မဘသအဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ ဝေဖန်တိုက်ခိုက်နေဟု မဘသဆို

ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး(မဘသ) လုပ်ငန်းများကို ဆောင်ရွက်လျက်
ရှိသည့် မဘသအဖွဲ့ကို ထင်ရှားသူအချို့က ရည်ရွယ်ချက်ရှိရှိ ဝေဖန်တိုက်ခိုက်လျက်ရှိကြောင်း
မဘသအဖွဲ့မှ ဗဟိုဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် သိမ်ဇရပ်ဆရာတော် အရှင်ပညာဝရ(ဓမ္မဒူတ)
က မေလ ၁၆ ရက်နေ့က ပြုလုပ်သည့် 'မင်္ဂလာတောင်ညွှန့်ပဋိပက္ခ' သတင်းစာရှင်းလင်းပွဲတွင်
မိန့်ကြားပြောဆိုသည်။

ပြီးခဲ့ရတ္တပတ်အတွင်း ဖြစ်ပွားခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မြရာကုန်းပဋိပက္ခတွင်
မဘသအဖွဲ့ဝင်များက လုပ်ဆောင်သည်ဆိုသော လွှတ်တော်ကိုယ်စားလှယ်အချို့၏ ပြောကြားချက်များ
အပေါ် ရည်ညွှန်းကာ မဘသအဖွဲ့က တုံ့ပြန်ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်။

"မင်္ဂလာတောင်ညွှန့်မှာ ဖြစ်သွားတဲ့ကိစ္စကို မဘသအဖွဲ့ကြီး သိလည်း မသိဘူး။ လုပ်လည်း မလုပ်ဘူး။
ဒါကို တချို့ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က မဘသလို့ စွပ်စွဲတာ။ တကယ်လုပ်ပါတယ်ဆိုတဲ့
ပုဂ္ဂိုလ်တွေကလည်း မဘသ မဟုတ်ပါဘူးလို့ ထုတ်ဖော်ပြောတာလည်း မဘသဆိုပြီး စွပ်စွဲတာက
ဒါ မဘသ ပုံရိပ်ကို တမင်တကာ ထိခိုက်အောင် လုပ်ဆောင်တာတွေ တွေ့ကြုံနေရတယ်"ဟု
အရှင်ပညာဝရ(ဓမ္မဒူတ) က ပြောသည်။

ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းထားသည့် မဘသအဖွဲ့သည် အသင်းအဖွဲ့ဥပဒေအရ
ဘာသာရေး အဖွဲ့အစည်းဖြစ်သည့်အတွက် မှတ်ပုံတင်ထားခြင်း မရှိသော်လည်း အမျိုးသားရေး
လုပ်ငန်းများကို လုပ်ဆောင်ရာတွင် တရားမျှတသော ဓမ္မလမ်းကြောင်းနှင့်အညီ လုပ်ဆောင်လျက်ရှိပြီး၊
ဥပဒေကို ဆန့်ကျင်လုပ်ဆောင်ထားခြင်း မရှိကြောင်း မဘသအဖွဲ့က ရှင်းလင်းပြောဆိုသည်။

မဘသအဖွဲ့သည်အဖွဲ့၏ မူဝါဒနှင့် ရည်ရွယ်ချက်သည် ကောင်းမွန် မှန်ကန်သော်လည်း
အဖွဲ့အစည်းတို့၏ သဘောအရ ချို့ယွင်းချက်နှင့် လွဲချော်မှုများ ရှိသည်ကို လက်ခံကြောင်း၊
ထိုလွဲချော်ချက်များသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောဆန္ဒကြောင့်
မှားယွင်းခြင်းဖြစ်ပြီး ထိုလုပ်ဆောင်ချက်နှင့် ပတ်သက်၍ မဘသအဖွဲ့အစည်းအပေါ်
စွပ်စွဲပြောဆိုနေခြင်းသည် မဖြစ်သင့်သည့် လွဲမှားမှုတစ်ခုဖြစ်ကြောင်း၊ အလားတူ သတင်းမီဒီယာများ၏
ပြောဆိုရေးသားမှုများသည်လည်း မဘသအဖွဲ့၏ ပုံရိပ်ကို ထိခိုက်ကျဆင်းစေသည့် အနေအထားများကို
တွေ့ရှိရသည့်အတွက် သတိထားဆောင်ရွက်ရန် လိုအပ်ကြောင်း မဘသအဖွဲ့က ဆိုသည်။

မဘသအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများကို အခြေခံကာ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများတွင်
ဗုဒ္ဓဘာသာပုံရိပ်နှင့် နိုင်ငံတော်၏ ပုံရိပ်များသည် ထိခိုက်ကျဆင်းနေသည်မှာ မှန်ကန်သော်လည်း
မဘသ၏ လှုပ်ရှားဆောင်ရွက်မှုနှင့် တစ်ဦးတစ်ယောက်ဆောင်ရွက်မှုကြောင့် မဟုတ်ဘဲ
မြန်မာသတင်းမီဒီယာအပါအ၀င် ကမ္ဘာ့သတင်းမီဒီယာများသည် မှန်ကန်စွာ သုံးသပ်ဖော်ပြခြင်း
မရှိကြောင်း၊ သတင်းမီဒီယာများသည် မှန်မှန်ကန်ကန် တွေ့ဆုံမေးမြန်းဆောင်ရွက်မှုမရှိဘဲ
လိုရာဆွဲယူကာ မဘသအဖွဲ့အား ဝေဖန်တိုက်ခိုက်နေပါက မဘသအဖွဲ့ ပုံရိပ်သည်
ဆက်လက်ကျဆင်းနေမည်ဖြစ်ကြောင်း မဘသဗဟိုဦးဆောင် ဆရာတော်ဖြစ်သူ
ဒေါက်တာသောပါက က ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း