ပြန်ဖွင့်မည့် အင်းစိန်ဂျီတီအိုင်တွင် သင်ထောက်ကူ ပစ္စည်းများ လိုအပ်

ရန်ကုန်မြို့ရှိ အင်းစိန် စက်မှုလက်မှုသိပ္ပံ ကျောင်းကို ဖေဖော်ဝါရီလကုန်ပိုင်းတွင်
ပြန်လည်ဖွင့်လှစ်သွားရန် စီစဉ်နေရာ သင်ထောက်ကူ ပစ္စည်းများ လိုအပ်နေသေးသည်ဟု
အင်းစိန်ဂျီတီအိုင် လူမှုကူညီရေး အသင်းဒုတိယဥက္ကဋ္ဌ ဦးဌေးဝင်းက ပြောသည်။

စက်မှုလက်မှု သိပ္ပံကျောင်းတစ်ကျောင်း၏ ပင်မအသက်သွေးကြောသည် ကျောင်းသား
ကျောင်းသူများ လက်တွေ့လေ့လာစမ်းသပ်နိုင်သည့် သင်ထောက်ကူ ပစ္စည်းများ
စုံလင်ဖို့ဖြစ်ကြောင်း ၄င်းက ပြောသည်။

''နှစ်ပေါင်းရာကျော် ရှိနေပြီဖြစ်တဲ့ အင်းစိန် ဂျီတီအိုင်ကျောင်းမှာ စက်မှုလက်မှု ကျောင်းသား
ကျောင်းသူတွေ လက်တွေ့လေ့လာသင်ကြားနိုင်တဲ့ သင်ထောက်ကူပစ္စည်းတွေ
အရင်က အစုံအလင်ရှိခဲ့ပေမယ့် အခုအခါမှာ သင်ကြားရေးပစ္စည်းတွေ မရှိသလောက်ကို
နည်းပါးသွားပြီဖြစ်ပါတယ်။ ဒါတွေကိုပြန်ဖြည့်ဆည်းဖို့ဆိုတာကအစိုးရတစ်ခုတည်းနဲ့
တာဝန်ယူဖို့ မဖြစ်နိုင်ဘူးလို့ ကျောင်းသားဟောင်းတွေကတော့ပြောနေကြပါတယ်။
ဒီကျောင်းကို ဖေဖော်ဝါရီလကုန်ပိုင်းမှာ ဖွင့်လှစ်ပြီးတော့ကျောင်းဆောင်ပြုပြင်ဖို့အပြင်
လက်တွေ့သင်ကြားနိုင်မယ့် စက်ပစ္စည်းတွေ လိုအပ်နေသေးတယ်''ဟု အဆိုပါ အသင်း
အတွင်းရေးမှူး ဒေါ်သူဇာလင်းက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ စက်မှုလက်မှု သိပ္ပံကျောင်းများတွင် အင်းစိန်ဂျီတီအိုင်ကျောင်းမှာ
သက်တမ်းအရှည်ဆုံးဖြစ်ပြီး အင်္ဂလိပ် ကိုလိုနီအစိုးရ လက်ထက် ၁၈၉၅မှ စတင်ဖွင့်
လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း၁၂ဝ ကြာမြင့်ပြီဖြစ်သည်။အဆိုပါကျောင်းကို ၁၉၉၆ တွင် စစ်အစိုးရ
အာဏာပိုင်များက ပိတ်ပစ်ကာ ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံများကို ပုဂ္ဂလိက
လုပ်ငန်းရှင်များကို ငှားရမ်းခွင့်ပေးခဲ့ပြီး ပင်မကျောင်းဆောင်ကြီးကို ရဲဌာနအဖြစ် အသုံးပြုထား
သည်။

လက်ရှိတွင် ရဲဌာနအဖြစ် ဖွင့်လှစ်ထားသည့် အင်းစိန်ဂျီတီအိုင် ပင်မ ကျောင်းဆောင်
ပြန်လည်ဖွင့်နိုင်ရန် တစ်နိုင်ငံလုံးရှိ ဂျီတီအိုင် ကျောင်းသားကျောင်းသူများ တည်ထောင်
ထားသည့် ဂျီတီအိုင် ကျောင်းသားများအသင်းက အစိုးရကို တောင်းဆိုခြင်း ဖြစ်သည်။

''ကျောင်းပရဝဏ်မှာ ယခင်က ဧက ၄ဝကျော်ရှိခဲ့ပြီးတော့ လက်ရှိမှာ အဲဒီကျောင်း
ဝင်းထဲက အဆောက်အအုံတွေကို ကားအရောင်းစင်တာ၊ ဆရာဦးသန်းစိန်ကိုယ်ပိုင်
အထက်တန်းကျောင်းနဲ့ ပြည်တော်သာ အထူးကုဆေးခန်းတွေက နှစ်ရှည်စာချုပ်နဲ့
ငှားရမ်းလုပ်ကိုင်နေတယ်လို့ သိရပါတယ်။ အင်းစိန်ဂျီတီအိုင် လူမှုကူညီရေးအသင်း
တာဝန်ရှိသူတွေက နောက်အစိုးရသစ်လက်ထက်မှာ အဲဒီကျောင်းဝင်းနေရာတွေ ပြန်ရပြီး
အရင်ကလို ကျောင်းပြန်ဖွင့်နိုင်ဖို့ တောင်းဆိုသွားမယ်''ဟု အင်းစိန် ဂျီတီအိုင် လူမှုကူညီရေး
အသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ပြောသည်။

လက်ရှိ ကျောင်းဝင်းအတွင်း အစိုးရနှင့် ဂျပန်နိုင်ငံက အဖွဲ့အစည်းနှစ်ခု ပူးပေါင်းပြီး
ပြင်ပလုပ်ငန်းခွင်များတွင် အသုံးဝင်သည့် လျှပ်စစ် စက်ပြင်သင်တန်းများကို အခကြေးငွေဖြင့်
သင်ကြားပေးလျက်ရှိသည်။

''မြန်မာနိုင်ငံမှာ စက်မှုလက်မှုသိပ္ပံဂျီတီအိုင် ကျောင်းပေါင်း ၁၂ ကျောင်း ရှိပါတယ်။
ဒီကျောင်းကတော့ ကျောင်းသားပေါင်း ၁,၅ဝဝ လောက် သင်ကြားနိုင်တဲ့နေရာတစ်ခုလည်း
ဖြစ်ပါတယ်'' ဟု လျှပ်စစ်စက်ပြင်သင်တန်း အုပ်ချုပ်ရေးမှူး ဦးပြည့်စုံက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း