နိုင်ငံတော်အကြည်ညိုပျက်စေမှူ ပုဒ်မ ၅၀၅(ခ) တရားစွဲဆိုခံထားရသည့် အမျိုးသားရေးသမားများ၏ အာမခံ လျှောက်ထားချက် ပယ်ချ

အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့သည့် အမျိုးသားရေးသမားများကို နိုင်ငံတော် အကြည်ညိုပျက်စေမှူဖြင့်
တရားစွဲဆိုခံထားရာ ၄င်းတို့၏ အာမခံ လျှောက်ထားချက်ကို ကမာရွတ်မြို့နယ်တရားရုံးက
ပယ်ချခဲ့သည်။

ယနေ့ မေ ၁၂ရက်နေ့က ကမာရွတ်မြို့နယ်တရားရုံးတွင် အမျိုးသားရေးလှုပ်ရှားသူ ကိုဝင်းကိုကိုလတ်၊
ကိုနောင်တော်လေး၊ ကိုမျိုးသက်ဦးနှင့် ကိုနေဝင်းအောင်တို့ကို စစ်ဆေးမေးမြန်းကာ လျောက်လဲချက်
တင်သွင်းစေပြီး ၄င်းတို့၏ အာမခံလျောက်ထားချက်အပေါ် ပုဒ်မ ၅၀၅(ခ) သည် ရာဇသတ်ကြီးဥပဒေ
ကျင့်ထုံးအရ အာမခံပေးခွင့်မရှိဟုဆိုကာ ကမာရွတ်မြို့နယ်တရားသူကြီး ဒေါ်စိုးစိုးမိုးက ဆုံးဖြတ်ခဲ့သည်။

ထို့နောက် တရားစွဲဆိုခံထားရသူ ၇ ဦးအနက် တက်ရောက်လာသည့် ၄ ဦးကို အင်းစိန်ထောင်သို့
ခေါ်ဆောင်သွားသည်။

ထိုတရားစွဲဆိုခံထားရသည့် ၇ ဦးအနက် ကျန်ရှိနေသည့် ဦးပါမောက္ခနှင့် မျိုးချစ်မြန်မာ ရဟန်းတော်များ
သမဂ္ဂမှ ဦးသုစိတ္တ အပါအ၀င် ရဟန်း သုံးပါးသည် ရုံးချိန်းသို့ ကြွရောက်လာခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဧပြီလအတွင်းက ရန်ကုန်မြို့အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင်
ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးနှုန်းခဲ့သည့်အပေါ် ခွင့်မပြုသည့်နေရာတွင် ဆန္ဒထုတ်ဖော်ခဲ့သည့်
မကွေးကျောင်းဆရာတော် ဦးပါမောက္ခနှင့် ကိုဝင်းကိုကိုလတ် အပါအဝင် ခုနစ်ဦးကို ငြိမ်းချမ်းစွာ
စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ) တို့ဖြင့်
အမှုဖွင့် အရေးယူထားသည်။

တရားရုံးသို့ ရောက်ရှိလာသည့် အမျိုးသားရေးလှူပ်ရှားသူများက အာမခံမရဘဲ
ဖမ်းဆီးထိန်းသိမ်းခံရသည့်အပေါ် 'အမျိုးသားရေး မကျဆုံးစေရ' ဟု ကြွေးကြော်ထောက်ခံခဲ့ကြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း