Monday, April 24, 2017

ဥိးမျိုးရန်နောင်သိမ်းအမှု ဧပြီ ၇ တွင် အမိန့်ချမှတ်မည်

 

ဦးမျိုးရန်နောင်သိမ်းကို တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းနှင့်အတူ ဧပြီ ၄ ရက်နေ့ တရားရုံးချိန်းတွင် တွေ့ရစဉ်။  ဇော်ဇော်ထွေး/ မြန်မာတိုင်း(မ်)ဦးမျိုးရန်နောင်သိမ်းကို တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းနှင့်အတူ ဧပြီ ၄ ရက်နေ့ တရားရုံးချိန်းတွင် တွေ့ရစဉ်။  ဇော်ဇော်ထွေး/ မြန်မာတိုင်း(မ်)

ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူရန် အမှုဖွင့်တိုင်တန်းခြင်းခံထားရသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  NLD ၏ ဗဟိုသုတေသနလမ်းညွှန်ကော်မတီမှ
အတွင်းရေးမှူးဖြစ်သူ ဦးမျိုးရန်နောင်သိမ်းကို ဧပြီ ၇ ရက်တွင် အမိန့်ချမှတ်သွားမည်ဟု
ကမာရွတ်မြို့နယ်တရားသူကြီးက ဧပြီ ၄ ရက်တွင် ပြောကြားသည်။

ဧပြီ ၄ ရက်နေ့ တရားရုံးချိန်းတွင် စွပ်စွဲအမှုဖွင့်ခံထားရသူများဘက်မှ တရားခံသက်သေနှစ်ဦး
ဖြစ်သည့် အင်န်အယ်ဒီပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်နှင့် မြန်မာသံတော်ဆင့်
သတင်းဂျာနယ်မှာ တာဝန်ခံ အယ်ဒီတာချုပ်ဖြစ်သူ ဦးအံ့ခေါင်မင်းကို နှစ်ဖက်ရှေ့နေများက
စစ်ဆေးပြီး အပြီးသတ်လျှောက်လဲချက်များ တင်သွင်းခဲ့ကြသည်။

''ဒီအမှုမှာ ကာယကံရှင်ကိုယ်တိုင်က တရားစွဲရမှာပါ။ ကာယကံရှင်ကိုယ်တိုင် အသရေပျက်
ရပါတယ်ဆိုပြီး ပြောဖို့လိုပါတယ်။ ဒါမှ တရားမျှတမှု ရှိမှာပါ။ ဒါကိုကြားထဲကလူက ဝင်ပြီး
တရားစွဲတာတော့ မဖြစ်သင့်ပါဘူး''ဟု စွပ်စွဲအမှုဖွင့်ခံထားရသူ၏ အကျိုးဆောင်ရှေ့နေဖြစ်သူ
ဦးကျော်ဟိုးက တရားရုံးတော်၌ လျှောက်လဲချက်ပေးရာတွင် ပြောသည်။

တရားလိုအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ကို အသရေပျက်ပါသည်ဆိုသည့် လက်အောက်
ရဲဘော်များမှာ တင်ပြလာသည့် အထောက်အထားအား တရားရုံးတော်တွင် တင်ပြနိုင်ခဲ့ခြင်း
မရှိခဲ့ကြောင်းနှင့်ကာကွယ်ရေးဦးစီးချုပ်သို့ တင်ပြထားသည်ဆိုသော်လည်း အထောက်
အထားတစ်စုံတစ်ရာ သက်သေပြနိုင်ခဲ့ခြင်း မရှိသဖြင့် စွပ်စွဲခံရသူကို အပြစ်မပေးသင့်ကြောင်း
အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက လျှောက်တင်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောဒေသအကြမ်းဖက် တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာမှတစ်ဆင့်
ဝေဖန်ရေးသားခဲ့မှုအပေါ် တရားရုံးတော်က ဖေဖော်ဝါရီ ၁ ရက်တွင် ဆက်သွယ်ရေးဥပဒေ
ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင်ပြီးဖြစ်သည်ဟု တရားလို၏ အကျိုးဆောင်ရှေ့နေက
အပြီးသတ်လျှောက်လဲချက်ပေးရာတွင် ပြောခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပတ်သက်ပြီး ဝေဖန်ရေးသားချက်များမှာ ၄င်း၏
အရေးအသားမဟုတ်ကြောင်း ဦးမျိုးရန်နောင်သိမ်းဘက်က ငြင်းဆိုထွက်ဆိုထားခြင်း
မရှိဘဲ၊ ၄င်းရေးသားထားသည်မှာ မှန်ကန်ကြောင်း ထွက်ဆိုထားခဲ့ပြီး ဦးမျိုးရန်နောင်သိမ်းကို
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် သင့်တော်သည့် ပြစ်ဒဏ်ချမှတ်ပေးပါရန်
တရားလိုအကျိုးဆောင်ရှေ့နေက ပြောသည်။

နှစ်ဖက် အကျိုးဆောင်ရှေ့နေများ၏ အပြီးသတ် လျှောက်လဲချက်များကို ကြားနာပြီးနောက်
ဧပြီ ၇ ရက် တရားရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်ပေးမည်ဟု မြို့နယ်တရားသူကြီးက
ဆုံးဖြတ်ခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း