ဒုတိယသမ္မတနှင့် ဆွေးနွေးခွင့် ရရှိရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တောင်းဆို

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် အလုပ်သမားများကို တွေ့ရစဉ်။ ဇော်ဇော်ထွေး/မြန်မာတိုင်း(မ်)အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် အလုပ်သမားများကို တွေ့ရစဉ်။ ဇော်ဇော်ထွေး/မြန်မာတိုင်း(မ်)

ဒုတိယသမ္မတနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များဖြင့် လစဉ်တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ
ပြုလုပ်သကဲ့သို့ အလုပ်သမားထု ကိုယ်စားလှယ်များအနေဖြင့်လည်း ဒုသမ္မတနှင့်
တွေ့ဆုံဆွေးနွေးခွင့်များ ရရှိလိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
(စီတီယူအမ်) က လှိုင်သာယာမြို့နယ် မိုးလုံလေလုံအားကစားကွင်းတွင် ပြုလုပ်ခဲ့သည့်
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားတွင် တောင်းဆိုလိုက်သည်။

"ကျွန်တော်တို့လည်း နိုင်ငံတော်သမ္မတနဲ့ တွေ့ချင်ပါတယ်။ ကျွန်တော်တို့ကို အဆင့်အတန်းမခွဲကြပါနဲ့။
ကျွန်တော်တို့ဟာ ကိုယ့်လုပ်ငန်း ကိုယ်လုပ်ကိုင်နေသူတွေဖြစ်တယ်။ တိုင်းပြည်တာဝန်
ထမ်းဆောင်နေသူတွေ ဖြစ်တဲ့အတွက် တွေ့ဖိုသင့်ပါတယ်။ တွေ့ချင်ပါတယ်"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ
အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (စီတီယူအမ်) ဥက္ကဋ္ဌ ဦးမောင်မောင်က အလုပ်သမားနေ့ အခမ်းအနား
မိန့်ခွန်းတွင် ထည့်သွင်းတောင်းဆိုခဲ့သည်။

ဒုတိယသမ္မတဦးမြင့်ဆွေက မြန်မာနိုင်ငံ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်
တွေ့ဆုံဆွေးနွေးမှုများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်
ငါးကြိမ်ခန့်ထိ တွေ့ဆုံဆွေးနွေးမှုရှိထား ပြီးဖြစ်ကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးမှုများကြောင့်
အောင်မြင်ဖြစ်ထွန်းလာမှုများ ရှိနေသည့်အတွက်လည်း ၀မ်းမြောက်ရကြောင်း၊ အလုပ်သမား
ကိုယ်စားလှယ်များ၊ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များအနေဖြင့် အလုပ်သမားထုကိုယ်စား
ဒုတိယသမ္မတဖြင့် တွေ့ဆုံဆွေးနွေးခွင့်များ ရလိုပြီး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အလုပ်သမားထုဘက်မှ အမြင်များ၊ စီးပွားရေးရှုထောင့်များကို တင်ပြဆွေးနွေးလိုသည်ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)ရှိ
မြို့နယ်အားကစားကွင်းတွင် ကျင်းပ ခဲ့ပြီး၊ သမဂ္ဂအဖွဲ့ဝင် အလုပ်သမား ၃,၀၀၀ ခန့် က
န၀ဒေးဥယျာဉ်အိမ်ရာထိပ်မှ အခမ်းအနား ကျင်းပရာသို့ ချီတက်လမ်းလျှောက်ခဲ့ကြပြီး၊ အခမ်းအနားတွင်
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား
ဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း (အိုင်အယ်လ်အို)
မှ မြန်မာဌာနေကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ် အထွေထွေအတွင်းရေးမှူး အပါအ၀င်၊ လှိုင်သာယာမြို့နယ်စက်မှု ဇုန်ဥက္ကဋ္ဌတို့
တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သ၀ဏ်လွှာပေးဖို့ခဲ့ပြီး အလုပ်ရှင်နဲ့
အလုပ်သမား အချင်းချင်းဆက် ဆံရေးကောင်းမွန်ပြီး အပြန်အလှန်လေးစား ယုံကြည်မှုနဲ့
စည်းလုံးညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်မှသာ ကုန်ထုတ်စွမ်းအားတိုးတက်ပြီး လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

"ရည်မှန်းချက် ပန်းတိုင်ကိုရောက်ရှိဖို့ ဆိုရှယ်ဒိုင်ယာလော့ခ်လို့ ခေါ်တဲ့ လူမှုရေးဆွေးနွေးမှုဟာ
မရှိမဖြစ် အရေးပါတဲ့အတွက် အစိုးရ၊ အလုပ်သမားနဲ့ အလုပ်ရှင်တို့ ပါဝင် ဖွဲ့စည်းထားတဲ့
အမျိုးသားအဆင့် သုံးပွင့်ဆိုင် အစည်းဝေးတွေမှာ လူမှုရေးဆွေးနွေးမှုများ ကို တိုးမြှင့်ဆောင်ရွက်နေပြီ
ဖြစ်တယ်"ဟု သမ္မတကြီးဦးထင်ကျော်၏ သ၀ဏ်လွှာတွင် ထည့်သွင်းဖော်ပြသည်။

မြန်မာနိုင်ငံသည် အာဏာရှင်စနစ် လက် အောက်တွင်ရောက်ရှိခဲ့ပြီး နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့
အရေးယူခံရမှုများကြောင့် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့သည့် စက်ရုံအလုပ်ရုံများမှာ
နိုင်ငံတကာအဆင့် အတန်းမီ ဆောင်ရွက်နိုင်မှု အားနည်းခဲ့ကြောင်း၊ အလုပ်သမားများ၏ ရပိုင်ခွင့်
အခွင့်အရေးများ အားနည်းခဲ့ပြီး နိုင်ငံတော်တွင် ပြဋ္ဌာန်းထားသည့် ဥပဒေများသည်လည်း
အလုပ်သမားထုအတွက် အဆင်မပြေနိုင်သေးသည့်အခြေအနေများ ရှိနေနိုင်ကြောင်း ရန်ကုန်တိုင်း
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

"စက်မှုဇုန်ကြီးတွေ ဖွံ့ဖြိုးတိုးတက်လာဖို့၊ စက်မှုဇုန်ကြီးတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့
အလုပ်သမားတွေ၊ အလုပ်ရှင်တွေ ဖွံ့ဖြိးတိုးတက်လာဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းရမှာဖြစ်တယ်။
ဒီလိုကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ အစိုးရရယ် အလုပ်ရှင်ရယ်၊ အလုပ်သမားကြားမှာ
ညီညီညွတ်ညွတ်နဲ့ ပွင့်ပွင့်လင်းလင်း ကျွန်တော်တို့ ဆွေးနွေးကြဖို့လိုပါတယ်"ဟု ဦးဖြိုးမင်းသိန်းက
ပြောသည်။

အဆိုပါ အလုပ်သမားများနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
(စီတီယူအမ်)က ဒုသမ္မတနှင့် တွေ့ဆုံဆွေးနွေးခွင့်အပြင် အနည်းဆုံးလုပ်ခလစာ မပေးချေသည့်
စက်ရုံများ ရှိနေသေးသည့်အတွက် ထိုစက်ရုံများ ပပျောက်အောင် အစိုးရ၊ အလုပ်ရှင်နှင့်
အလုပ်သမားများ ပူးပေါင်းဆောင်ရွက်ပေးရေးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားထုအတွင်း
ဖွဲ့စည်းထားပြီးဖြစ်သည့် အလုပ်သမား လူငယ်ကော်မတီများ၊ အမျိုးသမီးအလုပ်သမားကော်မတီများကို
တိုင်းဒေသကြီး အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးခွင့်များပေးရေးကိုလည်း တောင်းဆိုခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း