ရွှေပြည်သာ ဟန်ဂျင်းအထည်ချုပ်စက်ရုံ အလုပ်သမားများ အစာငတ်ခံဆန္ဒပြ

ဆန္ဒပြရာတွင် ပါဝင်သည့် စက်ရုံအလုပ်သမတစ်ဦးကို ယခုလ ၅ ရက်နေ့က ရွှေပြည်သာရှိစက်ရုံရှေ့၌ တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ဆန္ဒပြရာတွင် ပါဝင်သည့် စက်ရုံအလုပ်သမတစ်ဦးကို ယခုလ ၅ ရက်နေ့က ရွှေပြည်သာရှိစက်ရုံရှေ့၌ တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

စက်ရုံက လျှော့ချခဲ့သည့် အခြားသောအကျိုး ခံစားခွင့်ကြေးငွေများ ပြန်လည်ရရှိရန်
ဆန္ဒပြတောင်းဆိုနေသည့် ရွှေပြည်သာမြို့နယ် ဟန်ဂျင်းအထည်ချုပ်စက်ရုံမှ အလုပ်သမား
၂၀ ဦးတို့မှာအောက်တိုဘာ ၅ ရက်က စတင်၍ နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီအထိ အစာငတ်ခံ
ဆန္ဒပြတောင်းဆိုနေကြသည်။

ယခင်က လုပ်ခလစာစုစုပေါင်း အနိမ့်ဆုံး ကျပ်တစ်သိန်းသုံးသောင်းခွဲမှ တစ်သိန်းခွဲကျော်ထိ
ရရှိနေရာမှ အနည်းဆုံးလုပ်ခ လစာ ကျပ် ၃,၆၀၀ ပြဋ္ဌာန်းလိုက်သည့် နောက်ပိုင်းတွင် စက်ရုံက
အခြားသော အကျိုးခံစားခွင့်များဖြစ်သည့် ရက်မှန်ကြေး၊ ထမင်းစရိတ်၊ ကျွမ်းကျင်ကြေးစသည်တို့ကို
ဖြုတ်ချလိုက်သည့်အတွက် ယခင်လစာထက် နည်းသည့် နှုန်းထားများသာ ရရှိမည်ဖြစ်ရာ
စက်ရုံအလုပ်သမား ၁,၀၅၇ ဦးက စက်တင်ဘာ ၁၇ ရက်နေ့ကစတင်၍ ဆန္ဒပြ တောင်းဆိုနေခဲ့ခြင်း
ဖြစ်သည်ဟု စက်ရုံအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက ပြောကြသည်။

"အစာငတ်ခံတောင်းဆို ဆန္ဒပြရတယ်ဆိုတာ အလုပ်သမားတွေ တော်တော်များများမှာပါ
ဘာမှစားစရာမရှိတော့တဲ့ အခြေအနေရောက်နေလို့ အခုလိုအစာငတ်ခံ ဆန္ဒပြတောင်းဆို
နေရတာပါ။ ညှိနှိုင်းလို့ မရမချင်း အစာငတ်ခံဆန္ဒပြတောင်းဆို သွားမှာပါ"ဟု ဟန်ဂျင်းစက်ရုံမှ
အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုကျော်မြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကျွန်မတို့ ထိရောက်တဲ့လူကြီးတွေ လာဖြေရှင်းပေးတဲ့အထိ တောင်းဆိုသွားမှာပါ။ အခုက
ဘယ်လူကြီးမှာ လာဖြေရှင်းပေးမှု မရှိကြဘူး။ အဓိကဆန္ဒပြတာတော့ အမည်မသိတဲ့ လက်မှတ်ကို
ထိုးခိုင်းတာကို မကျေနပ်လို့ အပြင်မှာထိုင်ပြီးတောင်းဆိုနေတာပါ။ အလုပ်ဆင်းပေမယ့်လည်း
သူတို့က ပေးမ၀င်ပါဘူး"ဟု အစာငတ်ခံဆန္ဒပြတောင်းဆိုနေသည့် ဟန်ဂျင်းအထည်ချုပ်စက်ရုံ
အလုပ်သမား မဇင်မာသန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"အခု ကျပ်တစ်သိန်းရှစ်ထောင်ပဲ ရတော့မယ်။ အဲဒီငွေနဲ့ ကျွန်မတို့ စားဝတ်နေရေး
အဆင်မပြေပါဘူး၊ ယခင်က လစာကျပ်တစ်သိန်းခွဲခန့် ရရှိခဲ့သည်"ဟု၎င်းက ပြောသည်။

အလုပ်သမား ၁,၀၀၀ ကျော်ရှိသည့် အဆိုပါစက်ရုံတွင် စက်တင်ဘာ ၁၇ ရက်နေ့က
လုပ်ခလစာအပြင် ဖြုတ်ချခဲ့သည့် ရှားပါးစရိတ်များ၊ ကျွမ်းကျင်ကြေးများမှ တစ်ဝက်ခန့်ကို
ပြန်လည်ပေးရန် တောင်းဆိုခဲ့ရာတွင် ဥပဒေအတိုင်း ဖွဲ့စည်းထားသည့် အလုပ်ရှင်၊
အလုပ်သမားညှိနှိုင်းမှုအဖွဲ့များမှတစ်ဆင့် ဆွေးနွေးမှုမရှိဘဲ စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင်
ခြောက်ဦးကို လုပ်ငန်းခွင်အတွင်း ရန်ဖြစ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အလုပ်က ထုတ်ပယ်ခဲ့သည်။

ထို့ကြောင့် စက်ရုံအလုပ်သမားများက အလုပ်သမား သမဂ္ဂခေါင်းဆောင်ခြောက်ဦးကို
အလုပ်ပြန်လည်ခန့်ထားရေး၊ အသစ်ရေးဆွဲပေးအပ်မည့် လုပ်ခလစာတွင် ယခင် ပေးနေသည့်
အကျိုးခံစားခွင့်များ ပြန်လည်ပေးရေးကို စက်ရုံအတွင်း အလုပ်မလုပ်ဘဲတောင်းဆိုနေခဲ့ကြခြင်း
ဖြစ်သည်ဟု စက်ရုံမန်နေဂျာဖြစ်သူ ကိုဖြူထွေးက ပြောသည်။

"အစာငတ်ခံဆန္ဒပြတာလား၊ စက်ရုံရှေ့စုပြီး ထမင်းချက်စားကြတာလားဆိုတာ
ကျွန်တော်တို့တွေလည်း သေချာမသိဘူး။ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကိုတော့ ညှိနှိုင်းဖျန်ဖြေရေးနဲ့
ခုံသမာဓိကပဲ ဆက်လက် ဖြေရှင်းသွားမှာ"ဟု ၎င်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနသည် အဆိုပါ ဟန်ဂျင်းအထည်ချုပ်စက်ရုံ အငြင်းပွားမှုကို
စက်တင်ဘာလအတွင်းမှာပင် ဖြေရှင်းပေးခဲ့ပြီးဖြစ်ကာ အလုပ်သမားများ လုပ်ငန်းခွင်
ဝင်ရောက်နေပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် သမဂ္ဂအဖွဲ့ဝင်ခြောက်ဦး အလုပ်ဖြုတ်ခံထားရသည့်
အမှုကိုသာ သမာဓိခုံရုံးဖွဲ့ပြီး စတင်စစ်ဆေးဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လွင်လွင်မြင့်က
မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း