တညင်းကုန်း သစ်သီးဝလံ လက္ကားဈေးသစ် မကြာမီဖွင့်လှစ်မည်

 အသစ်ဖွင့်လှစ်တော့မည့် တညင်းကုန်း သစ်သီးဝလံနှင့် ကုန်စိမ်းဈေးကို ယခုလ ၂၅ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ - ရှင်မိုးမြင့်အသစ်ဖွင့်လှစ်တော့မည့် တညင်းကုန်း သစ်သီးဝလံနှင့် ကုန်စိမ်းဈေးကို ယခုလ ၂၅ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ - ရှင်မိုးမြင့်

အင်းစိန်မြို့နယ်၊ တညင်းကုန်းတွင် တည်ဆောက်နေသော နိုင်ငံတကာအဆင့်မီ သစ်သီးဝလံ၊
ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့် လက္ကားဈေးသစ်ကို မကြာမီ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

''နိုင်ငံတကာအဆင့်မီ တညင်းကုန်းဈေးကို မကြာမီ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ခရိုင်အလိုက်
သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် လက္ကားဈေးတွေကို လေ့လာကြည့်လိုက်တဲ့အခါ အဆင့်မြင့်
လက္ကားဈေး မရှိသေးပါဘူး။ တညင်းကုန်းလက္ကားဈေးကြီးက နိုင်ငံတကာအဆင့်မီ လက္ကားဈေး
တစ်ခုဖြစ်ဖို့၊ အအေးခန်းတွေပါဝင်ဖို့၊ ပစ္စည်းသိုလှောင်ရ လွယ်ကူစေဖို့၊ လယ်သမားတွေကိုယ်တိုင်
လာရောင်းနိုင်စေဖို့ ဆောင်ရွက်ထားတဲ့ ပထမဆုံး အဆင့်မြင့်ဈေးကြီး ဖြစ်ပါတယ်''ဟု ၄င်းက
ပြောသည်။

အဆိုပါ တညင်းကုန်း လက္ကားဈေးကို ပထမအဆင့် အနေဖြင့် မကြာမီစတင်ဖွင့်လှစ်မည်ဖြစ်ပြီး
ဒုတိယအဆင့်အနေဖြင့် စည်ပင်ဖွံ့ဖြိုးစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက ပြီးခဲ့သောအပတ်က ပြုလုပ်ခဲ့သော ဒုသမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်လူကြီးများနှင့်
စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောခဲ့သည်။

''ဒီလက္ကားဈေး ပေါ်ပေါက်ဖို့အတွက် အရင်အစိုးရ လက်ထက်ကတည်းက စတင်အကောင်အထည်
ဖော်ခဲ့တာဖြစ်ပါတယ်။ လက္ကားဈေးကို မကြာမီ စတင် ဖွင့်လှစ်ပြီးရင် ဒုတိယအဆင့်အနေနဲ့
စည်ပင်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်အဆင့်မြင့်လက္ကားဈေးကို
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာအက်ဂရိုအိတ်စ်ချိန်း အများပိုင်ကုမ္ပဏီတို့
ပူးပေါင်း အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး ၂ဝ၁၅ ခုနှစ် ဧပြီလက စတင်
တည်ဆောက်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

အဆိုပါဈေးကို ယခင် တညင်းကုန်း သစ်သီးဝလံလက္ကားဈေးဘေးရှိ ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီပိုင်မြေ ၈၅ ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး မြန်မာကျပ်ငွေ
၁၁၈ ဘီလျံ ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ
သိရသည်။

ဈေးသစ် တည်ဆောက်ပြီးပါက ဟင်းသီးဟင်းရွက် နှင့် အသီးအနှံများကို လက်လီလက္ကားရောင်းချနိုင်ရန်
အဆောက်အအုံလေးခု ပါဝင်မည်ဖြစ်ကာ ကားအစီးရေ ၂,၅ဝဝ ရပ်နားနိုင်မည့် ယာဉ်ရပ်နားရန် နေရာ၊
အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ရေဆေးသန့်စင်နိုင်မည့်နေရာ၊ ဝန်ထမ်းများနှင့် ဈေးဝယ်
သူများ နားနေဆောင်၊ ငါးခြောက်ရောင်းရန် အဆောက်အအုံတစ်ခုနှင့် အသား၊ ငါးများ ရောင်းချရန်
အအေးခန်းသိုလှောင်ရုံတစ်ခုတို့လည်း ပါဝင်မည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတကာအဆင့်မီ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်အဆင့်မြင့်
လက္ကားဈေးသစ်များကို ရန်ကုန်မြို့အပြင် နေပြည်တော်၊ မန္တလေးနှင့် မူဆယ်မြို့နယ်များ
တွင်လည်း တည်ဆောက်နေကြောင်း သမဝါယမဝန်ကြီးဌာနမှ သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း