Thursday, 23 October 2014

ကူးတို့လိုင်းများ ဈေးနှုန်းတိုးမြှင့်ပြောင်းလဲမှု ခရီးသည်အချို့အတွက် အဆင်မပြေ

ပန်းဆိုးတန်းဆိပ်ကမ်းတွင် ကူးတို့သင်္ဘောပေါ်မှ ဆင်းသက်နေသော ခရီးသည်များ။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)ပန်းဆိုးတန်းဆိပ်ကမ်းတွင် ကူးတို့သင်္ဘောပေါ်မှ ဆင်းသက်နေသော ခရီးသည်များ။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)

ရန်ကုန်-ဒလ ကူးတို့သင်္ဘောများတွင် ကူးတို့နှုန်းထားများအား ဧပြီလ ၂၈ ရက် နေ့မှစ၍ တစ်ဦး
လျှင် ကျပ် ၅၀ မှ ကျပ် ၁၀၀ သို့ ပြောင်းလဲကောက်ခံနေရာ နေ့စဉ် ပုံမှန်စီးလေ့ရှိသည့် ခရီးသည်
များတွင် အများစုက လက်ခံကျေနပ်မှုရှိကြပြီး အချို့ ခရီးသည်များက ယင်းကဲ့သို့ ကူးတို့ခနှုန်းထား
မြင့်တက်သွားသည့်အတွက် အဆင်မပြေမှုများဖြစ်ရပြီး ကျေနပ်မှုမရှိကြောင်း ခရီးသည်များထံမှ
သိရသည်။

"ကျွန်မက တစ်ခါတလေမှ ပန်းဆိုးတန်း-ဒလ သင်္ဘောကို စီးဖြစ်တာပါ။ နေ့တိုင်းစီးနေရတာ
မဟုတ်ဘူးလေ။ ကျွန်မအတွက် ဒီဈေးနှုန်းက အဆင်ပြေပါတယ်။ အမြဲတမ်းစီးနေရတဲ့ သူတွေ
အတွက်တော့ အဆင်ပြေချင်မှ ပြေမှာပါ။ အရင်ဈေးနှုန်း ကျပ် ၅၀ ပဲဆိုရင် ခရီးသည်တွေအတွက်
ပိုပြီးတော့ ကောင်းတာပေါ့။ သွားတဲ့သူတွေက အများကြီးပဲလေ။ အရင်တုန်းကတော့ ပလတ်စတစ်
ခုံလေးတွေ တစ်ခုံ ၁၀ ပေးပြီး ငှားစီးရတယ်။ အခု အဲဒီလိုခုံတွေ ငှားခွင့်မပြု တော့ဘူး။ ခုံသစ်တွေ
ထပ်ဆောက်ပေးမယ်ဆိုတော့ ပိုကောင်းတာပေါ့" ဟု တွံတေးမြို့တွင် နေထိုင်ပြီး ဒလဘက်ကမ်းမှ
ရန်ကုန် ပန်းဆိုးတန်းဘက်သို့ သင်္ဘောစီးသည့် အသက် ၅၀ အရွယ်၊ ဒေါ်အေးအေးမူက ပြော
သည်။

"ကျွန်မတို့လို တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိသားစုတွေအတွက် ကူးတို့ခ ၁၀၀ တိုးကောက်လိုက်
တာ အဆင်မပြေပါဘူး။ ကျွန်မမှာ မိသားစုခြောက်ယောက်ရှိတယ်လေ။ တစ်ယောက်ကို ၁၀၀ နှုန်း
နဲ့ အသွားအပြန် တစ်နေ့ကို ၁,၂၀၀ ကျတယ်။ ကျွန်မမှာဝင်ငွေက တစ်နေ့မှ ၄,၅၀၀ ပဲ မြတ်တယ်။
ကူးတို့ခချည်းပဲ ၁,၂၀၀ ပေးရတော့ ကျွန်မတို့ မိသားစု ဘာနဲ့သွားစားမလဲ။ ထိုင်ခုံတွေတပ်ပေးမယ်
ပြောတယ်။ အောက်မှာတော့ ဘာထိုင်ခုံမှမရှိဘူး။ ကျွန်မက ဈေးသည်ဖြစ်တဲ့အတွက် အောက်ထပ်
ကပဲစီးတာများတယ်။ နဂိုကတည်းက ၁၀ ပေးပြီး ဘာထိုင်ခုံနဲ့မှ မထိုင်ဘူး။ ခြင်းတောင်း တွေပါရင်
ကုန်ခ ၁၀၀ က ပေးရသေးတယ်။ ကျွန်မတို့က နေ့တိုင်းစီးနေရတဲ့ မိသားစုဖြစ်တဲ့အတွက် အရင်
ဈေးနှုန်း ၅၀ ပဲ ပိုစိတ်ချမ်းသာတယ်" ဟု တွံ့တေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာမှ ပန်းဆိုးတန်း
- ဒလ သင်္ဘောစီး၍ ရန်ကုန်ဘက်သို့ ငါးလာရောင်းသည့် အသက် ၅၅ နှစ်အရွယ် ဒေါ်စိန်ဌေးက
ပြောသည်။

ကူးတို့ခများ ဈေးတက်လိုက်သည့်အတွက် ယခင်ကဲ့သို့ ထိုင်ခုံခများ ကောက်ခံမည်မဟုတ်ပဲ အခမဲ့
ထိုင်ခုံများ တပ်ဆင်ပေးသွားမည်ဟု ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ၏
သယ်ယူပို့ဆောင်ရေးဌာနမှူး၊ ဒုတိယအထွေထွေမန်နေဂျာ ဦးရှိန်းယောက ပြောသည်။

"ထိုင်ခုံခတွေပါ ကောက်ခံနေဦးမယ်ဆိုရင် ၀န်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့ အရင်က ကောက်ခံတဲ့ ကုလား
ထိုင်ဖိုးတွေ ကောက်ခံခွင့်မပြုတော့သလို ငှားရမ်းခွင့်လည်းမပြုတော့ပါဘူး။ အခမဲ့ခုံတွေပဲ တပ်ဆင်
ပေးသွားမှာပါ" ဟု ၎င်းက ပြောသည်။

ယခင်က သင်္ဘောများပေါ်တွင် ပလတ်စတစ်ထိုင်ခုံများထားရှိပြီး ငှားရမ်းခအနေဖြင့် ကျပ် ၁၀ တန်
ထိုင်ခုံနှင့် ကျပ် ၃၀ တန် ထိုင်ခုံဟူ၍ရှိခဲ့သည်။

မြစ်ဝကျွန်းပေါ်ဌာနခွဲ၏ ကူးတို့လမ်း ခရီးစဉ်များအား ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင်
ခရီးသည်ခနှုန်းထား ၁၀ ကျပ်မှ ၅၀ ကျပ်သို့ ပြောင်းလဲကောက်ခံခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ရန်ကုန်သတင်း