မြို့တွင်းယာဉ်လိုင်းများ ယာဉ်စီးခပိုတောင်းခြင်းနှင့် စည်းကမ်းများ ဖောက်ဖျက်ပါက အရေးယူမည်

နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြေးဆွဲနေသည့် မြို့တွင်းယာဉ်လိုင်းများအား သတ်မှတ်နှုန်း
ထားထက် ယာဉ်စီးခ ပိုမိုတောင်းခံခြင်းနှင့် အခြားသတ်မှတ် စည်းကမ်းများ ဖောက်ဖျက်ပါက
ထိရောက်စွာ အရေးယူသွားမည်ဟု မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု
ကော်မတီ (မြို့တွင်း)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"တိုင်တဲ့သူတွေက သူတို့စီးတဲ့ကားရဲ့  နံပါတ်ရယ်၊ ဘယ်နေ့က စီးတယ်ဆိုတာကို အတိအကျ
တယ်လီဖုန်းနဲ့တိုင်ရင် ချက်ချင်းပဲ အရေးယူဆောင်ရွက်ပါတယ်။ အရေးကြီးတာက တိုင်တဲ့သူရဲ့
နာမည်ကိုလည်း ပြောဖို့ပါ"ဟု ၎င်းက ပြောသည်။

မြို့တွင်း ယာဉ်မောင်းများအနေဖြင့် ယာဉ်စီးခသတ်မှတ်နှုန်းထက် ပိုမို တောင်းခံပါက နှစ်ပတ်တိတိ
ယာဉ်လိုင်းပိတ်မည်ဖြစ်ပြီး ခရီးသည်များနှင့် ခိုက်ရန် ဖြစ်ပွားခြင်း၊ မချေမငံဆက်ဆံခြင်းတို့ အတွက်
ယာဉ်လိုင်းကို ၄၅ ရက်တိတိ ပိတ်ထားမည့်အပြင် အခြားသော သတ်မှတ်စည်းကမ်းများ သုံးကြိမ်
ထက် ဖောက်ဖျက်ပါက မြို့တွင်းယာဉ်လိုင်းမှ လုံးဝထုတ်ပယ်သည်အထိ အရေးယူသွားမည်ဟု
သိရသည်။

"ယာဉ်ကို မဆင်မခြင် မောင်းနှင်ရင်တော့ တစ်ကြိမ်တည်းနဲ့ အဲဒီယာဉ်လိုင်းကို ထုတ်ပယ်ပစ်နိုင်
တယ်"ဟု ၎င်း တာဝန်ရှိသူက ပြောသည်။

ထို့ပြင် မထသ၏ စည်းမျဉ်းစည်းကမ်းအရ ယာဉ်လိုင်း၊ ယာဉ်မောင်းများ အချိန်မှန် သတင်းမပို့ခြင်း၊
ယူနီဖောင်း မ၀တ်ဆင်ခြင်းနှင့် သတ်မှတ်ခရီးစဉ်အတိုင်း ပြေးဆွဲခြင်းများမရှိပါကလည်း သတိပေး
ဒဏ်ကြေးငွေအဖြစ် ကျပ် ၃,၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။

"ယာဉ်စီးခ ပိုမိုကောက်ခံတာနဲ့ ပတ်သက်ပြီးကတော့ ခရီးသည်တွေ အထင်အမြင်မှားမှုမရှိအောင်
ကားတိုင်းမှာ ခရီးစဉ်နဲ့ သတ်မှတ်နှုန်းထား စတေကာတွေ ကပ်ထားပါတယ်"ဟုလည်း မထသ
(မြို့တွင်း)မှ အတွင်းရေးမှူး ဦးဇော်ကြီးက ပြောသည်။

"ယာဉ်စီးခတွေက အဆမတန်များတယ်။ ရုံးဆင်းလို့ အိမ်ပြန်ရင် လိုင်းကားကိုပဲ စီးရတာ။
လိုင်းကားခတွေက အရင်ကတစ်ယောက်ကို ကျပ် ၃၀၀ သတ်မှတ်ထားပေမယ့် လက်တွေ့ကတော့
ပျဉ်းမနားကနေ မြို့မဈေးကို ကျပ် ၅၀၀ အထိ တောင်းကြတယ်။ ညနေပိုင်း ၅ နာရီ လောက်ဆိုရင်
တစ်ယောက်ကို ကျပ် ၁,၀၀၀ အထိကို တောင်းလာတယ်။ ဒီအတိုင်းသာဆိုရင် ၀န်ထမ်းနဲ့ အခြေခံ
လူတန်းစားတွေအတွက် ရေရှည်မှာ အဆင်မပြေနိုင်ဘူး" ဟု ပျဉ်းမနားမြို့မှ နေပြည်တော်သို့ နေ့စဉ်
ရုံးတက်နေသည့် အစိုးရ၀န်ထမ်းတစ်ဦးက ဧပြီလ ၂၂ ရက် နေ့က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း