ပြည်သူလူထု တိုင်ကြားမှု လက်ခံရေးအဖွဲ့ကို လူသိနည်းနေသေး

ပြည်သူလူထု တိုင်ကြားမှု လက်ခံရေးအဖွဲ့တည်ရှိရာ ရန်ကုန်မြို့တော်ခန်းမကြီးကို မတ်လအတွင်းက တွေ့ရစဉ်။ အောင်ဌေးလှိုင်/ မြန်မာတိုင်း(မ်)ပြည်သူလူထု တိုင်ကြားမှု လက်ခံရေးအဖွဲ့တည်ရှိရာ ရန်ကုန်မြို့တော်ခန်းမကြီးကို မတ်လအတွင်းက တွေ့ရစဉ်။ အောင်ဌေးလှိုင်/ မြန်မာတိုင်း(မ်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ပြည်သူများ၏ အခက်အခဲများကို တစုတစည်းတည်း
ဖြေရှင်းပေးနိုင်သည့် တိုင်ကြားမှုလက်ခံရေးအဖွဲ့ကို ဖွဲ့စည်းပေးထားသော်လည်း မတ်နှင့်
ဧပြီ နှစ်လအတွင်း တိုင်ကြားမှု ၇၂ မှုသာ ရှိသည်ဟု သက်ဆိုင်ရာက ထုတ်ပြန်သည်။

ပြည်သူလူထုအကြားတွင် အဆိုပါအဖွဲ့နှင့်ပတ်သက်ပြီး  ပိုမိုသိရှိရန် လိုအပ်နေဆဲဖြစ်ကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးခင်မောင်တင့်က ပြောသည်။

''ကော်မတီဝင်အဆင့်တွေ ကိုယ်တိုင်၊ဌာနပေါင်းစုံပါတဲ့ အဖွဲ့တွေနဲ့ Complainant Section မှာ
စုစည်းပြီးလာသမျှ အမှုတွေကို ဖြေရှင်းပေးနေပါတယ်။ ချက်ချင်းဖြေရှင်းလို့ ရတဲ့အမှုတွေကို
ချက်ချင်းရှင်းပေးသလို၊ ထပ်တင်ရမယ့် အမှုတွေဆိုရင်လည်း အမြန်ဆုံး ပြီးပြတ်အောင်
သက်ဆိုင်ရာဌာနတွေကို ထပ်တင်ပေးပါတယ်။ 

လာတိုင်တဲ့ အမှုတွေရဲ့ သုံးပုံနှစ်ပုံလောက်အထိ ဖြေရှင်းပေးပြီးပါပြီ။ အများအားဖြင့် အဆောက်အအုံ၊
မြေယာပြဿနာတွေနဲ့ ပတ်သက်ပြီး အချင်းချင်းတိုင်တဲ့ အမှုတွေက များပါတယ်။

တိုင်ကြားတဲ့လူတွေ မြို့တော်ခန်းမထဲကို အလွယ်တကူ ဝင်ရောက်လို့ရအောင် လုပ်ထားပေးပေမဲ့လည်း
နှစ်လအတွင်းမှာ အမှုပေါင်းက ၇၂ မှုပဲရှိတဲ့အတွက် ပြည်သူလူထု သိရှိမှု အားနည်းသေးတယ်လို့
ထင်ပါတယ်။

ပြည်သူတွေ ဒီထက်ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုပါသေးတယ်''ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှ ကော်မတီဝင် အမှတ် ( ၉ ) ဦးခင်မောင်တင့်က မေ ၁၂ ရက်ပြောကြားသည်။

ယင်းအဖွဲ့ကို စတင်ဖွင့်လှစ်သည့် မတ် ၄ ရက်မှ ဧပြီ ၃ဝ ရက်အထိ နှစ်လတာအတွင်း လာရောက်
တိုင်ကြားသည့် အမှုများတွင် အဆောက်အအုံနှင့်ပတ်သက်သည့် အမှု  ၃၇မှု၊ မြေယာနှင့်
ပတ်သက်သည့် အမှု ၁၉ မှု၊ ဈေးနှင့်ပတ်သက်ပြီး သုံးမှု၊ စီမံရေးရာဌာန ၁၂ မှု  နှင့် လမ်းတံတား တစ်မှု၊
စုစုပေါင်း  ၇၂ မှုသာ လာရောက်တိုင်ကြားကြသည့် အတွက် အများပြည်သူအကြား အဆိုပါ
ကွန်ပလိန်းဆက်ရှင် (Complainant Section) နှင့် ပတ်သက်ပြီး သိရှိမှုနည်းပါးနေသလို
ဧပြီလအတွင်း ရှည်လျားသည့် မဟာသင်္ကြန်ရုံးပိတ်ရက်များကြောင့်လည်း လာရောက်တိုင်ကြားမှု
နည်းပါးရခြင်းဖြစ်နိုင်ကြောင်း ၄င်းကပြောသည်။

အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြည်သူလူထု
တိုင်ကြားမှု လက်ခံရေး အဖွဲ့သို့ လာရောက်တိုင်ကြားနိုင်ပြီး ကော်မတီဝင် အမှတ် (၄) မှ အမှတ်(၉)
အထိ အလှည့်ကျ ဦးဆောင်ကာ ဌာနပေါင်းစုံက အရာရှိများဖြင့် ပြည်သူလူထု တင်ပြလာသည့်
ပြဿနာများကို တစ်နေရာတည်းတွင် အမြန်ဆုံးပြီးပြတ်စေရန်  ကြိုးစားဖြေရှင်းပေးလျက်ရှိပြီး
ဥပဒေကြောင်းအရ လိုအပ်သည့်အကြံဥာဏ်များ ရယူနိုင်ရန်လည်း မြို့တော်စည်ပင်၏ ဥပဒေအရာရှိ
တစ်ဦးကိုပါ ပူးတွဲတာဝန်ချထား ဆောင်ရွက်လျက်ရှိသည်။

ယခင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပတ်သက်သည့် ဆောင်ရွက်မှုများ၊
ပြည်သူအချင်းချင်းအကြား ကျေလည်မှု မရှိသည့်ပြဿနာများကို သက်ဆိုင်ရာဌာနခွဲများသို့
လာရောက်တိုင်ကြားရပြီး အဆင့်ဆင့်ပြန်လည်တင်ပြ စိစစ်ခြင်း၊ ဌာနတစ်ခုနှင့်တစ်ခုအကြား
ဆက်စပ်လျက်ရှိသည့် လုပ်ငန်းများအတွက် ညှိနှိုင်းဆောင်ရွက်ဖြေရှင်းရသည့်အတွက်
အချိန်ကြန့်ကြာမှုများကြောင့် တစ်နေရာတည်းတွင် တစ်ထိုင်တည်းဖြေရှင်းပေးနိုင်သည့် ဌာနပေါင်းစုံမှ
အရာရှိများပါဝင်သည့် ပြည်သူလူထု တိုင်ကြားမှု လက်ခံရေးအဖွဲ့ (Complainant Section) ကို
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ၊မြေညီထပ်ရှိ စီမံရေးရာဌာန၊
လုပ်ငန်းရေးရာဌာနခွဲရုံးတွင် မတ် ၄ ရက်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

''အရင်က သက်ဆိုင်ရာဌာနကို သွားပြီးကန့်ကွက်စာ၊ တိုင်စာပို့ရ၊ ဟိုဘက်ဌာန ဒီဘက်ဌာန ပြေးပြီး
အခြေအနေဘယ်လိုရှိသလဲ ဆိုပြီး ခဏခဏ သွားမေးရတာ။ အခုတော့ Complainant Section
ရှိလာပြီလို့ ကြားတဲ့အတွက် ကြိုဆိုပါတယ်။ ဒါပေမဲ့ လူသိများဖို့တော့ လိုသေးတယ်'' ဟု
သာကေတမြို့နယ်မှဒေါ်အမာကြည် (အမည်လွှဲ)ကပြောသည်။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များအရ ရန်ကုန်မြို့တွင် နေထိုင်သူ လူဦးရေ
၅ ဒသမ ၂၁ သန်းရှိပြီး အများစုမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
စီမံကွပ်ကဲလျက်ရှိသည့် မြို့နယ် ၃၃ မြို့နယ်တွင် နေထိုင်ကြသည်။

ရန်ကုန်မြို့တော်နေ ပြည်သူများအတွက် ကျန်းမာရေး၊ စီမံခန့်ခွဲရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ၊
ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကို
ဌာနခွဲပေါင်း ၂ဝ ဖြင့် စီမံဆောင်ရွက်လျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း