လွှတ်တော်ကိုယ်စားလှယ်များနှင့် နေပြည်တော်နယ်မြေ တောင်သူများ ပထမဆုံးအကြိမ် တွေ့ဆုံပွဲ ကျင်းပ

နေပြည်တော်ကောင်စီ နယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဧလာကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများနှင့်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့မဲဆန္ဒနယ်မှ
ဦးကျော်မြင့်၊ သနပ်ပင်မြို့ မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ မြောင်းမြမြို့ မဲဆန္ဒနယ်မှ ဦးမန်းကျော်နီနှင့်
မြန်အောင်မြို့မဲဆန္ဒနယ်မှ ဦးစိန်ဝင်းတို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုတစ်ခုကို ယခုလ ၆ ရက်က
ပြုလုပ်ခဲ့သည်။

"အခုလို တွေ့ဆုံပွဲပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တောင်သူလယ်သမားတွေဟာ မြို့ပေါ်မှာ
နေတဲ့ သူတွေထက် ဗဟုသုတ အလွန်နိမ့်ကျခဲ့ပါတယ်။ အဲဒါကြောင့် လွှတ်တော်ထဲမှာ ဘာတွေ
လုပ်နေလဲဆိုတာတွေ၊ တောင်သူတွေ ဘာလုပ်နေလဲဆိုတာတွေကို သိရှိအောင် ပြုလုပ်ရခြင်းဖြစ်
ပါတယ်"ဟု တွေ့ဆုံပွဲကို ဦးစီးပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့နှင့် ဆက်သွယ်၍
လယ်သမားနှင့် အလုပ်သမားရေးရာများ ကူညီဆောင် ရွက်ပေးသူများကွန်ရက် (င်္F.N.I) မှ
နေပြည်တော်တာဝန်ခံ ဦးကျော်ဆွေလတ်က ပြောသည်။

တွေ့ဆုံပွဲ၌ လယ်ယာမြေအသိမ်းခံ တောင်သူများ၏ ခံစားချက်များကို အဓိကထား ဆွေးနွေးခဲ့
သည်။

"ပြီးခဲ့တဲ့ကာလတွေမှာ မြေယာတွေအသိမ်းခံခဲ့ရတယ်။ နောက်ပြီး မြေယာ တစ်ခုကို သိမ်းချင်ရင်
ဆိုင်းဘုတ် စိုက်ထူလိုက်ရုံနဲ့ ဘ၀ပျက်ခဲ့ရတယ်။ ဒါတွေအားလုံးက ဒီမိုကရေစီစနစ်မဟုတ်လို့
ပြည်သူတွေ နစ်နာခဲ့ရတယ်။ ကျွန်တော့် အနေနဲ့တော့ စုံစမ်းရုံပဲ စုံစမ်းလို့ရတယ်။ ပြီးရင်
လွှတ်တော်ကို တင်ရတယ်။ အဲဒီအချိန်မှာပဲ ဆန္ဒတွေ ပြကြ၊ ထွန်တုံးတိုက်ပွဲတွေ လုပ်ကြတယ်။
မြေယာသိမ်းတာနဲ့ ပတ်သက်ရင် ပွင့်လင်းမြင်သာတဲ့ ဥပဒေထွက်လာပြီ။ အဲဒါကြောင့် အခု
ကာလမှာ ဥပဒေနဲ့ မညီဘဲ သိမ်းလို့မရပါဘူး" ဟု မြေယာ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်
တစ်ဦးလည်းဖြစ်သူ ဇလွန်မြို့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က
ပြောသည်။

နေပြည်တော်ကောင်စီ နယ်မြေ အတွင်း၌ လယ်ယာမြေများကို စစ်တပ် နှင့် ကုမ္ပဏီများကသာ
အများဆုံး သိမ်းယူကြသည့်အနက် စစ်တပ်ကသိမ်းယူ ထားသော ဧကပေါင်းနှစ်သိန်းကျော်ခန့်
ရှိပြီး ကုမ္ပဏီက ဧကပေါင်းခြောက်ထောင် ၀န်းကျင်ရှိကြောင်း သိရသည်။

"အခုဖြစ်ပျက်နေတဲ့ တောင်သူတွေရဲ့ဘ၀ကို ဘယ်လိုနည်း၊ ဘယ်လိုပုံနဲ့ ကုစားမယ်။ ဖြေရှင်းမလဲ။
အားလုံးက နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေဘောင်အတွင်းက ဘယ်လိုလုပ်ကြမလဲဆိုတာတွေ
ကို ဆွေးနွေးခဲ့တာပါ။ ကျွန်တော်တို့ဟာ လွှတ်တော်အတွင်း နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး
နှစ်ခုကို ဒွန်တွဲပြီးတော့ အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ နေပြည်တော်ကောင် စီနယ်မြေအတွင်းမှာ
ရှိတဲ့ တောင်သူတွေအနေနဲ့လည်း အကြောက်တရား ကင်းမဲ့စွာနဲ့ ဥပဒေဘောင်အတွင်းက
လုပ်သွားကြပါလို့ ပြောချင်ပါတယ်" ဟု တွေ့ဆုံပွဲတက်ရောက်လာသူ ရှမ်းပြည်နယ်မြောက်ပိုင်းမှ
တာဝန်ခံ ဒေါက်တာအောင်ဌေးက ပြောသည်။

တွေ့ဆုံပွဲပြုလုပ်ရန် ဧလာကျေးရွာအုပ်စုရှိ ရတနာပုံတောရကျောင်း ဓမ္မာရုံကို ရွေးချယ်ထားသော်
လည်း အုပ်ချုပ်ရေးမှူးက ပြုလုပ်ခွင့်မပြုသောကြောင့် ဓမ္မာရုံအနီးရှိ မြေကွက်လပ်နေရာပေါ်တွင်သာ
ပြုလုပ်ခဲ့ရသည်။

"ဒီတွေ့ဆုံပွဲကို ဓမ္မာရုံမှာလုပ်ဖို့ ရွေးထားပြီး တစ်ရက်အလိုလောက်မှာပဲ ဒီရွာအုပ်စုအုပ်ချုပ်ရေးမှူးက
လာတားတယ်။ သူတို့က ဟောပြောပွဲလိုမျိုး လုပ်မယ်လို့ ထင်နေတာ" ဟု ဦးကျော်ဆွေလတ်က
ပြောသည်။

ဧလာကျေးရွာအုပ်စုရှိ ရန်ကင်း၊ ဇေယျသိမ်၊ ရေလည်ကွေ၊ အင်တောသာ၊ အေလာ ရွာသစ်၊
ခင်အေးရွာသစ်၊ ဂူတောင်၊ ညောင်မုတ်ဆိတ်၊ ကြို့ဇလုပ်၊ ကန်သာ၊ သော်မှော်ကုန်း၊ ကျွန်းကုန်း နှင့်
ကန်ဇွန်းခင်းစသည့် ကျေးရွာများမှ တောင်သူ ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

"အခုလို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရတာ အင်မတန်ကောင်းပါတယ်။ ကျွန်တော်တို့
အတွက်လည်း အားရှိတယ်။ နောက်လည်း ဒီလိုမျိုး လုပ်ပေးမယ်ဆိုရင် တောင်သူတွေအနေနဲ့ ပိုပြီး
အမြင်ကျယ်လာမယ်လို့ ယုံကြည်ပါတယ်" ဟု ကန်ဇွန်းခင်း ကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ
ဦးရီက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း