ဦးဝီရသူ၏ ပြောဆိုဆောင်ရွက်ချက်များကို ဓမ္မနှင့် အဓမ္မ ခွဲခြားဆုံးဖြတ်ပေးရန် တောင်းဆို

အဓမ္မ၀ါဒ ဆန့်ကျင်ရေးကော်မတီကို ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမြတ်ကျော်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားနေစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)အဓမ္မ၀ါဒ ဆန့်ကျင်ရေးကော်မတီကို ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမြတ်ကျော်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားနေစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံသို့ ဦးဝီရသူ၏ ပြောဆိုလုပ်ကိုင်ဆောင်ရွက်ချက်များသည်
ဓမ္မနှင့် အဓမ္မကို ခွဲခြားကြေညာပေးရန် ပြည်သူလူထုထံမှ ကောက်ယူထားသော လက်မှတ်ပေါင်း
၅၀၀ ကို တင်ပြတောင်းဆိုထားသည်မှာ တစ်လနီးပါးခန့် ကြာမြင့်သော်လည်း ထူးခြားမှု
မရှိသေးကြောင်း အဓမ္မ၀ါဒ ဆန့်ကျင်ရေးကော်မတီကို ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမြတ်ကျော်က
မေလ ၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က ကမ္ဘာအေးသာသနာ့ဝိနိစ္ဆယဌာနရုံးတွင် တောင်ဒဂုံမြို့နယ်ရှိ
ရပ်ကွက်နေပြည်သူများမှ လက်မှတ်ပေါင်း ၅၀၀ ကို ကောက်ခံကာ ဦးဝီရသူ၏ ပြောဆိုလုပ်ကိုင်
ဆောင်ရွက်ချက်များကို သံဃာ့ဝိနိစ္ဆယခုံးရုံးဖွဲ့ကာ နိုင်ငံတော်သံဃာ့နာယကအဖွဲ့က ဆုံးဖြတ်
ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

"သံဃမဟာနာယကနဲ့ အစိုးရကို အရေးယူပေးဖို့ လက်မှတ်ငါးရာနဲ့ စာတင်တယ်။
အကြောင်းမပြန်ဘူး။ ဘာလို့ အရေးမယူတာလဲ၊ သံဃာ့ဝိနိစ္ဆယခုံးရုံးမှာ ဘာကြောင့်
ခွဲခြားမပေးနိုင်တာလဲဆိုတဲ့ မေးခွန်းကို အစိုးရရော သံဃမဟာနာယကရော ပြည်ထဲရေးရောကို
မေးချင်တယ်။ ဓမ္မမဟုတ်သော လူမျိုးရေးခွဲခြားသော အမုန်းတရား ဖြန့်ဖြူးသော သူတွေကို
အရေးမယူနိုင်ဘူးဆိုရင် ဘာသာရေး အစွန်းရောက်မှု ဖက်ဆစ်စနစ်ကို ရောက်သွားစေနိုင်တယ်"ဟု
ကိုမြတ်ကျော်က ပြောသည်။

ဦးဝီရသူနှင့် အပေါင်းအပါများကို အဓမ္မ၀ါဒီအဖြစ် သတ်မှတ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏
အခြေအနေသည် အဓမ္မ၀ါဒီ ကြီးစိုးမှုနှင့်အတူ တိုင်းပြည်အတွင်း မတည်မငြိမ်ဖြစ်အောင် ဘာသာရေး
သွေးထိုးလှုံဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ဘာသာစွဲ လူမျိုးစွဲနှင့် ဘာသာရေးလူမျိုးရေး မုန်းတီးမှု
ပြုလုပ်ဖြန့်ဝေနေသော အဖွဲ့အစည်းသည် ပိုမိုခိုင်မာ အားကောင်းလာသည့်အတွက် စုပေါင်းတားဆီးရန်
လိုအပ်ကြောင်း ၎င်းကဆိုသည်။

ဆရာတော်ဦးဝီရသူ တရားဟောခွင့် ပိတ်ပင်ခံရမှုအပေါ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
ဆုံးဖြတ်ချက် အပိုဒ်(ခ)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရားဟောခွင့်
တစ်နှစ်ပိတ်ပင်သည့် ဆုံးဖြတ်ချက်အပေါ် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရ
အရေးယူဆောင်ရွက်သွားရန် ညွှန်ကြားထားသည်။

"အပိုဒ် ခ အရ လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားရန်
ဆိုတဲ့ ညွန်ကြားချက်ကို နိုင်ငံတော်အစိုးရ၊ ပြည်ထဲရေး၊ တိုင်းဒေသကြီး အစိုးရအတွေအနေနဲ့
တရားမစွဲဆိုတာက သက်ဆိုင်တဲ့ အစိုးရက အရေးမယူရဲတာလား၊ အရေးမယူတာလားဆိုတာကို
တိတိကျကျ မေးခွန်းထုတ်ရပါလိမ့်မယ်" ဟု ကိုမြတ်ကျော်က ပြောသည်။

တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေချိုးဖောက်သူများကို အရေးယူရန် ပျက်ကွက်နေပါက
ပိုမိုဆိုးရွားလာနိုင်သော အခြေအနေများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း၊ အစိုးရ၏ အရေးယူ
ဆောင်ရွက်ချက်အပေါ် အရပ်ဖက်အဖွဲ့အစည်းများအနေနှင့် ၀န်းရံထောက်ခံပေးသွားမည်ဖြစ်ကြောင်း၊
အလားတူ ကော်မတီအဖွဲ့ဝင်များ တိုင်ပင်လျက် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများတွင်
ထပ်မံကောက်ခံကာ သံဃာ့အဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရအဖွဲ့တို့ထံ တင်ပြတောင်းဆို
သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိအရပ်သားအစိုးရသည် အာဏာရအစိုးရနှင့် တပ်မတော်တို့အကြား မျိုးသားရင်ကြားစေ့ရေး
တည်ဆောက်နေရခြင်း၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထဲရေးဌာနတို့၏
လိုက်ပါဆောင်ရွက်မှု အားနည်းချက်နှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ လိုက်ပါဆောင်ရွက်မှု
လိုအပ်ချက်များကြောင့် တရားဥပဒေစိုးမိုးရေးတွင် အားနည်းလျက်ရှိကြောင်း ကော်မတီက
သုံးသပ်ပြောဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း