သည်။

"အခုလို သင်္ကြန်နီးလာပြီဆိုရင် ကား လက်မှတ်တွေကိုကြိုပြီး အလုအယက် ၀ယ်ကြတော့၊
တကယ်လို့ လက်မှတ်မရဘူးဆိုရင် ရထားနဲ့ပဲသွားရတော့တာ ပေါ့။ ရထားလက်မှတ်ကတော့
အရင် ထက်စာရင် ၀ယ်ရလွယ်တယ်။ နောက်ပြီး ရထားက သင်္ကြန်တွင်းလည်း ပြေးဆွဲ ပေးတော့
ဝန်ထမ်းတွေအတွက် အများကြီး အဆင်ပြေပါတယ်"ဟု ၎င်းက ပြောသည်။

သင်္ကြန်အထူးရထားများသည် လမ်းတစ်လျှောက်ရှိ နေပြည်တော် ဘူတာကြီး၊ ပျဉ်းမနား၊ တောင်ငူ၊
သာစည်နှင့် ပဲခူး စသည့် ဘူတာများတွင်သာ အချိန် သုံးမိနစ်စီ ရပ်နားသည်။

သင်္ကြန်အထူးရထားများသည် နေပြည်တော်- ရန်ကုန် ရထားလိုင်းကိုမူ ပြေးဆွဲခြင်းမရှိသေးဟု
သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း