ကျူးအိမ်များ မဖျက်ခံရရေး ကျူးကျော်အင်အား ၅၀ နေပြည်တော်သို့ ချီတက်တောင်းဆို

နေပြည်တော်ထိ လမ်းလျှောက်ချီတက်ဆန္ဒပြကြမည့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကံ့ကော်ကျွန်းကျေးရွာရှိ ကျူးကျော်နေထိုင်သူ ၅၀ ဦးတို့အား ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းကတွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)နေပြည်တော်ထိ လမ်းလျှောက်ချီတက်ဆန္ဒပြကြမည့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကံ့ကော်ကျွန်းကျေးရွာရှိ ကျူးကျော်နေထိုင်သူ ၅၀ ဦးတို့အား ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းကတွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကံ့ကော်ကျွန်းကျေးရွာရှိ ကျူးကျော်နေထိုင်သူ ၅၀ ဦးတို့က ၎င်းတို့အား
နှင်ထုတ်ခြင်းမပြုရန် နေပြည်တော်ထိ လမ်းလျှောက်ချီတက်ဆန္ဒပြမှုကို ဇွန်လ ၁၅ ရက်နေ့
နံနက် ၉ နာရီတွင် စတင်ပြုလုပ်ခဲ့ကြသည်။

လမ်းလျှောက်ချီတက်မှုကို ရန်ကုန်-မန္တလေး အမှတ်(၃) လမ်းဆုံမှ စတင်ခဲ့ပြီး ရန်ကုန်-မန္တလေး
လမ်းဟောင်းမှတဆင့် ချီတက်တောင်းဆိုသွားမည်ဟု ဆန္ဒပြခေါင်းဆောင်များက မြန်မာတိုင်း(မ်)ကို
ပြောသည်။

"ကျွန်တော့် ရွာထဲမှရှိတဲ့ ကျူးကျော်တွေက တကယ့်မရှိဆင်းရဲသား အစစ်မှန်တွေပါ။ သူတို့
နှင်ထုတ်ခံရမယ်ဆိုရင် ဒုက္ခတွေ ပိုရောက်ကုန်ကြလိမ့်မယ်။ သူတို့မျက်ရည်ကျတာ မကြည့်နိုင်လို့
သူတို့ဘက်က ရပ်တည်ပေးပြီး ဆန္ဒထုတ်ဖော်တာပါ"ဟု ကျူးကျော်များအား မြေနေရာချထားပေးမှု
ပြုလုပ်ခဲ့သည့် ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းနိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းမှာ လှည်းကူးမြို့နယ်၊ ကံကော်ကျွန်းကျေးရွာမှ ကျေးရွာဖြစ်မြောက်ရေးစီမံခန့်ခွဲမှုကော်မတီ၏
ဥက္ကဌဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကော်မတီက ရန်ကုန်-မန္တလေး အမြန်လမ်း ၄ မိုင်နှင့် ၇ ဖာလုံ လမ်းဘေးရှိ
စားကျက်မြေများတွင် ပေ ၄၀ x ပေ ၆၀ မြေကွက်များရိုက်ပြီး ကျူးကျော်အိမ်ထောင်စု
၅၀၀ ၀န်းကျင်ခန့်ကို ၂၀၁၄ ခုနှစ်မှ စပြီး မြေယာချထားပေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့နေရာကို မဖျက်သိမ်းဖို့ကို ဆန္ဒထုတ်ဖော်တာပါ။ တကယ်နေစရာမရှိလို့ နေနေရတဲ့
သူတွေကြတော့ တအားနစ်နာပါတယ်။ ဒါကြောင့် နိုင်ငံတော်က သေချာစိစစ်ပြီး
ပြန်လည်နေရာချထားပေးဖို့ တောင်းဆိုတာပါ" ဟု ကျူးကျော်နေထိုင်နေသူတစ်ဦးဖြစ်သည့်
ကိုတင်မျိုးနိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းမှာ လွန်ခဲ့သည့် ၃ နှစ်ခန့်ကတည်းက အဆိုပါကံ့ကော်ကျွန်းကျေးရွာအနီးရှိ စားကျက်မြေတွင်
ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းပြီး နေထိုင်ခဲ့ရကြောင်းနှင့် ကံ့ကော်ကျွန်းကျေးရွာ၏
ကျေးရွာဖြစ်မြောက်ရေးကော်မတီက အမှန်တကယ်မရှိဆင်းရဲသားဖြစ်ကြောင်း
စိစစ်အတည်ပြုခဲ့ပြီးနောက် ပေ ၄၀ x ပေ ၆၀ မြေကွက်အား အခမဲ့ ချထားပေးခံခဲ့ရခြင်းဖြစ်သည်ဟု
ဆိုသည်။

လက်ရှိတွင် ကျေးရွာမှ ရွေးချယ်ထားသည့် ကျူးကျော်အင်အား ၅၀ ခန့်ဖြင့်
ရန်ကုန်-မန္တလေးလမ်းဟောင်းမှ နေပြည်တော်ထိ ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်သွားမည်ဟု
ချီတက်ရာလျှက်ရှိပြီး၊ နိုင်ငံသားအခွင့်အရေးနှင့်အညီ မြေနေရာရရှိရေး၊ မြေယာမဲ့ပြည်သူများအား
လူသားဆန်ဆန် အသိအမှတ်ပြုပေးရေး၊ ဆင်းရဲသားပြည်သူများ၏ အိုးအိမ်များအား
အတင်းအဓမ္မဖယ်ရှားနေမှုအား ရပ်တန့်ပေးရန်နှင့် ဖျက်ဆီးခံပြည်သူများအား စောင့်ရှောက်ပေးရန်
တောင်းဆိုနေကြသည်။

အဆိုပါ လမ်းလျှောက်ချီတက်ဆန္ဒပြနေသည့် ကျူးကျော်များ၏ ခရီးစဉ်တစ်လျှောက် လိုအပ်ချက်များကို
၈၈ ကရင်ကျောင်းသားမျိုးဆက်နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက လိုက်ပါကူညီဝန်းရံပေးလျက်
ရှိသည်ကိုလည်း တွေ့ရသည်။

"ကျွန်တော်တို့က အမှန်တကယ်မရှိဆင်းရဲသား ကျူးကျော်အတွက် ရပ်တည်ဝန်းရံပေးတာပါ။
မြေကိုရောင်းစားပြီး ကိုယ်ကျိုးရှာနေတဲ့ ကျူးကျော်တွေအတွက် မဟုတ်ပါဘူး" ဟု
အဆိုပါအသင်းအဖွဲ့၏ ရန်ကုန်တိုင်းတာဝန်ခံ ကိုလှမင်းဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃ မှ မိုင်တိုင် ၁၀ ခန့်အထိ
လမ်းဘေးဝယ်ရာရှိ မြေလွတ်များတွင် ကျူးကျော်တဲပေါင်း ထောင်ချီအခြေချ
နေထိုင်လျက်ရှိနေသည်ကိုလည်း တွေ့ရှိနေရသည်။

အဆိုပါ ကျူးကျော်အိမ်အရေအတွက်များမှာ များစွာတိုးပွားနေကြောင်းနှင့် အချို့မှာ
အစိုးရပိုင်မြေများအား လက်ညှိုးထိုးရောင်းစားထားပြီး ၄င်းတို့၏ မြို့ကွက်ဖော်ဆောင်လိုသည့်
အခြေအနေမျိုးများ ကြားသိနေရသည်ဟုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရသတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

"ဒီအခြေနေက ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတာကို ပြောပါရေစေ။ အစိုးရက ဥပဒေ၊
နည်းဥပဒေတွေနဲ့ ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့ ကိစ္စတစ်ခုကို ကြားထဲကနေပြီး
လက်ညှိုးထိုးရောင်းစားပြီး မြို့တည်ပြီး လုပ်စားနေတဲ့သူတွေ အတွက်ကတော့ ဥပဒေနဲ့အညီ
အရေးယူမှုတွေ ဖြစ်လာမယ်" ဟုလည်း ၎င်းအဆိုပါ သတင်းစာရှင်းလင်းပွဲတွင်
သတိပေးပြောကြားခဲ့သည်။

ထို့နောက် ဇွန်လ ၁၂ ရက်နေ့မှာတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရဲတပ်ဖွဲ့အင်အားများစွာ
စောင့်ကြပ်သည့် အလုပ်သမား အင်အားထောင်ချီဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်း
ဝဲယာတစ်ယောက်ရှိ တရားမ၀င် ကျူးကျော်အိမ်များကို ယနေ့တိုင် ဖြိုဖျတ်ဖယ်ရှား ရှင်းလင်းခဲ့မှုများ
ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းတွင်လည်း အစိုးရပိုင်မြေများ၊ ပုဂ္ဂိကနှင့် စက်ရုံပိုင်မြေများနှင့်
ဥယျာဉ်ခြံမြေများတွင်း တုတ်ဓါးလက်နက်များဖြင့် ရုတ်တရက်ဝင်ရောက် ကျူးကျော်မှုကြီး ၄ မှုခန့်မှာ
၂၀၁၃ ခုနှစ်မှ ၂၀၁၄ နှစ်အတွင်း ဖြစ်ပွားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း