သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေး အရှိန်မြှင့်ဆောင်ရွက်

သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။ ဇာနည်ဖြိုး/ မြန်မာတိုင်း(မ်)သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။ ဇာနည်ဖြိုး/ မြန်မာတိုင်း(မ်)

ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းမြင့်တက်ပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို
မြို့နယ်အလိုက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
တာဝန်ရှိသူများက ပြောသည်။

ဇန်နဝါရီလမှ ဇူလိုင်လပထမပတ်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂,ဝဝဝ ကျော်နှင့် သေဆုံးသူ
၁၈ ဦးအထိရှိပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ပိုးလောက်လမ်းနှင့် ခြင်ကျားနှိမ်နင်းရေး
လုပ်ငန်းများ ဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို အဓိကဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းပြည်
သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောသည်။

''လအလိုက် ကြည့်မယ်ဆိုရင်တော့ ဖြစ်ပွားနှုန်းရော၊ သေဆုံးမှုနှုန်းရော များနေတယ်လို့ ပြောလို့ရပါ
တယ်။ ဇူလိုင်၊ သြဂုတ်လတွေက အဖြစ်များတဲ့ ကာလတွေ ဖြစ်တဲ့အတွက် ပိုးလောက်လမ်းနှိမ်နင်းရေး
ကိုပဲ အဓိက လုပ်ရမှာပါ။ ခြင်ကျား၊ ပိုးလောက်လမ်း နှိမ်နင်းရေးကို တကယ်အားစိုက်လုပ်မယ်
ဆိုရင်တော့ ဖြစ်နှုန်းကျနိုင်ပါတယ်။ ဒါကလည်း မိမိကိုယ်တိုင်လုပ်မှရမှာပါ''ဟု ၄င်းက
ယခုလ ၁၁ ရက်တွင် ပြောသည်။

ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားမှုနှုန်းအများဆုံးမြို့နယ်ဖြစ်သည့် လှိုင်သာယာတွင် နှစ်စမှ လက်ရှိအချိန်
အထိ ဖြစ်ပွားသူ ၃၉၂ ဦးနှင့် သေဆုံးသူတစ်ဦးရှိသည်ဟု လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေး
ဦးစီးဌာနမှူး ဒေါက်တာ ခင်ရူပါစိုးက ပြောသည်။

''မနှစ်က တစ်နှစ်လုံးမှာမှ ၃ဝဝ လောက်ဖြစ်တယ်။ အခုဒီနှစ်က ပထမခြောက်လမှာတင်
၃ဝဝ ကျော်နေပြီ ဖြစ်တဲ့အတွက် နှစ်ဆကျော်လောက်ကို များနေပါတယ်။ လှိုင်သာယာထဲမှာဆိုရင်
ရေဥက္ကံရွာက အဖြစ်များတယ်။ ၃ဝ ဝန်းကျင်လောက်ရှိတယ်''ဟု ၄င်းက ပြောသည်။

သွေးလွန်တုပ်ကွေးလူနာ တွေ့ရှိပါက နေအိမ်၏ မီတာ ၃ဝဝ ပတ်လည်တွင် ခြင်ဆေးမှုတ်ခြင်း၊
အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ရန် ပညာပေးခြင်းများ
ပြုလုပ်ရပြီး အချို့သူများသည် လိုက်နာဆောင်ရွက်မှု အားနည်းကြောင်း လှိုင်သာယာမြို့နယ်၊
ရေဥက္ကံကျေးရွာမှ ကျန်းမာရေးမှူး ဦးသက်ဇော်ဝင်းက ပြောသည်။

ဌာနအနေဖြင့် ရောဂါကူးစက်စေသည့် ခြင်ပေါက်ဖွားမှုကို ဟန့်တားနိုင်ရန် ဖုံး၊သွန်၊ လဲ၊ စစ်
လုပ်ငန်းကို ဦးစားပေး လုပ်ဆောင်နေပြီး တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းဖြစ်သည့် ခြင်ဆေးမှုတ်ခြင်း
လုပ်ငန်းကို လူနာနေထိုင်သည့် နေအိမ်ဝန်းကျင်တွင်သာ ဆောင်ရွက်ပေးနေကြောင်း ဒေါက်တာ
ခင်ရူပါစိုးက ပြောသည်။

''ခြင်ဆေးမှုတ်တာနဲ့ပတ်သက်လို့ လူတွေက အယူအဆလွဲနေတာလေးတွေ ရှိပါတယ်။ ခြင်ဆေးမှုတ်
တာက သွေးလွန်တုပ်ကွေး ရှော့ခ်ရတဲ့အဆင့်အထိ ဖြစ်တဲ့လူနာတွေ့တဲ့ နေအိမ်ဝန်းကျင်မှာပဲ
လုပ်ရတာပါ။ ဒါကလည်း ရောဂါပိုးသယ်တဲ့ခြင်သေစေနိုင်အောင် ဆောင်ရွက်တာဖြစ်ပါတယ်''ဟု
၎င်းက ပြောသည်။

ယခုနှစ် ပထမ ခြောက်လအတွင်း တစ်နိုင်ငံလုံး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၈,ဝဝဝ
ကျော်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း