မော်ရင်ဟိုနဲ့မန်ယူ အေဂျက်စ်ကို ကျော်ဖြတ်နိုင်ပါ့မလား

၂ဝ၁၆–၁၇ ဘောလုံးရာသီကတော့ ပြီးဆုံးပါတော့မယ်။ ဒါပေမဲ့ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ် 
ဗိုလ်လုပွဲတွေကတော့ ရာသီတစ်ခုရဲ့နောက်ဆုံးပိတ် ဖြစ်လာတော့မှာပါ။

အဲဒီဗိုလ်လုပွဲနှစ်ခုမှာ ပရိသတ်အများအပြား အားပေးတဲ့ မန်ယူရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ
ကတော့ လူအများစိတ်အဝင်စားဆုံး ဖြစ်နေပါတယ်။ မော်ရင်ဟိုရဲ့ မန်ယူဟာ ယူရိုပါလိဂ်
ချန်ပီယံဖြစ်မယ်။ ပြီးရင်လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်ဆိုတဲ့ အိပ်မက်စိတ်ကူး
တွေနဲ့ပါ။ မန်ယူရဲ့ ပြိုင်ဘက်ကလည်း အေဂျက်စ်ဆိုတဲ့ အသင်းလေးဖြစ်နေပြန်တော့
မန်ယူဟာ ယူရိုချန်ပီယံဖြစ်မယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ပေါ့။ ဒါပေမဲ့ မော်ရင်ဟိုကတော့
ဆဲလ်တာဗီဂိုကို အနိုင်ရပြီးကတည်းက ညည်းညူနေတာကို သတိပြုမိကြပါရဲ့လား။

မော်ရင်ဟိုတစ်ယောက် ဘယ်အရာကို ညည်းညူနေတာပါလဲ။ နားရက်ဆိုတဲ့အကွာအဝေး
နဲ့ပြင်ဆင်မှုအပေါ်မှာ မော်ရင်ဟိုတစ်ယောက် စိုးရိမ်ပူပန်လို့နေပါတယ်။ ဘယ်အရာက
မော်ရင်ဟိုကို ပူပန်နေတာပါလိမ့်။ မန်ချက်စတာယူနိုက်တက်က ပရီမီယာလိဂ်ကို တော့
တင်ဟမ်ဟော့စပါးနဲ့ ပွဲစဉ် (၃၇)ကစာပြီးတဲ့အချိန်မှာ အေဂျက်စ်ကလည်း ဟော်လန်လိဂ်
ပြီးဆုံးသွားတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မန်ယူဟာ ပရီမီယာလိဂ်က လက်ကျန်ပွဲကို
ကြားရက်မှာ ကစား၊ နောက်သီတင်းပတ်မှာ ပရီမီယာလိဂ် နောက်ဆုံးပွဲစဉ် ကစားဆိုတဲ့
ကာလတစ်ခုကို ဖြတ်သန်းနေရလို့ အေဂျက်စ်ရဲ့ပြင်ဆင်မှုဟာ မန်ယူထက် ၁ဝ ရက်ကျော်
ပိုပြီးရထားတာကို မော်ရင်ဟိုတစ်ယောက် စိုးရိမ်ပူပန်နေခဲ့တာပဲဖြစ်ပါတယ်။ ဧပြီ၊ မေ
နှစ်လအတွင်းမှာ မန်ယူဟာ ပွဲပေါင်း ၁၇ ပွဲ ကစားရတဲ့ပွဲစဉ်ကျပ်တည်းမှုက မော်ရင်ဟိုကို
ပူပန်စိတ်တွေရှိနေပြီး အခုတစ်ခါ အေဂျက်စ်က ပြင်ဆင်နားရက်ပိုပြီးရထားတဲ့အတွက်
ယူရိုပါလိဂ်ကို ပစ်မှတ်ထားနေတဲ့ မော်ရင်ဟိုတစ်ယောက် ချန်ပီယံမဖြစ်မှာကို ပူပန်နေခဲ့
တာပဲ ဖြစ်ပါတယ်။ ဒါဟာ မန်နေဂျာတစ်ယောက်ရဲ့ ပကတိပူပန်နေမှုပဲ ဖြစ်ပါတယ်။
ပရိသတ်ကတော့ ကိုယ်အားပေးတဲ့မန်ယူဟာ အေဂျက်စ်လောက်တော့ နိုင်မှာပါတွက်ဆ
ထားပေမဲ့ ပကတိတာဝန်ရှိတဲ့ မန်နေဂျာကတော့ ပရိသတ်ဆန္ဒဖြည့်ဖို့အတွက် ပူပန်နေရ
တာပဲ ဖြစ်ပါတယ်။

အေဂျက်စ်ဆိုတာ လွန်ခဲ့တဲ့ ၂၂ နှစ်တာကာလတုန်းကတော့ ဥရောပမှာ မျက်လုံးဒေါက်
ထောက်ကြည့်ရတဲ့အသင်းပေါ့၊ ဒတ်ခ်ျတို့ရဲ့ အမှတ်လက္ခဏာ၊ ဘားကင့်၊ အိုဗားမားစ်၊ ဒီဘိုး
ဝါးညီနောင်၊ ဆီးဒေါ့ဖ်၊ အဂ္ဂါဒေးဗစ်၊ ဗန်ဒါဆား၊ ဖရန့်ရီကတ်၊ ကလွိုက်ဗတ်ဆိုတဲ့ ဒိတ်ဒိတ်
ကြဲတွေပေါ်ထွက်ခဲ့တဲ့ ကလပ်၊ သူတို့တစ်တွေ ထိတ်ထိတ်ကြဲ မဖြစ်ခင်အချိန်ကတော့
သူတို့တွေဟာ သူငယ်နှပ်စားလေးတွေဖြစ်ခဲ့ကြပါတယ်။ အချိန်က ၁၉၉၄–၉၅ ဘောလုံး
ရာသီက ဖြစ်ပါတယ်။ ဒီဘိုးဝါး၊ ဆီးဒေါဖ်၊ ဗန်ဒါဆားဆိုတဲ့ မထင်မရှားချာတိတ်တစ်စု
ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်လာတော့ တွေ့တဲ့အသင်းက အဲဒီအချိန်က ထိတ်ထိတ်ကြဲ
အေစီမီလန်ပါ အေစီမီလန်ပဲ ချန်ပီယံဖြစ်မှာပေါ့၊ အဲဒီလိုထင်ထားခဲ့ကြတာပါ။ နောက်ဆုံး
တော့ မထင်မရှား အေဂျက်စ်ကစားသမားလေးတွေဟာ အဲဒီဗိုလ်လုပွဲပြီးတဲ့နောက်မှာ
တော့ မဟာစူပါစတားတွေဖြစ်လာခဲ့ကြပါတယ်။ ဒါဟာအေဂျက်စ် သမိုင်းတစ်ခုပါ။
အခုလည်း နောက်ထပ်အေဂျက်စ်မျိုးဆက်သစ်တစ်ခု ပေါ်ထွက်လာနေခဲ့ပြီဖြစ်ပါတယ်။
ချန်ပီယံလိဂ်နဲ့မဟုတ်ဘဲ ယူရိုပါလိဂ်နဲ့ ထွက်ပေါ်လာတာပါ။ ကလပ်အသင်းတစ်သင်းရဲ့
ပေါ်ပြူလာဖြစ်ခြင်း မဖြစ်ခြင်းကြောင့်သာ လက်ရှိအေဂျက်စ်ဟာ မထင်မရှားဖြစ်နေတာပါ။

၁၉၉၄–၉၅ ဘောလုံးရာသီတုန်းကလည်း အေဂျက်စ် လူငယ်လေးတွေဟာ လူမသိ
သူမသိပါ။ အခုမန်ယူနဲ့ကစားမယ့် အေဂျက်စ်လူငယ်လေးတွေကလည်း လူမသိသူမသိပါ၊
ဒါပေမဲ့ လျှော့တွက်လို့မရပါဘူး။ ဒါကို မော်ရင်ဟိုတစ်ယောက် သဘောပေါက်နေပုံရပါ
တယ်။ ၁၇ ပွဲဆက်တိုက် ကစားနေခဲ့ရတာ၊ အေဂျက်စ်က နားရက်ပိုရတာတွေကို တွေးပူပန်
နေခဲ့ပုံရပါတယ်။ မော်ရင်ဟိုဟာ အေဂျက်စ်ကို သတိထားနေတာ သေချာပါတယ်။ လက်ရှိ
အေဂျက်စ်ကို ၂ဝ၁၆ မတ်လမှာ ကွယ်လွန်သွားတဲ့ ဂျိုဟန်ခရိုက်ဖ်တစ်ယောက် မသေခင်မှာ
ပြင်ဆင်တည်ထောင်သွားခဲ့တဲ့အသင်းပဲဖြစ်ပါတယ်။ လက်ရှိ ပီတာဘော့ဇ်ကို ခရိုက်ဖ်
ကိုယ်တိုင် အစ္စရေးလိုက်ခေါ်ပြီးအေဂျက်စ်ကို ကိုင်တွယ်ခိုင်းခဲ့သလို မားကက်တင်း
ဒါရိုက်တာအဖြစ်ဗန်ဒါဆားကိုခန့်၊ နည်းစနစ်ဒါရိုက်တာအဖြစ် အိုဗားမားစ်ကိုခန့်၊ ပီတာ
ဘော့ဇ်ရဲ့ လက်ထောက်အဖြစ် ဘားကင့်ကလုပ်ဆိုတာတွေကို ဂျိုဟန်ခရိုက်ဖ်တစ်ယောက်
ပုံဖော်သွားခဲ့တာဖြစ်ပါတယ်။

လိုင်ယွန်ကို နှစ်ကျော့ပေါင်း ၅ ဂိုး ၄ ဂိုးနဲ့နိုင်လိုက်တော့ တကယ့်ခံစားမှုအသစ်ကြီးတစ်ခု
ဖြစ်ခဲ့တယ်။ ထပ်ပြီးတော့ မန်ယူလို့ဂရိတ်အသင်းကြီးနဲ့ ဗိုလ်လုပွဲကစားရတော့မယ်
ဆိုပြန်တော့လည်း ကျေနပ်ကြည်နူးစရာဖြစ်နေခဲ့တယ်။ မန်ယူနဲ့သမိုင်းတစ်ခုရေးနိုင်ဖို့ဖြစ်
လာတာပေါ့။ ပီတာဘော့ဇ် ပြောလိုက်တဲ့စကားဖြစ်ပါတယ်။ အေဂျက်စ်ဗိုလ်လုပွဲတက်လာ
မယ်လို့ ဘယ်သူမှ မပြောခဲ့ပါဘူး။ လိုင်ယွန်ပဲတက်လာမယ်လို့ ပြောခဲ့တာပါ၊ ပထမ
အကျော့မှာ အေဂျက်စ်ရဲ့ ချာတိတ်တွေ လိုင်ယွန်ကို ချေမှုန်းလိုက်တော့မှ အေဂျက်စ်ထံကို
လည်ပြန်ကြည့်လာနေခဲ့ကြတာဖြစ်ပါတယ်။ အေဂျက်စ်ရဲ့ ဦးစားပေးကစားသမားထဲမှာ
ခုနစ်ယောက်က ၂၁ နဲ့ အောက်လူငယ်ကစားသမားတွေဖြစ်နေကြပါတယ်။ သူတို့ရဲ့
ရည်မှန်းချက်တွေက တစ်ခါက ဗန်ဒါဆားတို့၊ ဒီဘိုးဝါးတို့အုပ်စုဟာ သူတို့ရဲ့စံပြပုဂ္ဂိုလ်တွေ
အဖြစ်နဲ့ ဖြတ်သန်းလာနေကြတာ ဖြစ်ပါတယ်။

ရှုံးထွက်အဆင့်မှာ ချန်ပီယံလိဂ်က ထွက်လာတဲ့ လီဂီယာဝါဆောကို အဝေးကွင်းမှာသရေ၊
အိမ်ကွင်းမှာအနိုင်ယူပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လာ၊ ၁၆ သင်းအဆင့်မှာ
ချန်ပီယံလိဂ်ကထွက်လာတဲ့ ကိုပင်ဟေဂင်နဲ့တွေ့ပြီး ပထမအကျော့ အဝေးကွင်းမှာရှုံးပေမဲ့
ဒုတိယအကျော့ အိမ်ကွင်းမှာအနိုင်ယူပြီး နောက်တစ်ဆင့်တက်၊ နောက်တစ်ဆင့်မှာ
ဘွန်ဒစ်လီဂါကလပ် ရှော်လ်ကေးလ်ကို အိမ်ကွင်းမှာနိုင်၊ အဝေးကွင်းမှာရှုံး နှစ်ကျော့ပေါင်း
တော့ သရေကျလို့ အချိန်ပိုကန်၊ အချိန်ပိုမှာ တစ်ယောက်လျော့နဲ့ ကစားရပေမဲ့
ရှော်လ်ကေးလ်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်မှာ လိုင်ယွန်ကိုကျော်နိုင်မှာမဟုတ်ဘူးလို့
ထင်ခဲ့ကြပါတယ်။ တကယ်ကစားတော့ အိမ်ကွင်းမှာ လိုင်ယွန်ကို လေးဂိုးတောင်
သွင်းသွားခဲ့ပါတယ်။ လိုင်ယွန်ကွင်း ရောက်တော့လိုင်ယွန်အမီလိုက်ပေမဲ့ နောက်ကောက်
ကျကျန်ရစ်သွားခဲ့ရပြန်ပါတယ်။ လူငယ်တစ်စုရဲ့ရုန်းကန်အားပဲဖြစ်ပါတယ်။

နည်းပြ ပီတာဘော့ဇ်ဟာ ဗန်ဟားလ်ရဲ့ လေ့ကျင့်မှုတွေကို အားကျခဲ့ပြီး အေဂျက်စ်ကို
သူ့ရဲ့စိတ်ကူးသစ်တွေနဲ့ ပေါင်းစပ်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ လိုင်ယွန်နဲ့
ကစားမယ့်ပွဲတွေနေ့ တိုင်အောင် ဗန်ဟားလ်ထရိန်နင်အခြေခံတွေနဲ့ သူ့စိတ်ကူးသစ်
တို့ကိုပေါင်းစပ်ပြီး ယှဉ်ပြိုင်ခဲ့တာလို့ ဆိုပါတယ်။

မန်ယူမှာ မော်ရင်ဟို လက်ရှိအားကိုးနေတဲ့ ရပ်ရှ်ဖို့ဒ်၊ လင်းဂတ်တို့ဟာ ဗန်ဟားလ်
တည်ဆောက်ခဲ့တဲ့ ကျောက်ရိုင်းလေးတွေဖြစ်ပါတယ်။ နည်းပြအဖြစ်က အနားယူသွားတဲ့
ဗန်ဟားလ်တစ်ယောက် ပီတာဘော့ဇ်နဲ့ ဗန်ဒါဆားတို့အုပ်စုကို ဘယ်အပိုင်းတွေကနေ
ကူညီပေးနေသလဲဆိုတာ ဘယ်သူမှမသိနိုင်ပေမဲ့ လက်ရှိမော်ရင်ဟိုရဲ့ ယူရိုပါလိဂ် မန်ယူ
အသင်းရဲ့ တိုက်စစ်ထက် ပီတာဘော့ဇ်ရဲ့အေဂျက်လူငယ်လေးတွေရဲ့တိုက်စစ်က
ပိုပြီးထက်မြက်လျက်ရှိပါတယ်။

သူတို့ဟာ ပွဲတိုင်းကို ဂိုးသွင်းနိုင်သူတွေ ဖြစ်ကြပါတယ်။ မန်ယူဟာ ဂိုးတစ်ဂိုးရဖို့ခက်ခက်
ခဲခဲကစားပြီးရတဲ့ဂိုးကို ထိန်းကစားရင်း ဗိုလ်လုပွဲ တက်လာနိုင်ပေမဲ့ ဒီတစ်ကြိမ်က
ဗိုလ်လုပွဲဖြစ်လို့ နောက်တစ်ကျော့ဆိုတာ မရှိတဲ့အတွက် မော်ရင်ဟိုဟာ ယူပါလိဂ်
ချန်ပီယံဖလားကို လိုချင်တယ်၊ မန်ယူကို ချန်ပီယံလိဂ်ဝင်စေချင်တယ်ဆိုရင်တော့
အေဂျက်စ်ကို တစ်ဂိုးထက်မက သွင်းနိုင်အောင် ပြင်ဆင်ထားနိုင်ဖို့ လိုအပ်နေပါပြီ။ အဲဒီလိုမှ
မဟုတ်ရင်တော့ တောက်မယ့်မီးခဲလေးတွေက မန်ယူကို ဂိုးသွင်းသွားတာကို ခံသွားရင်း
ကြီးမားတဲ့ လွဲချော်မှု၊ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့သွားရဖွယ်ရှိနေပါတယ်။ မော်ရင်ဟိုအတွက်
အေဂျက်စ်ဟာ ခက်ခဲမယ့်ပြိုင်ဘက်ဖြစ်လာနိုင်ခြေရှိနေပါရဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း