ရန်ကုန်မြို့တွင် လုယက်မှု ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ပိုများလာ

လူဦးရေထူထပ်လာသလို မြင့်တက်လာတဲ့ လုယက်မှုတွေကြားမှာ ပြည်သူတွေ သတိရှိစွာနဲ့
သွားလာဖို့လိုအပ်လာပါပြီ။

ပုံစံအမျိုးမျိုးကို အသုံးပြုပြီး ကျူးလွန်လာတဲ့ လုယက်မှုတွေကို ရင်ဆိုင်ဖို့၊ လုယက်မှုမခံရအောင်
ရှောင်ရှားနိုင်ဖို့၊ လုယက်မှုကျူးလွန်ခံခဲ့ရတယ်ဆိုရင် အကူညီတောင်းနိုင်ဖို့အတွက်
စာဖတ်သူတွေ သိရှိအောင် မျှဝေပေးသွားမှာပါ။

ဓားထောက်လုယက်မှု၊ ဆိုင်ကယ်ဖြင့်လုယက်မှု၊ အငှားယာဉ်မောင်းလုယက်မှု၊ ခရီးသည်လုယက်မှုနဲ့
အုပ်စုဖွဲ့ရိုက်နှက်လုယက်မှုတွေက အများဆုံးကျူးလွန်တဲ့ အမှုတွေဖြစ်ပါတယ်။

၂ဝ၁၆ ခုနှစ်၊ ငါးလတွင်း ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းမှာတင် လုယက်မှု ၁၉ မှုဖြစ်ခဲ့ပြီး
၂ဝ၁၅ ခုနှစ် ငါးလမှာ ၁၇ မှုဖြစ်ပွားခဲ့တဲ့အတွက် နှစ်နှစ်အတွင်းနှိုင်းယှဉ်ချက်အရ ဒီနှစ်က ပိုများတာကို
တွေ့ရပါတယ်။

အစိုးရသစ်လက်ထက်မှာ ဌာနဆိုင်ရာအလိုက် ရက် ၁ဝဝ စီမံချက်တွေ အသီးသီးချမှတ်ပြီး
ဆောင်ရွက်နေချိန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း မှုခင်းကျဆင်းရေးကို အဓိကလုပ်ငန်းတစ်ခု
အဖြစ် ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်း မေ ၁ဝ ရက် ပြုလုပ်တဲ့ ရက် ၁ဝဝ စီမံချက်ရှင်းလင်းပွဲမှာ
ရန်ကုန်တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ပြောကြားသွားပါတယ်။

ကြည့်မြင်တိုင်က ဆရာဝန်မိသားစုနေအိမ်ကို ဝင်ရောက်ခိုးယူဖို့ကြိုးစားရင်း လူမိသွားတဲ့အတွက်
အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ်ကို ဓားထောက်ခြိမ်းခြောက်ပြီး ငွေကျပ်သိန်း ၅ဝ
တောင်းယူသွားတဲ့ အနုကြမ်းစီးမှုကတော့ ၂ဝ၁၆ ခုနှစ်ရဲ့ ထင်ရှားတဲ့ လုယက်မှုတစ်ခုပါပဲ။

အခုချိန်ထိ ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေတုန်းဖြစ်ပါတယ်။

''လုယက်မှု၊ ခိုးမှု၊ လူသတ်မှုနဲ့ ခါးပိုက်နှိုက်မှုတွေ မကြာခဏဖြစ်နေတယ်။ ပြစ်မှုကျူးလွန်တဲ့သူတွေကို
ရဲကဖမ်း တရားရုံးက ထောင်ချတယ်။ သူတို့တွေကို နိုင်ငံတော်က လူသားချင်းစာနာထောက်ထားတဲ့အတွက်
အချိန်မတိုင်ခင် လွတ်ငြိမ်းချမ်းသာခွင့် တွေပေးတယ်။ ဒီအလုပ်တွေပဲ ပြန်လုပ်လာတယ်။
တချို့ဆိုရင် ထောင်ထဲက ထွက်တာ နှစ် ရက်မပြည့်သေးဘူး။ ပြစ်မှုတွေပြန်လုပ်တယ်။
ရဲကပြန်ဖမ်းမိတယ်။ ဒါတွေကလည်း ရဲတပ်ဖွဲ့ဝင်တွေ အတွက် စိန်ခေါ်မှုတွေဖြစ်နိုင်တယ်''လို့
မြောက်ဒဂုံမြို့နယ်မှာနေတဲ့ အငြိမ်းစား ကျောင်းဆရာ ဦးမျိုးမင်းက ပြောပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ အဖြစ်များတဲ့ လုယက်မှုပုံစံတွေက ဆိုင်ကယ်စီးလာသူက
လမ်းလျှောက်နေတဲ့သူထံက ကိုင်ထားတဲ့ဖုန်း၊ လက်ဆွဲအိတ်၊ ဝတ်ထားတဲ့ ရွှေဆွဲကြိုး အစရှိတဲ့
ပစ္စည်းတွေကို လုယက်တာ ဖြစ်ပါတယ်။

လုယက်ခံရတဲ့သူက ဖြစ်ဖြစ်ချင်းပတ်ဝန်းကျင်ကို အကူညီတောင်းတာရှိသလို၊ နောက်မှသတိဝင်လာပြီး
အကူညီတောင်းတဲ့သူတွေလည်း ရှိတယ်။ ချက်ချင်းအကူညီတောင်းတဲ့သူကတော့ ပတ်ဝန်းကျင်က
ကောင်းရင် ချက်ချင်းမိတယ်။ ကြောင်ငေးပြီးနောက်မှ အကူညီတောင်းတဲ့ သူက လိုက်ဖို့
မမီတော့တာတွေ ဖြစ်လေ့ရှိပါတယ်။

''ပြည်သူတစ်ယောက်အနေနဲ့ အစကတည်းက မှုခင်းသတိရှိဖို့လိုတယ်။ မလိုအပ်ဘဲ
လက်ဝတ်လက်စားတွေ ဝတ်တာတွေက အန္တရာယ်ကိုဖိတ်ခေါ်ရာရောက်တယ်။
ဒီလိုဝတ်စား မယ်ဆိုရင် တစ်ယောက်တည်းသွားလာတာမျိုး မဟုတ်ဘဲ အဖော်ပါဖို့လည်း
လိုအပ်တယ်။ ပြစ်မှုကျူးလွန်တဲ့ လူက သူ့သားကောင်ရဲ့ အားနည်းချက်ကို စောင့်ကြည့်နေတာဟာ
သဘာဝကျတယ်။ ညအချိန်မတော် အငှားယာဉ်စီးတဲ့ ခရီးသည်ကလည်း ကိုယ့်လုံခြုံမှုအတွက်
ကိုယ်စီးတဲ့ယာဉ်နံပါတ်ကို မိသားစုကို စိတ်မပူဖို့ ဖုန်းဆက် အကြောင်းကြားတာတို့၊ စာပို့ထားတာတို့
လုပ်ရင်တော့ မှုခင်း ဖြစ်ပွားတာမျိုး ရှိခဲ့ရင် ရဲတပ်ဖွဲ့အတွက် အထောက်အထားတစ်ခု ဖြစ်တယ်'' လို့
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ အမှုစစ်အရာရှိတစ်ဦးက ဆိုပါတယ်။

ဒီနေရာမှာ ကြည့်မယ်ဆိုရင် ပြည်သူရဲ့အင်အားလိုပါတယ်။ ကိုယ့်ရပ်ကွက် ကိုယ့်အိမ်နီးနားမှာ
ဘယ်သူတွေ ဘာလုပ်နေတယ်ဆိုတာ ရဲတပ်ဖွဲ့ဝင်တွေထက် အနီးအနားပတ်ဝန်းကျင်က လူတွေက
ပိုသိပါတယ်။

ပတ်ဝန်းကျင်မှာ မဟုတ်မမှန်တာတွေ ပြုလုပ်နေပြီဆိုရင် တာဝန်သိပြည်သူတစ်ယောက်အနေနဲ့
သက်ဆိုင်ရာကို အမြန်ဆုံးအကြောင်းကြားဖို့ လိုပါတယ်။

''အစိုးရသစ်လက်ထက်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကို
အစွမ်းကုန် ကူညီမယ်။

''ရန်ကုန်တိုင်းတစ်တိုင်းလုံး တရားဥပဒေစိုးမိုးဖို့အတွက် ကျွန်တော့်မှာအဓိက တာဝန်ရှိတယ်။
ဆိုးသွမ်းနယ်မြေတွေကို ရွေးချယ်ပြီး အုပ်ချုပ်ရေးယန္တရားကို ထိရောက်စွာ ကိုင်တွယ်သွားမယ်။
ပြည်သူလူထု လုံခြုံစိတ်ချစွာ နေထိုင်နိုင်ဖို့ တရားဥပဒေစိုးမိုးမှုရှိအောင် ကျွန်တော် အဓိကထား
ဆောင်ရွက်မယ်''လို့ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

၂ဝ၁၅ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုယက်မှုပေါင်း ၆၇ မှုဖြစ်ပွားခဲ့ပါတယ်။

လုယက်မှုလျော့နည်းကျဆင်းဖို့အတွက်ရဲတပ်ဖွဲ့က အစီအမံတွေချမှတ်ပြီးတော့ မှုခင်းကျဆင်း
လျော့နည်းရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါတယ်။

၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ လုယက်မှုကျူးလွန်သူ ၃၄ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး ကျူးလွန်သူအများစုက
လူငယ်ပိုင်းတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

''ရန်ကုန်တိုင်းထဲမှာ ၂ဝ၁၁ မှာ ၄၇ မှု၊ ၂ဝ၁၂ မှာ ၃ဝ မှု၊ ၂ဝ၁၃ ခုနှစ်မှာ ၃၃ မှုနဲ့ ၂ဝ၁၄ ခုနှစ်မှာ
၄၈ မှုဖြစ်ပွားခဲ့ပြီး ၂ဝ၁၅ ခုနှစ်မှာ ၆၇ မှုဖြစ်ပွားခဲ့တယ်။ ခုနှစ်အလိုက်ဖြစ်စဉ်တွေ ကြည့်မယ်ဆိုရင်
လုယက်မှု တွေမြင့်တက်လာတယ်''လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးတစ်ဦးက
ပြောပါတယ်။

''ပြည်သူတစ်ယောက်က လုယက်မှုတွေဖြစ်ပွားရင် ပတ်ဝန်းကျင်ကို အကူအညီတောင်းခံသင့်တယ်။
ဒါမှလည်း ပတ်ဝန်းကျင်က ချက်ချင်းကူညီပေးနိုင်မယ်။ ပြီးရင် ရဲတပ်ဖွဲ့ကို လုယူသွားတဲ့ ပုံဏ္ဌာန်နဲ့
ဘယ်လိုလုယူသွားလဲဆိုတာ သတင်းပေးတိုင်ကြားရမယ်။ အချိန်မလွန်ခင် တိုင်ကြားဖို့လိုတယ်။
ဒါမှလည်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးတဲ့နေရာမှာ အထောက်အကူဖြစ်မှာပါ''လို့
တရားလွှတ်တော်ရှေ့နေ ဦးခင်ထွန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ ဆိုင်ကယ်နဲ့လုယက်တဲ့ဖြစ်စဉ်တွေ များလာတဲ့အတွက် လိုင်စင်မဲ့ ဆိုင်ကယ်
ဖမ်းဆီးမှုကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ လမ်းညွှန့်မှုနဲ့ ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့
ဖမ်းဆီးခဲ့တာကြောင့် လိုင်စင်မဲ့စည်းကမ်းမဲ့ဆိုင်ကယ် ၈ဝ၆ စီးကို အရေးယူခဲ့ပါတယ်။

''ဆိုင်ကယ်တွေကို ဖမ်းဆီးရတဲ့ အကြောင်းရင်းက ဆိုင်ကယ်ကို အသုံးပြုပြီး လုယက်မှု
ကျူးလွန်တဲ့ဖြစ်စဉ်တွေ များပြားလာတယ်။ ဆိုင်ကယ်ကို နှစ်ယောက်စီး လမ်းသွားလမ်းလာတဲ့
သူတွေဆီက ဖုန်း၊ ပိုက်ဆံအိတ်တွေ လုယက်ပြီး မောင်းနှင်ထွက်ပြေးတယ်။ သမီးရည်းစားစုံတွဲကို
ခြိမ်းခြောက် လုယက်ပြီးဆိုင်ကယ်နဲ့ ထွက်ပြေးတာတွေ များလာတဲ့အတွက် ဆိုင်ကယ်စီးနင်းသူတွေကို
ဖမ်းဆီးစစ်ဆေးပြီး အရေးယူမှုတွေ ပြုလုပ်ခဲ့တာ'' လို့ ရဲမှူးသိန်းအောင်က ပြောပါတယ်။

''အခု မြို့နယ်အလိုက် မိုဘိုင်းမီးတန်းယာဉ်တွေကို မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက တစ်နေ့ကို
သုံးကြိမ် လှည့်လည်ဆောင်ရွက်နေတယ်။ ပြည်သူတွေအနေနဲ့ မိမိပတ်ဝန်းကျင်မှာ
လုယက်ခံရတာပဲဖြစ်ဖြစ်၊ မှုခင်းတစ်ခုခု ဖြစ်ပွားတာပဲဖြစ်ဖြစ် မသင်္ကာတာ တွေ့ရှိရင် ချက်ချင်း
အကြောင်းကြားရမယ်။ ကားတွေ မှာလည်း ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေပါတယ်။ ဒါမှသာ
မှုခင်းကျဆင်းရေးနဲ့ ကာကွယ်ရေးကို ကြိုတင်လုပ်ဆောင်နိုင်မှာ'' လို့ ရဲမှူးလှဝေက ပြောပါတယ်။ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း