မင်္ဂလာတောင်ညွန့်တွင် လှုံ့ဆော်မှုဖြစ်ပွားရာ ရဲတပ်ဖွဲ့က ဥပဒေစိုးမိုးရန် ကြိုးပမ်းခဲ့

 မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယမန်နေ့က လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ (အပေါ်ပုံ) နှင့် ရုန်းရင်းဆန်ခတ်မှုတွင် ပါဝင်ခဲ့သည့် မော်တော်ယာဉ်တစ်စီး (ယာပုံ)။ ကောင်းထက်/ မြန်မာတိုင်း(မ်)မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယမန်နေ့က လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ (အပေါ်ပုံ) နှင့် ရုန်းရင်းဆန်ခတ်မှုတွင် ပါဝင်ခဲ့သည့် မော်တော်ယာဉ်တစ်စီး (ယာပုံ)။ ကောင်းထက်/ မြန်မာတိုင်း(မ်)

ယမန်နေ့ညပိုင်းက အစ္စလမ်ဘာသာဝင် အများစု နေထိုင်ရာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်
လူအင်အား ၁ဝဝ ခန့်နှင့် ရပ်ကွက်နေထိုင်သူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က
သေနတ်နှစ်ချက်ပစ်ဖောက်၍ လူစုခွဲဟန့်တားခဲ့ရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းရှိ နေအိမ်တစ်အိမ်တွင် တရားမဝင်နေထိုင်သူများကို
စစ်ဆေးပေးရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့မှ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်များက
မြို့နယ်ရဲစခန်းသို့ ဦးစွာ သတင်းပေးခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊
လဝက ပါဝင်သောအဖွဲ့က အဆိုပါနေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာတွင် တရားမဝင်
နေထိုင်သူများကို မတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါစစ်ဆေးရေးအဖွဲ့ ကားဖြင့်ပြန်လည်ထွက်ခွာစဉ် ရပ်ကြည့်သူအချို့က အော်ဟစ်၍
ခဲဖြင့် ပစ်ပေါက်ခဲ့သည်ဟု ရဲမှတ်တမ်းက ဆိုသည်။ ''လဝကတို့ သက်ဆိုင်ရာရဲတပ်ဖွဲ့တို့
မြို့နယ်မှူးတို့ကိုယ်တိုင် စစ်ဆေးတယ်။ ဦးဇင်းတို့ ဒီက ပြည်သူတွေ လူငယ်တွေက
အဲဒီရပ်ကွက်မှာ စောင့်ကြည့်ပြီးတော့ ရဲတပ်ဖွဲ့ကို ပူးပေါင်းပြီးတော့ ကူညီပေးတဲ့အဆင့်ပဲ
ရှိတယ်'' ဟု မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ အတွင်းရေးမှူး ဦးသုစိတ္တက
မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းရှေ့တွင် မီဒီယာကို ပြောကြားခဲ့သည်။

night.jpg - 52.11 KBnight.jpg - 52.11 KB

အခင်းဖြစ်ပွားခဲ့ရာ နေရာသို့ မြန်မာတိုင်း(မ်)က သွားရောက်ခဲ့စဉ် လမ်းမထက်တွင်
ရပ်ကွက်နေသူများ စုရုံးလျက်ရှိနေကြပြီး မြယာကုန်းလမ်းမအနီးရှိ ၁၂၂ နှင့် ၁၂၃ လမ်းများကို
အဝင်အထွက်ပိတ်ထားသည်ကို တွေ့ရှိခဲ့သည်။ မျိုးချစ်ရဟန်းတော်များ ဦးဆောင်သည့်
အဖွဲ့က မြို့နယ်ရဲစခန်းရှေ့တွင် ရဲအရာရှိများကို ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်နေသဖြင့်
ရဲစခန်းရှေ့တွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ရယူနေသည်ကိုလည်း တွေ့ရှိခဲ့သည်။

အဆိုပါနေရာမှ မျိုးချစ်ရဟန်းတော်များ ဦးဆောင်သည့်အဖွဲ့ ပြန်လည်ထွက်ခွာစဉ်
မြယာကုန်းလမ်းမတစ်လျှောက် ဟစ်အော်ဆဲရေးမှုများ ပြုလုပ်ခဲ့ရာ လမ်းတွင်
နေထိုင်သူများက အုတ်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ရဲတပ်ဖွဲ့ကားများကိုလည်း နေထိုင်သူများက
အုတ်ခဲများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်နှစ်ချက် ပစ်ဖောက်၍
ဟန့်တားခဲ့သည်ကို အခင်းဖြစ်ပွားရာသို့ သွားရောက်သတင်းရယူခဲ့သည့် မြန်မာတိုင်း(မ်)က
တွေ့ရှိခဲ့သည်။

''ကျွန်မတို့လည်း ဘာမှမသိဘူး ဘာလုပ်ဖို့ လာမှန်းလည်း မသိဘူး။ ဘာမှလည်း မမေးလိုက်ရဘူး။
သန်းခေါင်စာရင်းမေးတယ်၊ မှတ်ပုံတင်မေးတယ်။ ကျွန်မ အဲဒါပဲ လိုက်ရှာတယ်'' ဟု
ဝင်ရောက်ရှာဖွေခြင်းခံခဲ့ရသည့် နေအိမ်ပိုင်ရှင် အသက် ၄၇ နှစ်အရွယ် ဒေါ်ဝင်းက
ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် လုံခြုံရေးကို စိုးရိမ်ပူပန်နေရကြောင်း မြယာကုန်းလမ်းတွင်နေထိုင်သူ
အသက် ၄ဝ အရွယ် အမည်မဖော်လိုသူ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။ ''ဟိုမှာ
ရဲကားတွေ ရပ်နေတယ်။ ဘာလုံခြုံရေးလည်း ကျွန်တော်တို့ မသိဘူး။ ပြဿနာက ကြီးမှာလား၊ သေးမှာလား၊
အေးမှာလား၊ ကျွန်တော်တို့မသိဘူး။ မိသားစုတွေ ရှိတယ်ဗျာ'' ဟု ၄င်းက ယမန်နေ့ညတွင် ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း
တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း