ကန်တော်ကြီးဟိုတယ်သင်တန်းကျောင်းနှင့် Unilever Food Solutions ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

 

ကန်တော်ကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသင်တန်းကျောင်းနှင့် Unilever Food Solutions
ပူးပေါင်းပြီး ကမ္ဘာ့အဆင့်မီ စားဖိုမှူးများ ပေါ်ပေါက်လာရေးနှင့် သင်တန်းကျောင်းသားများအတွက်
အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို
နိုဝင်ဘာ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

နားလည်မှုစာချွန်လွှာအရ ကန်တော်ကြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသင်တန်းကျောင်းသည်
မြန်မာနိုင်ငံတွင်ဖြန့်ချိနေသော Unilever ၏ကုန်ပစ္စည်း ၁၅ မျိုးကိုသင်ထောက်ကူ ပစ္စည်းအဖြစ်
အသုံးပြုနိုင်မှာဖြစ်ပြီး Unilever မှစားဖိုမှူးကြီးများကိုယ်တိုင် စာတွေ့လက်တွေ့ သင်ကြား
ပြသပေးမည်ဟု Unilever ၏ ကြော်ငြာမန်နေဂျာ ဒေါ်ဆုလင်းကိုက ပြောသည်။

''ကုန်ပစ္စည်း ၁၅ မျိုးစလုံးကိုကျောင်းရဲ့ သင်ထောက်ကူပစ္စည်းအနေနဲ့ အသုံးပြုလို့ရအောင်
ထောက်ပံ့ပေးထားတယ်။ ထူးချွန်တဲ့ကျောင်းသားတွေကို ကျောင်းက ဆရာဆရာမ ထောက်ခံမှုနဲ့
အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးတယ်။ စာမေးပွဲအောင်တဲ့သူတိုင်းကို Unilever ရဲ့
ကုန်ပစ္စည်း ၁၅ မျိုးစလုံးကို ကျွမ်းကျင်စွာသိရှိကြောင်း သင်တန်းဆင်းအောင်လက်မှတ်ပေးတယ်'' ဟု
ဒေါ်ဆုလင်းကိုက ပြောသည်။

ကန်တော်ကြီး သင်တန်းကျောင်းကို ၁၉၈၂ ခုနှစ်ကတည်းက ကုလသမဂ္ဂ၏ အကူအညီဖြင့်
စတင်တည်ထောင်ခဲ့ပြီး၊ နိုင်ငံပိုင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသင်တန်းကျောင်းအဖြစ်
ပထမဆုံးဖွင့်လှစ်ခဲ့သော သင်တန်းကျောင်းဖြစ်သည်။ လက်ရှိအချိန်ထိ ကျောင်းသားပေါင်း
တစ်သောင်းကျော် မွေးထုတ်ပေးပြီးဖြစ်သည်ဟု ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြည်က
ပြောသည်။

''မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း Unilever ကမြန်မာမှာ လာရောက်လုပ်ကိုင်ခဲ့ဖူးတယ်။
အဲဒီခေတ် အခြေအနေအရ ရပ်ဆိုင်းသွားရပေမဲ့ အခုပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်တယ်။ သူတို့
ထုတ်လုပ်ထားတဲ့ အစားအစာဆိုင်ရာ ကုန်ပစ္စည်းအကြမ်း၊ အချောတွေကို နှစ်ဦးနှစ်ဖက် သဘောတူမှုနဲ့
ပစ္စည်းတွေကို သင်တန်းကျောင်းမှာ လာရောက်အသုံးပြုခွင့်ပေးတယ်။ အဲဒါကြောင့်
သင်တန်းကျောင်းနဲ့ Unilever တို့ ရှေ့ဆက်လုပ်ငန်းတူလုပ်သွားဖို့ နားလည်မှု
စာချွန်လွှာရေးထိုးရခြင်းဖြစ်တယ်'' ဟု ဦးဝင်းကြည်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း