ဝိုင်ဘီအက်စ် ယာဉ်လိုင်းများ တိုးချဲ့သွားမည်

ဝိုင်ဘီအက်စ်ယာဉ်လိုင်းတွင် ပြေးဆွဲရန် ရောက်ရှိလာသည့် ဘက်စ်ကားသစ်များကို ဇွန်လအတွင်းက တွေ့ရစဉ်။ ဥာဏ်ဇေထက်/ မြန်မာတိုင်း(မ်)ဝိုင်ဘီအက်စ်ယာဉ်လိုင်းတွင် ပြေးဆွဲရန် ရောက်ရှိလာသည့် ဘက်စ်ကားသစ်များကို ဇွန်လအတွင်းက တွေ့ရစဉ်။ ဥာဏ်ဇေထက်/ မြန်မာတိုင်း(မ်)

ရန်ကုန်တိုင်းဒေသကြီး အစိုးရက တင်သွင်းထားသော ဘတ်စ်ကားသစ် အစီးရေ ၁,ဝဝဝ ခန့်ကို
ဝိုင်ဘီအက်စ်ယာဉ်လိုင်းများတွင် အမြန်ဆုံး ထည့်သွင်းပြေးဆွဲမည်ဖြစ်ပြီး ယာဉ်လိုင်းသစ်များ
ထပ်မံတိုးချဲ့နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု
အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

''လက်ရှိရောက်နေတဲ့ ကားတွေကို ဘယ်လို အသုံးပြုမလဲဆိုတာကို YUPT  (ရန်ကုန်မြို့ပြ အများပြည်သူ
သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်) နဲ့  YBPC (ရန်ကုန်ဘတ်စ်ကား
အများပိုင်ကုမ္ပဏီလီမိတက်) တို့က ပြောထားပြီးသားပါ။ YUPT က ယာဉ်လိုင်း ၁ဝ လိုင်းမှာ ကားသစ်တွေ
ထပ်ထည့်မယ်ပြောတယ်'' ဟု ၄င်းက ပြောသည်။

ဒဂုံတက္ကသိုလ်မှ ဆူးလေသို့ ပြေးဆွဲမည့် အမှတ် ၈၇ ယာဉ်လိုင်းသည် ဇူလိုင် ၂၄ ရက်တွင် အစီးရေ
၂ဝ ဖြင့် စတင်ပြေးဆွဲနေပြီဖြစ်ပြီး ဒဂုံတက္ကသိုလ်မှ အင်းစိန် ဂျီတီအိုင်သို့ ပြေးဆွဲမည့် အမှတ်
၈၈ ယာဉ်လိုင်းသည် ဇူလိုင်လ ၂၅ ရက်တွင် စတင်ပြေးဆွဲခဲ့သည်။

''ကျွန်တော်တို့ မကြာခင်မှာ သာကေတကို အခြပြုတဲ့ယာဉ်လိုင်းတစ်ခုလုပ်ပေးမယ်။ သာကေတမှာ
ပြေးဆွဲတဲ့ကားတွေက ကားဟောင်းတွေဖြစ်နေတယ်။ ဒါကြောင့် လိုင်းအသစ် တစ်ခုစီစဉ်ပေးမယ်။
မူလက ၃၃ လိုင်းလောက်ကနေ အခုဆို ၉၁ လိုင်းဖြစ်သွားပြီ။ လိုအပ်ချက်အရ တောင်းဆိုလာတဲ့နေရာ
တွေကို လေ့လာတယ်။ တကယ်လိုအပ်ရင် လိုင်းသစ်တွေ ထည့်ပေးပါမယ်'' ဟု
ဒေါက်တာမောင်အောင်က ပြောသည်။

OMNI FOCUS ကုမ္ပဏီက ကားစီးရေ ၆ဝဝ ခန့် တင်သွင်းထားပြီး လက်ရှိတွင် ကားစီးရေ ၁ဝဝ ခန့်သာ
အသုံးပြုနိုင်သေးကြောင်း သိရသည်။ ၁၉၉၆၊ ၁၉၉၇ မော်ဒယ်အောက်ကားများနေရာတွင်
ကားသစ်များဖြင့် အစားထိုးပေးရန် စီစဉ်နေသည်ဟု ဆိုသည်။

ဘတ်စ်ကားအဟောင်းများနေရာတွင် အသစ်များဖြင့် အစားထိုးကာ အများပိုင်စနစ်ကိုလည်း အမြန်ဆုံး
အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။

အမှတ် ၃၇ ယာဉ်လိုင်းနှင့် အမှတ် ၅၅ ယာဉ်လိုင်းနှစ်ခု ပြင်းထန်စွာ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်
တစ်ဦးချင်းပိုင် ယာဉ်ပိုင်ရှင်များ အဆိုပါဖြစ်ရပ်ကို အပြည့်အဝ တာဝန်မယူနိုင်သဖြင့် အများပိုင်စနစ်ကို
အမြန်ဆုံး အကောင်အထည်ဖော်မည်ဖြစ်ပြီး ဝိုင်ဘီအက်စ် ယာဉ်လိုင်းများတွင် ယာဉ်နောက်လိုက်များ
ဆက်လက်ထားရှိတော့မည် မဟုတ်ကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း