သုံးလအတွင်း လူကူးအချက်ပြ မီးတိုင် ၃ဝဝ တပ်ဆင်သွားမည်

ရန်ကုန်မြို့ရှိ လူကူးမျဉ်းကျားများတွင် လူကူးရန် အချက်ပြမီးတိုင် ၃ဝဝ ခန့် တပ်ဆင်
သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဧပြီ ၂၆ ရက်တွင်
ကျင်းပသော တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရောင်မှေးမှိန်နေသော လူကူးမျဉ်းကျားများကို
ပြန်လည်ရေးဆွဲသွားမည်ဖြစ်ပြီး အချက်ပြမီးဝါတိုင်များ တပ်ဆင်ခြင်းနှင့် မီးတိုင်ပျက်များ
လဲလှယ်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်မည်ဟု ၄င်းက ပြောသည်။

''Signal Light pedestrian crosiingဆိုတဲ့အစီအစဉ်နဲ့ တိုင်ပေါင်း ၃ဝဝ ကျော်ကို
သုံးလအတွင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုများတဲ့ လမ်းဆုံ
လမ်းခွတွေ၊ မီးပွိုင့်တွေမှာ ယာဉ်ထိန်းတပ်ဖွဲ့ ဝင်တွေကိုလည်း အချိန်နဲ့ တာဝန်
ချထားပေးနေတယ်။ မီးပွိုင့်တွေမှာလည်း ဆိုင်ကယ်တွေ စီစဉ်ပေးထားပြီးတော့ လိုအပ်ရင်
သွားရောက်ဖြေရှင်းပေးနိုင်ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်'' ဟု ဦးမြင့်သောင်းက ပြောသည်။

ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက ''ရန်ကုန်တိုင်းဒေသကြီး
အတွင်းရှိ မြို့နယ်တော်တော်များများတွင် ပျောက်ဆုံးလျက်ရှိသော မျဉ်းဝါ၊လူကူးမျဉ်းကျား
များတွင် တပ်ဆင်ထားသော မီးပွိုင့်အချက်ပြမီးများကို ပြန်လည်တပ်ဆင်ပေးနိုင်ရန်နှင့်
မျဉ်းဝါလိုင်းများအမြန်ဆုံးပြန်လည်ရေးဆွဲပေးရေး၊ ကျောင်းရှိသော နေရာများနှင့်
လူကူးမျဉ်းကျားများတွင် လူကူးအရုပ်ပုံများပါသော အယ်လ်အီးဒီအချက်ပြတိုင်များ
တပ်ဆင်ပေးရန်၊ အရေးပေါ်ကားများ အလွယ်တကူသွားလာနိုင်စေရေးအတွက်
ယာဉ်ကြောရှင်းလင်းစေရန် ဝန်ထမ်းအင်အား လုံလောက်စွာ ချထားပေးရေး၊ လမ်းစည်းကမ်း၊
ယာဉ်စည်းကမ်းချိုးဖောက်သည့် ယာဉ်များကို သတ်မှတ်ထားသောစည်းကမ်းနှင့်အညီ
အရေးယူဆောင်ရွက်နိုင်ရေး''မေးမြန်းခြင်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂ဝ၁၅၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း မတ် ၈ ရက်အထိ ကားစီးရေ စုစုပေါင်း ၆,ဝ၅၉ စီးကို
ဖမ်းဆီးအရေးယူခဲ့ပြီး ဒဏ်ငွေ ကျပ် ၁,၆ဝ၉ သိန်း၊ သုံးတန်နှင့်အထက် ယာဉ် ၂၉၉ စီးကို
အရေးယူခဲ့ပြီး ကျပ် ၁၄၄ သိန်း ဒဏ်ရိုက်ခဲ့သည်ဟု ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း