Friday, 24 October 2014

ယုဇနပလာဇာ ပိတ်ရက်နှင့်ပတ်သက်၍သဘောထားကွဲလွဲ

ယုဇနပလာဇာအား အပတ်စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ရန်အတွက် ပလာဇာပိုင်ရှင် ဖြစ်သူက ပြင်ဆင်
သတ်မှတ်ခဲ့သော်လည်း မြေညီထပ်ရှိ ဆိုင်ခန်းရှင်အများစုက သဘောမတူကြောင်း ဖေဖော်ဝါရီလ
၂၅ ရက်နေ့က လူစုလူဝေးဖြင့် ထုတ်ဖော် ပြောကြသည်။

"ယုဇနပိုင်ရှင် ဦးဌေးမြင့်က ပလာဇာကို ပိတ်ရက်မရှိဖွင့်ခိုင်းတယ်။ ကျွန်မတို့က ပိတ်မြဲအတိုင်း တစ်
ပတ်တစ်ရက် ပိတ်ချင်တယ်။ ပိတ်ဖို့ကိုလည်း ဈေးအုပ်ချုပ်ရေးရုံးခန်းမှာ သွားတောင်းဆိုထားတယ်။
အဲဒီလိုတွေဖြစ်နေသေးတဲ့အချိန် မှာ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ မှာ 'ယုဇနပလာဇာဈေး
ကြီးအား ပိတ်ရက်မရှိ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း' ဆိုပြီး ကြော်ငြာကြီးပါလာတယ်။ တကယ်တော့
ဒီကိစ္စကို ကျွန်မတို့ မသိလိုက်ပါဘူး။ ဒါ ကျွန်မတို့ သဘောတူထားတာ မဟုတ်ဘူး"ဟု
ယုဇနပလာဇာ မြေညီထပ်မှ ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်စန်းစန်းဝင်းက ဖေဖော်ဝါရီလ ၂၅ ရက်နေ့
တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

ယုဇနပလာဇာအား ဖွင့်လှစ်ခဲ့စဉ်က ပိတ်ရက်မရှိ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်း ချခဲ့သော်လည်း
၂၀၀၉ ခုနှစ်မှစတင်၍ ' ၁၉၅၁ ခုနှစ်၊ အလုပ်သမားအက်ဥပဒေ အမှတ် ၅၉ အရ ထုတ်ပြန်ထား
သည့် ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေ အပိုဒ်(၆)၊ အပိုဒ်ခွဲ(၁)ပါ ဆိုင်နှင့် ကုန်သွယ်ဌာန
အသီးသီးကို ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံး တစ်ရက် ပိတ်ထားရမည်' စာထုတ်ပြန်ကာ ဆိုင်
ခန်းပိုင်ရှင်များကို လက်မှတ်ထိုးစေပြီး တနင်္လာနေ့တစ်ရက်ကို ပလာဇာပိတ်ရက်အဖြစ် သတ်မှတ်
စေခဲ့သည်။

သို့သော် ၂၀၁၁-၁၂ တွင် ယုဇနပလာ ဇာရှိ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်နှင့် စတုတ္ထထပ်ရှိ
ဆိုင်ခန်းများက ပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်ရောင်းချခဲ့ပြီး မြေညီထပ်ဆိုင်ခန်းရှင်များကမူ မဲစနစ်
ဖြင့်ဆုံးဖြတ်ကာ တစ်ပတ် တစ်ရက်ပိတ်ရန် သဘောတူခဲ့သည်။

မြေညီထပ်ရှိ ဆိုင်ခန်းအားလုံးမှာ ကိုယ်ပိုင်ဝယ်ယူထားသည့် ဆိုင်များဖြစ်ကြပြီး ကျန်လေးထပ်ရှိ
ဆိုင်ခန်းများမှာ ယုဇနကုမ္ပဏီမှ ပိုင်ဆိုင်ကာ အငှားဖြင့် ပြန်ဖွင့်ရသော ဆိုင်များဖြစ်သည့်အတွက်
ယခုကိစ္စတွင် ပတ်သက်မှုမရှိ ကြောင်း သိရသည်။

"ကျွန်မတို့ မြေညီထပ်ကလူတွေက လက်ကားရောင်းတဲ့သူတွေများတယ်။ ၀န်ထမ်းတွေကလည်း
ပင်ပန်းတယ်။ နေ့တိုင်းဖွင့်ပြီး ၀န်ထမ်းတွေကို အလှည့်နဲ့ ဆိုရင်မရဘူး။ လူအင်အား မနိုင်ဘူး။
တနင်္လာနေ့ ပိတ်လိုက်တော့ ခွန်အား ပြန် ဖြည့်လို့ရတယ်။ ပိတ်စေချင်တယ်" ဟု ဒေါ်စန်းစန်းဝင်း
က ပြောသည်။

သို့သော် မြေညီထပ်ဆိုင်ခန်းရှင်များ ထဲတွင်လည်း သဘောထားကွဲလွဲမှုများ ရှိနေသည်။

"ကျွန်မတို့ကတော့ ဖွင့်ချင်တယ်။ ဒါပေမဲ့ အများနဲ့ဆိုတော့ မပြောရဲဘူး။ ကျန်တဲ့သူတွေနဲ့ ရန်သူ
ဖြစ်သွားမှာ ကြောက်တယ်။ ဘာလို့ဆိုတော့ ကျွန်မတို့က ဆိုင်ခန်းကို ပိုင်ရှင်ဆီက ပြန်ငှားတာ။
ဆိုင်ခန်းငှားခက တစ်လကို ကိုးသိန်း ၀န်းကျင်မှာ ရှိတယ်။ မီတာခလိုမျိုး ၀န်ဆောင်ခက ရှိသေး
တယ်။ ကျွန်မတို့ အနေနဲ့ ဆိုင်တစ်ရက်ပိတ်ရင် တစ်ရက် နစ်နာတယ်"ဟု မြေညီထပ်ရှိ ပိတ်အုပ်
ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယုဇနပလာဇာ မြေညီထပ်တွင် ဆိုင် ခန်းပေါင်း ၁,၀၀၀ ရှိပြီး တနင်္လာနေ့တိုင်း ဆိုင်ပိတ်ရန်
သဘောတူညီထားသည့် ဆိုင်ခန်းရှင်မှာ ၇၃၃ ယောက်၊ ဆိုင်ဝန်ထမ်းဦးရေမှာ အယောက် ၁,၀၀၀
ကျော်ဖြစ်ကြောင်း သိရသည်။

ယုဇနပလာဇာ အုပ်ချုပ်ရေးကော်မတီ ရုံးခန်းသို့ မြန်မာတိုင်း(မ်)က သွားရောက် မေးမြန်းခဲ့ရာတွင်
အုပ်ချုပ်ရေးမှူးနှင့် တွေ့ခွင့်မရခဲ့ပေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ရန်ကုန်သတင်း