မင်္ဂလာတောင်ညွှန့်ပဋိပက္ခတွင် မြို့နယ်တာဝန်ရှိသူများအား စုံခုံဖွဲ့စစ်ဆေးနေ

 မေလ ၉ရက်နေ့ညက ဖြစ်ပွားခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် အတွင်းအမျိုးသားရေးအမည်ခံ
လှုပ်ရှားသူများနှင့် ဒေသခံရပ်ကွက်နေ ပြည်သူ လူအုပ်စုနှစ်ခုအကြား ပဋိပက္ခဖြစ်ပွားမှုနှင့်
ပတ်သက်ပြီး မြို့နယ်အဆင့် တာဝန်ရှိသူများအား စုံခုံဖွဲ့ကာ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း
ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။

"မင်္ဂလာတောင်ညွန့်ရဲစခန်းမှူးကို ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တစ်ခြားမြို့နယ်တစ်ခုကို
ပြောင်းလိုက်တယ်။ မြို့နယ်မှူးနဲ့ မြို့နယ်ထွေအုပ် တာဝန်ရှိသူတွေကိုတော့ လိုအပ်သလို
စစ်ဆေးမှုတွေပြုလုပ်နေတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသည့်
အဆင့်မြင့်ရဲအရာရှိတစ်ဦးက မြန်မာတိုင်းမ်ကို မေလ ၁၂ ရက်နေ့တွင် ပြောသည်။

အဆိုပါ ပဋိပက္ခဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နေအိမ်သို့ သွားရောက်စစ်ဆေးရာတွင်
ပါဝင်ခဲ့သော ဆရာတော်နှစ်ပါးနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုတင်ထွဋ်ဇော်(ခ)ကိုလတ်
နှင့် ဇနီး မအောင်အောင်မြင့်(ခ) မအောင်၊ တင်လင်းထိုက်(ခ)လင်းလင်း၊ တင်ဌေးအောင်(ခ)
အကြီးကောင်၊ မြတ်ဘုန်းမိုရ်တို့ကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးခင်မောင်ဦးက
တရားလိုပြု၍ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် ၀ရမ်းထုတ်ကာ အမှုဖွင့်
အရေးယူထားသည်။

ဝရမ်းထုတ်သူခံထားရသည့် လူပုဂ္ဂိုလ် ငါးဦးအနက် ကိုတင်ထွဋ်ဇော်(ခ)ကိုလတ်နှင့်
ဇနီး မအောင်အောင်မြင့်တို့ကို မေလ ၁၁ ရက် ညနေ ၅ နာရီခွဲခန့်က မြေပဒေသာကျွန်း
အနီးတွင် ရန်ကုန်တိုင်းဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။ ရာဇသတ်ကြီး
ဥပဒေ ပုဒ်မ ၅၀၅ (ဂ)တွင် ]လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ
တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန် အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်း မဟုတ်
အဆိုပါလှုံ့ဆော်ခြင်းကို ဖြစ်တန်ရာသည် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်ထိ ထောင်ဒဏ်
တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်} ဟု ပြဌာန်းထားသည်။

ပုဒ်မ ၃၄ တွင် 'အကြံတူတစ်ခုကို အထမြောက်စေခြင်းငှာ၊ တစ်ဦးထက်ပိုသောသူများကပြုခြင်း၊
တစ်ဦးထက်ပိုသောများသည် မိမိတို့၏အကြံတူ တစ်ခုကို အထမြောက်စေရန် ရည်ရွယ်၍
ပြစ်မှုကို ပြုလုပ်ခဲ့လျှင် ထိုပြုလုပ်မှုကို တစ်ဦးတည်း သိသကဲ့သို့ ထိုသူအသီးသီး၌ တာဝန်ရှိသည်' ဟု
ဖော်ပြထားသည်။

"မကြာခင်မှာ ရဲတပ်ဖွဲ့က ကြေညာပါလိမ့်မယ်။ နာမည်စာရင်း တောင်းတာ ဘာညာတော့ ကြားတယ်၊
ပြောင်းတာရွှေ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အတိအကျတော့ မဟုတ်သေးဘူး။ ဒါကတော့
အပြောင်းအရွှေ့ လုပ်တဲ့ လုပ်နည်းလုပ်ဟန်တွေ။ ဒါနဲ့ ပတ်သက်ပြီး ၀န်ကြီးချုပ်ကလည်း တိုက်ရိုက်
အလေးအနက်ထားပြီး ကိုင်တွယ်နေပါတယ်။ ဒီအတွက် အစီရင်ခံစာတွေကို တင်ပြထားတယ်" ဟု
မင်္ဂလာတောင်ညွှန့်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် လုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို ၀န်ကြီးချုပ်ဦးဖြိုး မင်းသိန်း ဦးဆောင်လျက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီးတင်အောင်ထွန်း အပါအ၀င် အခြားဥပဒေရေးရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်
ရှိသူများနှင့် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဆွေးနွေးခဲ့ကြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း