လျှပ်စစ်ရထား ရန်ကုန်မြို့ကမ်းနားလမ်း၌ စတင်ပြေးဆွဲ

နှစ် ၁၀၀ ကျော် ရပ်နားထားသည့် လျှပ်စစ်ရထား ဇန်န၀ါရီ ၁၀ ရက်က စတင်ပြေးဆွဲရာ ခရီးသည်နှင့်ရထားဝန်ထမ်းများကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်နှစ် ၁၀၀ ကျော် ရပ်နားထားသည့် လျှပ်စစ်ရထား ဇန်န၀ါရီ ၁၀ ရက်က စတင်ပြေးဆွဲရာ ခရီးသည်နှင့်ရထားဝန်ထမ်းများကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်

ရန်ကုန်မြို့တွင်း ခရီးသည်များသယ်ယူပို့ ဆောင်ရေးတွင် အထောက်အကူပြုစေရန်နှင့် ယာဉ်ကြော
ကျပ်တည်းမှုကို ရှောင်ရှားနိုင်ရန် ကမ်းနားလမ်းတွင် ဇန်န၀ါရီ ၁၀ ရက်က လျှပ်စစ်ရထား
စတင်ပြေးဆွဲသည်။

"လက်ရှိပြေးဆွဲနေတဲ့ ဒီဇယ်အင်ဂျင်တွေကနေ လျှပ်စစ်ကို အသုံးပြုပြီး ပြေးဆွဲတဲ့စနစ်ကို ပြောင်းလဲ
လိုက်တာကြောင့် ဒီလျှပ်စစ်ရထားက ရထားပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ စနစ်တစ်ခုကို ပြောင်းလဲ
လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၀၆ ခုနှစ်၊ ဒီဇင်ဘာမှာ ဒီလိုရထားမျိုးပြေးဆွဲခဲ့ဖူးပြီးတော့
အခုတစ်ခါ ပြန်လည်အသုံးပြုတာဖြစ်ပါတယ်"ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးဉာဏ်ထွန်းအောင်က ပြောသည်။

လက်ရှိပြေးဆွဲသည့် ရထားမှာ လူ ၁၈၀ ဆံ့ တွဲနှစ်တွဲနှင့် လူ ၉၀ ကျော်ဆံ့တွဲတစ်တွဲ စုစုပေါင်း
သုံးတွဲပါရှိသည်။

ဝါးတန်းလမ်းမှ ကမ်းနားလမ်းတစ်လျှောက် လင်းစဒေါင်းအထိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး
နံနက် ၈ နာရီ မှ မွန်းလွဲ ၁ နာရီ အထိ တစ်နေ့လျှင် ခြောက်ခေါက် ပြေးဆွဲမည်ဖြစ်သည်။

"ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ပေးချင်တဲ့အတွက်
လုပ်တာဖြစ်ပြီး ခရီးသည်တွေအဆင် ပြေစေနိုင်ဖို့ ရည်ရွယ်တယ်။ လက်မှတ်ခကတော့
လောလောဆယ်မှာ ကျပ် ၁၀၀ သတ် မှတ်ထားတယ်။ နောက်ပိုင်းမှာ လျှော့သွားဖို့ ရှိတယ်"ဟု
မြန်မာ့မီးရထား၊ အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

အဆိုပါ ရထားတွဲဆိုင်းများကို ဂျပန်နိုင်ငံ ဟီရိုရှီးမား အီလက်ထရွန်းနစ်ကုမ္ပဏီမှ မှာယူကာ
၂၀၁၅ ခုနှစ်၊ ဇူလိုင်တွင် ဂျပန်ယန်း ၄၅၄ သန်းဖြင့် စာချုပ်ချုပ်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင်လျှပ်စစ်ရထား ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံ၊ ဓာတ်အားခွဲရုံ အဆောက်အအုံနှင့်
၆ ဒသမ ၆ ကေဗွီ ဗို့အားမြှင့် ဓာတ်အားလိုင်း လုပ်ငန်းများအတွက် စုစုပေါင်း မြန်မာကျပ်ငွေ
၁၄၃ ဒသမ ၁၃ သန်း ကုန်ကျခဲ့သည်။

"ရထားလမ်းတစ်လျှောက်မှာ စုစုပေါင်း ဓာတ်တိုင် ၁၃၉ တိုင်ရှိပြီးတော့ လမ်းခရီးမိုင်က
အကြမ်းဖျင်း သုံးမိုင်လောက် ရှိတယ်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက်
ထရန်စဖော်မာတွေလည်း ဆက်ပြီး တည်ဆောက်သွားဖို့ ရှိပါတယ်"ဟု ဦးဉာဏ်ထွန်းအောင်က
ပြောသည်။

ရထားလမ်းတစ်လျှောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသွားအလာများသော
လမ်းဆုံများဖြစ်သည့် ၀ါးတန်းလမ်း၊ ပန်းဆိုးတန်းလမ်းနှင့် စဥ့်အိုးတန်းလမ်းတို့တွင် အသံစနစ်ပါရှိသော
မီးပွိင့်များ တပ်ဆင်သွားမည် ဖြစ်ပြီး ရပ်၊ ကြည့်၊ သွားဆိုင်းဘုတ်များလည်း ထားရှိသွားမည်ဖြစ်သည်။

"ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် လျှပ်စစ်ရထားက ပြုပြင်ဖို့လွယ်ကူပြီး ထိန်းသိမ်းလို့အကောင်းဆုံးနဲ့
စရိတ်စကလည်း သက်သာတယ်။ အချိန်တိုတို၊ စရိတ်သက်သက်သာသာနဲ့ အများပြည်သူ
အဆင်ပြေအောင် လုပ်တာဖြစ်ပြီး ကွန်ရက်အဖြစ် ရန်ကုန်မြို့ပတ်နဲ့ ချိတ်ဆက်သွားဖို့ရှိပြီး ဒါကတော့
ရှေ့ပြေးအနေနဲ့ လုပ်တာဖြစ်ပါတယ်။ ၀ါးတန်းကနေ ကြည့်မြင်တိုင်ကိုဆက် လက်ချိတ်ဆက်ပြီးတော့
လင်းစဒေါင်းကနေ ပုဇွန်တောင်အထိ ချိတ်ဆက်မယ်။ သိပ်မကြာခင် စလုပ်တော့မှာဖြစ်ပါတယ်"ဟု
ဦးထွန်းအောင်သင်းက ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ရထားအသုံးပြုသူ ဦးရေမှာ တစ်ရာခိုင်နှုန်းခန့်သာ ရှိသေးသောကြောင့်
ရထားကို ခရီးသည်များပိုမိုအသုံးပြု လာစေရန်အတွက် ရထားပို့ဆောင်ရေးကို ပြုပြင်ပြောင်းလဲရေးက
မရှိမဖြစ်အရေးပါလာသည်။

"အခု စတင်အသုံးပြုတဲ့ လျှပ်စစ်ရထားက မြန်မာ့မြို့ပတ်ရထားတွေကို လျှပ်စစ်နဲ့ အသုံးပြုဖို့အတွက်
ရှေ့ပြေးဖြစ်ပြီး မရှိမဖြစ်တဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရထားအသုံးပြုသူက
၆၀ ရာခိုင်နှုန်း လောက်ရှိတယ်။ မြန်မာနိုင်ငံမှာလည်း ခေတ်နဲ့ညီတဲ့ ရထားပို့ဆောင်ရေး ဖြစ်လာဖို့
လိုအပ်ပြီး ရထားစီးတဲ့ ဦးရေတိုးတက်လာ အောင်လုပ်ရမှာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံဆိုင်ရာ
ဂျပန်သံအမတ်ကြီး မစ္စတာ Tateshi Higuchi က ပြောသည်။

လက်ရှိပြေးဆွဲမည့် လျှပ်စစ်ရထားမှာ ဂျပန်နိုင်ငံတွင် လွန်ခဲ့သည့် နှစ် ၅၀ က အသုံးပြုခဲ့ပြီး
ဖြစ်သော်လည်း နှစ်စဉ်ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်သောကြောင့် အသုံးဝင်နေဆဲဖြစ်ကာ
မြန်မာနိုင်ငံတွင်လည်း ပြုပြင်ထိန်းသိမ်းမှုကို အဓိကထား ဆောင်ရွက်ရန် လိုအပ်ကြောင်း
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း