လုံခြုံရေးအတွက် စီးတီးတက္ကစီများတွင် စီစီတီဗီ တပ်ဆင်ကြရန် မထသက တိုက်တွန်း

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် စီးတီးတက္ကစီများတွင် လုံခြုံရေးကင်မရာ (စီစီတီဗီ)
တပ်ဆင်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံသို့ မော်တော်ယာဉ်လိုင်းပေါင်းစုံ
ထိန်းသိမ်းရေးကော်မတီ (မထသ) က တင်ပြထားသည်။

သို့သော် မတပ်မနေရမဖြစ် သတ်မှတ်သွားမည်မဟုတ်ဘဲ တပ်ဆင်ရန် ဆန္ဒရှိသည့်
ယာဉ်ပိုင်ရှင်များ အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ရန် ကုမ္ပဏီများဖြင့် ချိတ်ဆက်နိုင်ရန် မထသမှ
စီစဉ်ပေးသွားမည်ဖြစ်သည်။

"ကျွန်တော်တို့ ကုမ္ပဏီ သုံးခုလောက်နဲ့ ဆွေးနွေးနေပါတယ်။ စီစီတီဗီတပ်ပြီးရင် အဲဒါတွေကို
ထိန်းချုပ်ဖို့ အတွက် ကုမ္ပဏီကပဲဖြစ်ဖြစ် မထသကပဲဖြစ်ဖြစ် ထိန်းချုပ်နိုင်အောင်လည်း
လုပ်သွားမှာဖြစ်ပါတယ်။ ဆက်သွယ်ခအနေနဲ့တော့ ကားတစ်စီးကိုတစ်နေ့ ကျပ် ၂၀၀ ကနေ
၃၀၀ လောက်ကျသင့်မယ်လို့ မှန်းပါတယ်။ တက္ကစီမထွက်တဲ့ရက်တော့ ပေးစရာမလိုပါဘူး"ဟု
မထသ (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ပြောသည်။

မော်တော်ယာဉ်များတွင် စီစီတီဗီတပ်ဆင်ပါက ကင်မရာတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၃၀၀ ခန့်
ကျသင့်မည်ဟု မထသက ခန့်မှန်းထားသည်။

တက္ကစီစီးခရီးသည်များနှင့် ယာဉ်မောင်းများ နှစ်ဦးနှစ်ဖက်အကျိုးရှိစေရန်နှင့် ဖြစ်ပွားလေ့ရှိသော
မှုခင်းများကို လျှော့ချရန် တက္ကစီများတွင် လုံခြုံရေးကင်မရာ တပ်ဆင်သင့်သည်ဟု ဦးလှသောင်းမြင့်
က အကြံပြုပြောကြားသည်။

"ကျွန်တော်ကတော့ တက္ကစီတွေမှာ စီစီတီဗီ တပ်စေချင်ပါတယ်။ အဲဒါက စီးတဲ့ ခရီးသည်ရော၊
ယာဉ်မောင်းတွေအတွက်ပါ နှစ်ဦး နှစ်ဖက်အကျိုးရှိမှာဖြစ်ပါတယ်။ ကင်မရာက တက္ကစီပေါ်မှာ
ဖြစ်ပွားခဲ့တာတွေ မှတ်တမ်းတင်ထားနိုင်မှာဖြစ်ပါတယ်။ ဥပမာ - ယာဉ်မောင်းက ခရီးသည်ကိုပဲ
ဖြစ်ဖြစ် ခရီးသည်က ယာဉ်မောင်းကိုပဲဖြစ်ဖြစ် ခြိမ်းခြောက်ပြီး ငွေ လုယူမှုတွေကို
မှတ်တမ်းတင်ထားနိုင်မှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

သို့သော် ယာဉ်မောင်းအချို့ကမူ စီစီတီဗီ ကင်မရာတပ်ဆင်ရန် မလိုအပ်ဘဲ မထသနှင့်
ကုမ္ပဏီပူးပေါင်းကာ အကျိုးစီးပွားရှာကြရန် လုပ်ခြင်းဖြစ်သည်ဟု ယူဆကြသည်များလည်းရှိသည်။

ထို့ကြောင့် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စတင်ကာ စီစဉ်ထားသည့် အစီအစဉ်မှာ ယခုအချိန်ထိ
မအောင်မြင်သေးခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်လခန့်က ခရီးသည်က ဓားထောက်ကာ ငွေလုယူရန် ကြိုးပမ်းမှုခံရဖူးသည့်
တက္ကစီယာဉ်မောင်း တစ်ဦးကမူ အဆိုပါ အစီအစဉ်ကို ထောက်ခံပြီး မထသအနေဖြင့်
ကင်မရာဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါက ပို၍အဆင်ပြေနိုင်မည်ဟု ပြောသည်။

"ညဘက် ၈ နာရီလောက် သင်္ဃန်းကျွန်းကနေ တောင်ဒဂုံဘက်ကို ခပ်ငယ်ငယ် စုံတွဲတစ်တွဲ
ကားလာငှားတယ်။ ကျွန်တော်လည်း အမှတ် ၂ လမ်းမကြီးအတိုင်း မောင်းလာတာ။ လမ်းကလည်း
တော်တော်မှောင်တယ်။ မောင်းနေတုန်း ရုတ်တရက် ကျွန်တော့် ခါးကို ဓားနဲ့ လာထောက်တယ်။
ပါတဲ့ပိုက်ဆံတွေပေးပါတဲ့။ ကျွန်တော်ခဏငြိမ်ပြီး စဉ်းစားလိုက်သေးတယ်။ နောက်တော့ ကားကို
ဘရိတ်ဆောင့်အုပ်လိုက်တယ်။ အဲဒီအချိန်မှာ အဲဒီကောင်လေး ဟန်ချက်ပျက်သွားတုန်း
ကျွန်တော်လည်း သူ့ကိုလက်သီးနဲ့ အဆက်မပြတ် ထိုးလိုက်တယ်။ ကောင်မလေးက ကြောင်ပြီး
ကြည့်နေတယ်။

"သူသုံးတဲ့ ဓားကတော့ သိပ်မကြီးပါဘူး။ ကျွန်တော် အဲဒီဓားပါကောက်ထားပြီး ကျွန်တော်
ဆောင်လာတဲ့ တုတ်နဲ့ ရွယ်ပြီး နှစ်ယောက် စလုံးကိုကားပေါ်က ဆင်းခိုင်းတယ်။ စိတ်ကလည်း
တိုတာနဲ့ သူတို့ ၀တ်လာတဲ့ အင်္ကျီတွေပါ ချွတ်ခိုင်းပြီး ယူလာတယ်။ မှောင်မှောင်မည်းမည်းလမ်းမှာ
ဒီတိုင်းထားခဲ့တယ်။ ကျွန်တော်သတိရှိလို့ တော်သေးတယ်။ ညဘက်မောင်းတဲ့ သူတွေ
သတိထားသင့်တယ်။ နောက်ပိုင်း တောင်ဒဂုံဘက်ငှားရင် မလိုက်တော့ဘူး"ဟု အဆိုပါ
ယာဉ်မောင်းက ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း တက္ကစီယာဉ်မောင်းက အမေရိကန်အမျိုးသမီးတစ်ဦးကို
လိင်ပိုင်းဆိုင်ရာ ကျူးလွန်ရန်ကြိုးပမ်းမှု တစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သံရုံးက
သတိပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

"ကျွန်တော့် အမြင်ပြောရရင်တော့ တက္ကစီ ယာဉ်မောင်းတွေအကုန် သဘောတူသင့်တယ်လို့
ထင်တယ်။ ဒါပေမဲ့ ပြစ်မှုကျူးလွန်ချင်တဲ့သူကတော့ သူလုပ်မယ့်အချိန်မှာ ကင်မရာကို
ပိတ်လိုက်မှာပဲလေ။ အဲဒီတစ်ခုတော့ ကျွန်တော်တို့ ထည့်တွက်ဖို့လိုမယ်"ဟု တက္ကစီယာဉ်မောင်း
ဦးသက်လွင်က ပြောသည်။

တက္ကစီယာဉ်များ စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီထံမှ မထသ က ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက လွှဲပြောင်း တာဝန်ယူခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း