ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့

 ရန်ကုန်ရှိ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းများကို ခုနစ်လနီးပါး ရပ်နားခိုင်းခဲ့ပြီးမှ ပြန်လည်ခွင့်ပြုခဲ့သည်။ အောင်မြင်ရဲဇော်/ မြန်မာတိုင်း(မ်)ရန်ကုန်ရှိ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းများကို ခုနစ်လနီးပါး ရပ်နားခိုင်းခဲ့ပြီးမှ ပြန်လည်ခွင့်ပြုခဲ့သည်။ အောင်မြင်ရဲဇော်/ မြန်မာတိုင်း(မ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရသစ် သက်တမ်းဟာ ၂ဝ၁၆ ခုနှစ်
အကုန်မှာ တစ်နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ မြင့်မားတဲ့ မျှော်လင့်ချက်နဲ့အတူ
ဖြေရှင်းရမယ့် ပြဿနာအခက်အခဲတွေကလည်း များစွာရှိနေဆဲဖြစ်ပါတယ်။

အစိုးရအဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်မှုတွေတချို့ဟာ အငြင်းပွားစရာဖြစ်ခဲ့သလို ကန့်ကွက်တာတွေ၊
ဝေဖန်တာတွေ ရှိခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်ထဲမှာ အများပြည်သူဝေဖန်မှုကို အများဆုံးကြုံတွေ့ခဲ့ရတာကတော့
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ
ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံအချို့ကို ဆောင်ရွက်ခဲ့ပေမဲ့ သိသာတဲ့
အပြောင်းအလဲတစ်စုံတစ်ရာ မဖြစ်ဘူးလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ဆဲ အထပ်မြင့်အဆောက်အအုံတွေကို မူဝါဒအသစ်နဲ့
ပြန်စိစစ်မယ်ဆိုပြီး၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရပ်နားခိုင်းခဲ့ပါတယ်။ အဲဒီစီမံချက်ကြောင့်ပဲ
ဆောက်လုပ်ရေးလုပ် ငန်းတွေ ခုနစ်လနီးပါး ရပ်ဆိုင်းခဲ့ရပါတယ်။ မူဝါဒအသစ်နဲ့ အဟောင်းကြားမှာ
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အထိနာခဲ့ပြီး၊ နောက်ဆုံးမှာ အထပ်မြင့်အဆောက်အအုံတွေအားလုံးကို
တိုင်းဒေသကြီးအစိုးရက ပြန်လည်ခွင့်ပြုပေးခဲ့ပြန်ပါတယ်။

''အဲဒီစီမံချက်ကြောင့် ကျွန်တော်တို့ဆောက်လုပ်ရေးလုပ်ငန်းတွေ တော်တော် အခြေအနေဆိုးခဲ့တယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် အခုနှစ်က တော်တော်ဆိုးပါတယ်။ အစိုးရအဖွဲ့ အသစ်နဲ့
အဟောင်းကြားမှာ ဖြစ်နေတော့လေ''လို့ အမည်မဖော်လိုသူ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက
ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူတွေကို မေ ၂၆ ရက်ကစပြီး ထပ်မံခွင့်မပြုတော့ကြောင်း၊
လက်ရှိကျူးကျော်နေထိုင်သူတွေကိုလည်း စနစ်တကျ စာရင်းကောက်ယူပြီး အလုပ်အကိုင်နဲ့ နေထိုင်စရာ
စီစဉ်ပေးသွားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၂၅ ရက်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး
ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်ထိ ကျူးကျော်စာရင်းကောက်ယူတဲ့လုပ်ငန်းကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်
တစ်ခုတည်းမှာပဲ လုပ်ဆောင်နိုင်ပါသေးတယ်။ အကောင်အထည်ဖော်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေမှာ
ကျူးကျော် နေထိုင်သူအစစ်တွေကို နေရာပေးသွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာလ
အတွင်း ပြုလုပ်တဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ အသိပေးခဲ့ပါတယ်။

တိုင်းဒေသကြီးအစိုးရအနေနဲ့ ကျူးကျော်နေထိုင်သူတွေအတွက် တကယ်မလုပ်ပေးနိုင်သေးတဲ့အချိန်မှာ
ကြိုပြီးကြေညာလိုက်တာဟာ ကျူးကျော်အရေအတွက်ကို ထပ်တိုးလာစေတယ်လို့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း
ဦးနေမျိုးအောင်က ဆိုပါတယ်။

''စာရင်းအရင်ကောက်ပြီးမှ သူတို့အတွက်ဘာလုပ်ပေးနိုင်မယ်ဆိုတာကို သိနိုင်မယ်ထင်တာပဲ။
ဒါပေမဲ့ အခုက ဘာလုပ်ပေးမယ်ဆိုပြီး အရင်ပြောနေတာကခက်တယ်။ အိမ်ရာဆိုလည်း လုံလောက်မှု
ရှိနိုင်၊ မရှိနိုင်ကိုကြိုတင်ပြင်ဆင်တွက်ချက်သင့်တယ်။ ဒုံရင်းက ဒုံရင်းဖြစ်သွားရင် အစိုးရအတွက်လည်း
မကောင်းဘူး''လို့ သူက ပြောပါတယ်။

တိုင်းဒေသကြီးအစိုးရရဲ့ နောက်ထပ်လုပ်ငန်းတစ်ခုကတော့ ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို
လျှော့ချနိုင်ရေးပါ။ ပထမဦးဆုံးခြေလှမ်းအဖြစ် မီးပွိုင့်တွေကို ထိန်းချုပ်စင်တာကနေ တိုက်ရိုက်ကိုင်တွယ်ဖို့
အတွက် ဆောင်ရွက်နေပါတယ်။ မီးပွိုင့်တပ်ဆင်ရေးနဲ့ ထိန်းချုပ်စင်တာတည်ဆောက်ရေးလုပ်ငန်းတွေ
အတွက် အရင်အစိုးရ လက်ထက်ကတည်းက တရုတ်ကုမ္ပဏီတစ်ခုနဲ့ ပြည်တွင်းက မြန်မာရွှေရင်ကုမ္ပဏီကို
ပူးပေါင်းဆောင်ရွက်ဖို့ခွင့်ပြုခဲ့တာဖြစ်ပြီး သတ်မှတ်ရက်အတွင်းမပြီးရင် တစ်ရက်ကို ဒဏ်ငွေ
ကျပ်တစ်သိန်းဆောင်ဖို့လည်း စာချုပ်မှာသဘောတူခဲ့တာဖြစ်ပါတယ်။ သြဂုတ်လအတွင်း အပြီးသတ်ရမယ့်
အဲဒီစီမံကိန်းဟာ ယနေ့အချိန်ထိ ပြီးပြတ်ခြင်း မရှိသေးပါဘူး။

အဲဒီလုပ်ငန်းကို ဆောင်ရွက်ဖို့အတွက် ကုမ္ပဏီဘက်က ဒဏ်ကြေးတွေပေးဆောင်နေပြီး၊ မီးပွိုင့်များ
တပ်ဆင်ရာမှာ အခက်အခဲတွေရှိနေတာကြောင့် ပြီးစီးရမယ့်အချိန် နှောင့်နှေးနေခြင်းဖြစ်တယ်လို့
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး
ဒေါက်တာမောင်အောင်က ပြောပါတယ်။ ''မြေအောက်ကနေ ကြိုးတွေ သွယ်ရတာရှိပါတယ်။ အဲဒီနေရာမှာ
ကုမ္ပဏီဘက်က အခက်အခဲတွေရှိနေတာဖြစ်တော့ အစိုးရကပါ ကူညီပေးနေရတယ်''လို့ သူက ဆိုပါတယ်။

တိုင်းဒေကြီးလွှတ်တော်ရဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက၂ဝ၁၆ ခုနှစ်အတွင်းမှာ
တိုင်းဒေသကြီးအစိုးရရဲ့ မအောင်မြင်တဲ့ လုပ်ငန်းတွေကို လက်ညှိုးထိုးပြပါဆိုရင် ယာဉ်ကြောပိတ်ဆို့မှု
လုပ်ငန်းကိုမဆောင်ရွက်နိုင်တာက ထိပ်ဆုံးကပါနေတယ်လို့ ပြောပါတယ်။ ''တိုင်းဒေသကြီးအစိုးရဟာ
ယာဉ်ကြောပိတ်ဆို့မှုကို ထိထိရောက်ရောက်ဖြေရှင်း ပေးနိုင်ခြင်းမရှိဘူး။ရန်ကုန်မှာ အဓိကဖြေရှင်းသင့်တဲ့
အရာက အဲဒါပဲလေ''လို့ ဒေါ်ညိုညိုသင်းက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ မအောင်မြင်တဲ့ နောက်ထပ်စီမံချက်တစ်ခုကတော့
ကွန်တိန်နာကားတွေကို အချိန်အကန့်အသတ်နဲ့ ဖြတ်သန်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ကွန်တိန်နာကားတွေကို
ဒီဇင်ဘာ ၈ ရက်ကစပြီး ည ၉ နာရီကနေ မနက် ၆ နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့တဲ့အတွက်
ယာဉ်မောင်းတွေက ကျေနပ်လက်ခံခြင်းမရှိပါဘူး။ ကမ်းနားလမ်းတစ်လျှောက်မှာ ဆန္ဒပြတဲ့ ပုံစံမျိုးနဲ့
ကွန်တိန်နာယာဉ်တွေကို တန်းစီ ရပ်နားထားတဲ့အတွက် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုဖြစ်ပြီး
၁ဝ ရက်ကျော်အကြာမှာတော့ ဝန်မပါတဲ့ ကွန်တိန်နာယာဉ်တွေကို နံနက် ၁၁ နာရီကနေ
ညနေ ၃ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ ပြန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောင်ရွက်ချက်တွေထဲမှာ ထောက်ခံမှုရတာတွေလည်း ရှိပါတယ်။
မဘသအဖွဲ့အစည်းရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားစေတဲ့ ကိစ္စ၊ ခုံးကျော်တံတားစီမံကိန်းတွေ ဖျက်သိမ်းတာ၊
ညဈေးတန်းဖွင့်လှစ်တာနဲ့ လမ်းဘေးဈေးသည်ကို ကိုင်တွယ်မှုတွေက လူထုထောက်ခံမှု ရရှိခဲ့ပါတယ်။

အရင်အစိုးရလက်ထက်တုန်းက ယာဉ်ကြောပိတ်ဆို့မှုလျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ခုံးကျော်တံတားတွေ
ဆောက်လုပ်ခဲ့ပေမဲ့ လက်တွေ့မှာ အလုပ်မဖြစ်ခဲ့တဲ့အတွက် ပြည်သူတွေရဲ့ဝေဖန်မှု၊ လွှတ်တော်
ကိုယ်စားလှယ် တွေရဲ့ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။ အစိုးရသစ်အတွက် လျာထားပေးခဲ့တဲ့ ၂ဝ၁၆…၁၇
ဘဏ္ဍာရေးအသုံးစရိတ်မှာ ခုံးကျော်တံတားနှစ်စင်းဆောက်ဖို့လည်း ပါဝင်ခဲ့ပါတယ်။ ခုံးကျော်တံတားနှစ်စင်း
ဆောက်လုပ်မယ့်အသုံးစရိတ်ကို စည်ပင်သာယာနယ်နိမိတ်အပြင်က မြို့နယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
သုံးစွဲဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

လမ်းဘေးဈေးသည်တွေကို ကိုင်တွယ်တဲ့ကိစ္စမှာလည်း ဈေးသည်နဲ့ စည်ပင်ဝန်ထမ်းတွေအကြား
အငြင်းပွားဖွယ်ရာတွေဖြစ်နေပေမဲ့လည်း ပြည်သူအများစုကတော့ လမ်းဘေးဈေးသည်တွေကို
လမ်းဘေးမှာဈေးမရောင်းခိုင်းတာကို ထောက်ခံနေကြပါတယ်။ ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်းနဲ့
လမ်းမတော်မြို့နယ်တွေမှာ လမ်းဘေးဈေးမရောင်းဖို့ စီမံချက်ထုတ်ခဲ့တာဟာ ဆိုးကျိုးမရှိဘူးလို့
မဆိုနိုင်ပေမဲ့လည်း လမ်းလျှောက်စရာ လူသွားစင်္ကြန်များ အတည်တကျပြန်ဖြစ်လာပြီး ယာဉ်ကြော
ပိတ်ဆို့မှုကိုလည်း အထိုက်အလျောက် လျှော့ချပေးနိုင်ခဲ့ပါတယ်။

လမ်းဘေးဈေးသည် ၁,၆ဝဝ ကျော်ကို ကမ်းနားလမ်း ညဈေးမှာ နေရာပေးခဲ့ပါတယ်။ ရန်ကုန်တစ်မြို့လုံးမှာ
လမ်းဘေးဈေးသည် ၆,ဝဝဝ ကျော်ရှိနေတဲ့အတွက် လမ်းသွယ်တွေမှာ ဈေးရောင်းခွင့်ပေးထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ အောင်မြင်တဲ့လုပ်ငန်းတွေနဲ့ မအောင်မြင်တဲ့လုပ်ငန်းတေ
ွရှိခဲ့သလို ၂ဝ၁၆ ခုနှစ်အတွင်းမှာ အကောင်အထည်ဖော်ဖို့ပျက်ကွက်တဲ့ လုပ်ငန်းတွေလည်း ရှိခဲ့ပါတယ်။
စည်ပင် ဥပဒေပြင်ဆင်ရေးနဲ့ စည်ပင်ရွေးကောက်ပွဲပြုလုပ်ဖို့ကိစ္စဟာ တိုင်းဒေသကြီးအတွက် အရေးပါတဲ့
ကိစ္စဖြစ်ပေမဲ့ အခုထိတိုင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယ
အကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းရောက်ရှိနေပေမဲ့ ဆွေးနွေးအတည်ပြုခြင်းမရှိသေးပါဘူး။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကတော့ စည်ပင်ရွေးကောက်ပွဲဥပဒေဟာ သီးခြားမရှိဘဲ
စည်ပင်ဥပဒေမှာပဲပါနေတဲ့အတွက် ဥပဒေပြင်ပြီးမှသာ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နိုင်မယ်လို့
ဆိုထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းဒေသကြီး ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ မင်္ဂလာတောင်ညွန့်
မဲဆန္ဒနယ်မှ ဦးရန်အောင်က ရွေးကောက်ခံ စည်ပင်ကိုယ်စားလှယ်တွေ စည်ပင်သာယာရေးကော်မတီမှာ
ပါဝင်ဖို့ အရေးကြီးတဲ့ကိစ္စကို အစိုးရနဲ့လွှတ်တော်ဘက်က နှောင့်နှေးနေခြင်းကို
စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

''ဥပဒေကြမ်းကို ဒီဇင်ဘာ ၂၆ ရက်မှာကတည်းက အတည်ပြုမယ်လို့ သိထားတာ။ အဲဒီနေ့က
လွှတ်တော်အစီအစဉ်မှာ မပါခဲ့ဘူး။ ဘာလို့အခုအချိန်ထိ မဆွေးနွေးသေးတာလဲဆိုတာက
မေးခွန်းထုတ်စရာဖြစ်နေပါတယ်''လို့ သူကဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ၂ဝ၁၆ ခုနှစ်အတွင်း ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲခြင်း၊
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီရဲ့ ၂ဝ၄ဝ ပြည့်နှစ်ရန်ကုန်မြို့ပြ
မဟာဗျူဟာစီမံကိန်းကို ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း၊ ရန်ကုန်မြို့ တောင်ဘက်အခြမ်းတွင်
အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရန် လျာထားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း