ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောသောစကား နိုင်ငံရေးအရ ဆင်ခြင်သင့်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇူလိုင်လ ၉ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်နှင့် ပတ်သက်၍ ပြောသောစကားသည် နိုင်ငံရေးအရ သတိထားသင့်ကြောင်း NLD ပါတီ၏
ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာတိုင်း(မ်) ကို
ပြောသည်။

“၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ရန်ကုန်မြို့တွင် USAID နှင့် ပူးပေါင်းကျင်းပခဲ့သည့် နိုင်ငံရေး
အကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း
အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက်
ဆက်ဆံရေးဆိုတာ ဒီမိုကရေစီ ခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ Protocol အရ
ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်နှင့်
ပုံနှိပ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိကြောင်း တွေ့ရှိရပါသည်။

အဆိုပါအချက်နှင့် ပတ်သက်၍ တပ်မတော် အနေဖြင့် နိုင်ငံတော်အစိုးရထံ လိုအပ်သလို
စိစစ်အရေးယူပေးနိုင်ရန် တင်ပြထားကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက
ဇူလိုင် ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

"ဒီပြသာနာမျိုးကို ကိုင်တွယ်တဲ့နေရာမှာတော့ အားလုံးသတိထားရမယ်။ ကျွန်တော်တို့ အခုမကြိုက်တဲ့
ဖွဲ့စည်းပုံကြီးနဲ့လဲ နေနေရတာပဲဗျ။ ဒါကိုတပြည်လုံးက နေနေရတာပဲ" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

သို့သော် အခြေအနေအရ သီးခံသင့်သည်များကိုလည်း သီးခံရမည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက
ဆိုသည်။

ယခုကိစ္စကို တပ်မတော်နှင့် အစိုးရမည်သို့ စဉ်းစားဆုံးဖြတ်မည်ကို မိမိအနေဖြင့် ၀င်ရောက်ပြောဆို၍
မသင့်တော်ကြောင်းလည်း ၎င်းကပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း