ကွီးဖြိုးနှင့် ရက် ၁ဝဝ

 

ဦးဖြိုးမင်းသိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ်။ အောင်မြင်ရဲဇော်/ မြန်မာတိုင်း(မ်)ဦးဖြိုးမင်းသိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ်။ အောင်မြင်ရဲဇော်/ မြန်မာတိုင်း(မ်)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစိုးရတက်လာတာ ရက်ပေါင်း ၁ဝဝ ကျော်သွားပြီဖြစ်သလို အစိုးရက
သတ်မှတ်ထားတဲ့ ရက် ၁ဝဝ စီမံချက်ကလည်း သြဂုတ် ၈ ရက်က ပြည့်သွားပြီဖြစ်ပါတယ်။
ရက် ၁ဝဝ စီမံချက်အတွင်းမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေရဲ့ လုပ်ဆောင်ချက်တွေအနက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ ပြည်သူတွေနဲ့လုပ်ငန်းရှင်တွေအကြား
အတော်ပင်လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပါတယ်။

ပြည်သူလူထုအကြား အထူးသဖြင့် လူမှုမီဒီယာတွေအပေါ်က လူငယ်ထုအကြားမှာ'ကွီးဖြိုး' လို့
ချစ်စနိုးနာမည်ထွက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊
လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ သာမက ကျူးကျော်နေထိုင်သူတွေရဲ့
ဝေဖန်မှုတွေကို အစိုးရအဖွဲ့က ယနေ့ထက်တိုင်ခံနေရဆဲဖြစ်ပါတယ်။

ကျူးကျော်နေထိုင်သူတွေကို မေ ၂၆ ရက်ကစပြီး ထပ်မံခွင့်မပြုတော့ကြောင်းနဲ့
ရှိနေတဲ့ကျူးကျော်နေထိုင်သူတွေကို စနစ်တကျ စာရင်းကောက်ပြီး အလုပ်အကိုင်ကအစ
နေထိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးမယ်ဆိုပြီး ဦးဖြိုးမင်းသိန်းက
ပြီးခဲ့တဲ့ မေ ၂၅ ရက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူတွေကို အသိပေးခဲ့ပါတယ်။

တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်တဲ့သူတွေကို စာရင်းကောက်ဖို့အတွက်
ဌာနပေါင်းစုံပါဝင်တဲ့ အဖွဲ့တွေ ဖွဲ့စည်းထားပြီးဖြစ်ပေမဲ့ ယနေ့ထိ စာရင်းကောက်ယူခြင်း
လုပ်ငန်းတွေ ဆောင်ရွက်နိုင်ခြင်း မရှိသေးသလို ကျူးကျော်နေထိုင်သူ အသစ်တွေလည်း
နည်းနည်းစီ တိုးပွားလာလျက်ရှိနေပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ တိုင်းဒေသကြီးအမတ်ဟောင်းတစ်ဦးဖြစ်တဲ့
ဦးနေမျိုးအောင်ကတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အပြောကြီးသူ၊ လေလုံးထွားသူသာဖြစ်ပြီး
သူပြောထားတဲ့အရာတွေဟာ လက်တွေ့မှာ အလုပ်ထက် အပြောကသာ ပိုများနေတယ်လို့
ဝေဖန်ပြောဆိုပါတယ်။

''ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ ကျူးကျော်တွေအတွက်
ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် ကြေညာခဲ့တာ။ အခုစာရင်းကောက်တာတောင်
မစသေးဘူးဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ ရက်နည်းနည်းလေး ရှိသေးတယ်ဆိုပေမဲ့
သင်္ကြန်ကိစ္စနဲ့ မဘသကိစ္စကလွဲပြီး ဘာမှလုပ်နိုင်တာမတွေ့သေးဘူး။ အင်န်အယ်လ်ဒီက
အတိုက်အခံပဲ လုပ်တတ်တာနေမှာပါ''လို့ ဦးနေမျိုးအောင်က ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကလည်း ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ကျူးကျော်နေထိုင်သူများအရေး ကိုင်တွယ်ဖြေရှင်းမှုဟာ
အချိန်တိုတွင်း ဖြစ်လာစရာ အကြောင်းမရှိနိုင်ဘူးလို့ ပြောကြားပါတယ်။

''ကျူးကျော်ကိစ္စမှာ စကားကျွံတယ်ဆိုတာ မှန်ပါတယ်။ ကျူးကျော်အရေအတွက်ကလည်း
များတော့ ဒါကဘယ်လိုမှတော့ လက်ငင်းဖြစ်လာနိုင်စရာ မရှိဘူး''လို့ သူက ဆိုပါတယ်။

ရန်ကုန်လူထုအကြား လှုပ်ခတ်ခဲ့တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ နောက်ထပ်
ဆောင်ရွက်ချက်တစ်ခုကတော့ အထပ်မြင့်ကိစ္စပါ။ အထပ်မြင့်အဆောက်အအုံတွေကို
ပြန်လည် စိစစ်မှုတွေလုပ်မယ်ဆိုတဲ့ညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ
ရပ်ဆိုင်းခဲ့ရတာ အခုဆိုရင် သုံးလနီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။

''ယန္တရားကြီးတစ်ခုလုံးလည်း တဖြည်းဖြည်းနဲ့ ရပ်သွားတယ်။ ဒီရိုက်ခတ်မှုကြောင့်
အိမ်ခြံမြေဈေးကွက်ကလည်း နောက်နှစ်ထိတောင်မှ နာလန်ပြန်ထူနိုင်ဖို့မလွယ်လောက်တော့ဘူး''လို့
ရပ်ဆိုင်းခံထာရတဲ့အထပ်မြင့်အဆောက်အအုံစီမံကိန်းတွေထဲမှာ ပါဝင်တဲ့ အမည်မဖော်လိုသူ
လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အထပ်မြင့် အဆောက်အအုံတွေရဲ့ ပြဿနာကိုအဓိကကိုင်တွယ်ဖြေရှင်းတဲ့ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူကတော့ ရန်ကုန်မြို့အင်္ဂါရပ်ထိန်းသိမ်းဖို့အတွက်
လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကိုင်ခဲ့တာလို့ပဲ တုံ့ပြန်ခဲ့ပါတယ်။

လက်မှတ်ရေးထိုးပွဲတစ်ပွဲတွင် UAB ဘဏ်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ်။ ငြိမ်းဆုဝေကျော်စိုး/ မြန်မာတိုင်း(မ်)လက်မှတ်ရေးထိုးပွဲတစ်ပွဲတွင် UAB ဘဏ်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ်။ ငြိမ်းဆုဝေကျော်စိုး/ မြန်မာတိုင်း(မ်)

''ကျွန်မတို့ လုပ်သင့်တယ်ထင်လို့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ ရက် ၁ဝဝ ဆိုတာ အခြေခံကောင်းရဖို့
အုတ်မြစ်ချတဲ့ အချိန်လို့ထင်ပါတယ်။ ဒါ့ကြောင့် ခုချိန်မှာ ရလဒ်တွေ ထုတ်ပြန်တာထက်
အခြေခံမကောင်းလို့ရှိရင် နောက်ပိုင်းမှာရေရှည်ခံမှာမဟုတ်ဘူးလို့ ကျွန်မမြင်ပါတယ်'' လို့
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောပါတယ်။

ရက် ၁ဝဝ စီမံကိန်းအတွင်းမှာ အသေအချာပြောနိုင်တာက တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှုကို
စတင်လှမ်းနေပြီလို့ မင်္ဂလာတောင်ညွှန့်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့
တိုင်းဒေသကြီးလွှတ်တော်တစ်ဦးဖြစ်တဲ့ ဦးရန်အောင်က ဆိုပါတယ်။

''အပြောင်းအလဲမှာ စတင်လုပ်နေတဲ့အတွက်ကြောင့် အောင်မြင်မှုအရှိန်ကတော့
နှေးသေးတာပေါ့။ ဒါပေမဲ့ သိသာထင်ရှားတဲ့အနေအထားကို တဖြည်းဖြည်းရောက်လာလိမ့်မယ်လို့
ထင်တယ်။ အစိုးရက သတိထားပြီး ကိုင်တွယ်နေတယ်'' လို့ သူက ပြောပါတယ်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ လုပ်ဆောင်ချက်တွေထဲမှာ လူအများ ချီးကျူးခံရတဲ့
လုပ်ဆောင်ချက်ကတော့ မဘသလို့ လူသိများတဲ့ အမျိုးဘာသာသာသနာကာကွယ်
စောင့်ရှောက်ရေးအသင်းကိစ္စပဲ ဖြစ်ပါတယ်။ ဦးဖြိုးမင်းသိန်းက မဘသမလိုအပ်ဘူးလို့
ပာလိုက်တဲ့အတွက် မဘသအဖွဲ့ သံဃာတော်တွေနဲ့ မဘသထောက်ခံသူတွေက
အပြင်းအထန်ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။ ဒီအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
(မဟန)ကနေ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်းစည်းကမ်း ညွှန်ကြားလွှာတွေနဲ့ ကိုက်ညီတဲ့
အဖွဲ့အစည်းမဟုတ်ဘူးလို့ ကြေညာပေးလိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အမျိုးဘာသာသာသနာကာကွယ်ရေးကို အကြောင်းပြကာ အမုန်းပွားရေးကိစ္စဆောင်ရွက်နေတယ်
ဆိုတဲ့ စွပ်စွဲချက်တွေရှိတဲ့ မဘသကိစ္စကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ကိုင်တွယ်လိုက်တဲ့အတွက်ပြည်သူအများစုရဲ့ ချီးကျူးမှုကို ခံခဲ့ရပေမဲ့ မျိုးချစ်တွေကတော့
ဝန်ကြီးချုပ်အပေါ် မကျေနပ်မှုတွေ ရှိခဲ့ကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ မဘသအရေးကိစ္စဟာ
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ အောင်မြင်မှုတစ်ခုဖြစ်သလို လူအများကလည်း ဖြိုးမင်းသိန်းအစား
'ဖြိုမင်းသိန်း' ဆိုပြီး နာမည်ပြောင် ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

''မဘသကိစ္စဟာ တော်တော်လေးအောင်မြင်တဲ့ကိစ္စလို့ ပြောလို့ရပါတယ်။ ကျန်တဲ့လူမှုရေး
ကိစ္စတွေကိုက ရက် ၁ဝဝ အတွင်း အောင်မြင်၊မမြင်ကို ဆုံးဖြတ်ပေးလို့ မရဘူး''လို့ သူက
သုံးသပ်ပါတယ်။

အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ အောင်မြင်မှုထက် ဝေဖန်မှုတွေသာများနေပြီး
လုပ်ဆောင်သင့်တဲ့ လုပ်ငန်းတွေလည်း အများအပြားကျန်ရှိနေသေးတယ်လို့ တစ်သီးပုဂ္ဂလ
တိုင်းဒေသကြီးကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ရန်ကုန်ဖြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလုပ်ဆောင်ရမယ့် ကော်မတီတစ်ခုဖြစ်တဲ့
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို အဖွဲ့ဝင်ပြည့်ပြည့်စုံစုံ မဖွဲ့စည်းသေးတဲ့အတွက်
မြို့တော်နဲ့တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးနိုင်တဲ့အပြင် လုပ်ငန်း မတွင်ကျယ်မှုတွေ
အများအပြားဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

''အခုထိ စည်ပင်ရွေးကောက်ပွဲကိုမလုပ်သေးဘူး။ အမြန်ဆုံး လုပ်သင့်နေပါပြီ။ ဘာလို့လဲဆိုတော့
ရန်ကုန်မြို့တော်အတွက်က ဒီလေးယောက်နဲ့ပဲလုပ်ရင် ဘယ်လိုမှ ထိရောက်မှာမဟုတ်ဘူး။
စည်ပင် ရွေးကောက်ပွဲကို အစိုးရအနေနဲ့ အမြန်ဆုံးကျင်းပပေးဖို့ စဉ်းစားသင့်နေပါပြီ''လို့
ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ဦးဖြိုးမင်းသိန်းက ရက် ၁ဝဝ အတွင်းမှာလုပ်ငန်းရှင်အချို့နဲ့ အဆင်မပြေဖြစ်ခဲ့ပေမဲ့
အခြေခံကျတဲ့ပြည်သူလူထုနဲ့ဆန့်ကျင်တဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်တာတွေကိုတော့
သိပ်မတွေ့ရပါဘူး။ အဆင်မြင့် သယ်ယူပို့ဆောင်ဆက်သွယ်ရေးယာဉ်လိုင်းဖြစ်တဲ့ ဘီအာတီ
ယာဉ်လိုင်းအသစ်ကို ဦးဖြိုးမင်းသိန်းက ပြည်သူတွေနဲ့အတူ စမ်းသပ်စီးနင်းပြီး
ရန်ကုန်မြို့ပို့ဆောင်ရေးကဏ္ဍကို လေ့လာခဲ့ပါတယ်။

နိုင်ငံတကာနဲ့ များစွာဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ရန်ကုန်မြို့က ဘတ်စ်ကားကို နိုင်ငံရဲ့
ထိပ်ပိုင်းခေါင်းဆောင်တွေကိုင်တိုင် စမ်းသပ်စီးနင်းမှုမျိုးက ပထမဦးဆုံးဖြစ်ပေမဲ့ သက်သောင့်
သက်သာရှိတဲ့ ဘက်စ်ကားကိုပဲ စီးနင်းခဲ့တဲ့အတွက် ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။

လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ်ကနေ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးဖြိုးမင်းသိန်းက နိုင်ငံတကာသံအမတ်တွေ၊ နိုင်ငံတကာ စီးပွားရေး
လုပ်ငန်းရှင်တွေ၊ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို
ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေ နေ့စဉ် အသိပေးလေ့ရှိပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးအတွက် င်္ြှု ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေ၊့ ဗြ ဘဏ်နှဲွု့နလုပ်ငန်းစုဥက္ကဋ္ဌ
ဦးနေအောင်တို့လို ပြည်တွင်းက ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တာတွေ
ရှိပါတယ်။ ရက် ၁ဝဝ အတွင်းမှာ ကျောင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီး အဆင့်မြင့်
ပညာရေးဥပဒေကြမ်းအကြောင်း ရှင်းပြခဲ့တာလည်း ရှိပါတယ်။

ရက် ၁ဝဝ အတွင်း လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းသွားမယ်လို့ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း