ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ ပြန်ဖော်လို့ အကောင်းဆုံး အချိန်ဖြစ်နေတဲ့ မိုနာကို

မနှစ်က ဘောလုံးရာသီ ဥရောပမှာ အောင်မြင်မှုအရဆုံးအသင်းက ပြင်သစ်လိဂ်က 
မိုနာကိုအသင်းပါ။

ဥရောပထိပ်သီးလိဂ်ငါးခုထဲမှာ မိုနာကိုဟာ ပြင်သစ်လိဂ်မှာချန်ပီယံဖြစ်ခဲ့သလို ဂိုးအများဆုံး
သွင်းခဲ့တဲ့အသင်းလည်းဖြစ်ခဲ့ပါတယ်။ မိုနာကိုအသင်းရဲ့ မဟာအောင်မြင်မှုရာသီဖြစ်ခဲ့
တာပါ။ အဲဒီလိုအောင်မြင်ခဲ့လို့လည်း အခုလိုရာသီသစ် ပြင်ဆင်ချိန်ကာလ ရောက်လာတဲ့
အခါမှာတော့ မိုနာကိုအသင်းလေးဟာ ဥရောပထိပ်တန်းကလပ်အသင်းကြီးတွေရဲ့
တစ်ခုတည်းသောဈေးကွက်လို ဖြစ်လာခဲ့ပါတယ်။ သားကောင်တွေ့လို့ သိမ်းငှက်တွေ
ဝိုင်းပြီးထိုးဆိတ်ကြသလိုမျိုး မိုနာကိုဟာ ဥရောပ နွေရာသီအပြောင်းအရွှေ့ဈေးကွက်
ကာလမှာတော့ သားကောင်ဖြစ်နေခဲ့ပါတယ်။

ဘယ်ကမှန်းမသိတဲ့ မိုနာကိုကစားသမားတွေဟာ အခုအချိန်မှာတော့ မီဒီယာ
မျက်နှာစာတွေမှာ နေရာယူနေကြပါပြီ။ မနှစ်က ချန်ပီယံလိဂ်မှာ တိုက်စစ်ကောင်းပါတယ်
ဆိုတဲ့ တော့တင်ဟမ်ဟော့စပါး၊ လေဗာကူဆင်တို့ကိုအုပ်စုအဆင့်မှာ အနိုင်ယူခဲ့ပြီးတော့
ထိပ်တန်းကစားသမားတွေ များပါတယ်ဆိုတဲ့ မန်စီးတီးအသင်းကို နှစ်ကျော့ပေါင်းမှာ
ငါးဂိုးသွင်းပြီး အနိုင်ယူခဲ့သလို ကွာတားဖိုင်နယ်မှာ တိုက်စစ်ကောင်းလှပါတယ်ဆိုတဲ့
ဘွန်ဒက်စ်လီဂါက ဒေါ့မွန်အသင်းကို ခြောက်ဂိုးသွင်းပြီး အနိုင်ယူလိုက်တဲ့အခါမှာ
မိုနာကိုအသင်းဆိုတာ ထဲထဲဝင်ဝင်အသင်းဖြစ်လာခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ရောက်မှ
ဂျူဗင်တပ်ကိုရှုံးနိမ့်ပေမဲ့ မိုနာကိုက မထင်မရှား ကစားသမားတွေဟာ ခံ့ခံ့ညားညားဖြစ်လာ
ခဲ့ပါတယ်။ အမ်ဘာပီ၊ ဘာကာယိုကို၊ ဘာနာဒိုဆေးလ်ဗား။ ဖာဘင်ဟို၊ မန်ဒီ၊ ဆီဒီဘီ၊
လီမာ၊ ဒီရာတို့ဟာ ဘယ်ကမှန်းမသိ၊ မထင်မရှား ကစားသမားတွေ ဖြစ်ခဲ့ပေမဲ့ အခုတော့
လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ကစားသမားတွေဖြစ်လာခဲ့ကြပြီး ထင်ထင်ရှားရှားရှိခဲ့တဲ့
ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုတောင် မှေးမှိန်သွားခဲ့ပါတယ်။

အရင်ဆုံး မန်ချက်စတာစီးတီးက ဘာနာဒိုဆေးလ်ဗားကို သွက်သွက်လက်လက်ခေါ်ယူ
လိုက်ခြင်းနဲ့ စတင်လိုက်ပါတယ်။ ဘာနာဒိုဆေးလ်ဗားကို မန်စီးတီးက ယူရို သန်း ၅ဝ နဲ့
ခေါ်လိုက်လို့ မိုနာကိုကလပ်ရဲ့ ရှယ်ယာ ၆၆ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ကလပ်ကို စီမံခန့်ခွဲနေတဲ့
ရုရှားသူဌေး ရိုင်ဘိုလ်လော့လက်ဗ်ရဲ့ ဘဏ်အကောင့် စတင်အလုပ်လုပ်လိုက်ပါတယ်။

အဲဒီနောက်မှာတော့ဂါလာတာစာရေးက ဒီရာကို ယူရို ၄ ဒသမ ၅ သန်းနဲ့ခေါ်လိုက်ပါတယ်။
အဲဒီနောက်မှာတော့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဂျာမိန်းကို မာဆေးလ်က ယူရို ၈ သန်းနဲ့
ထပ်ပြီးခေါ်ယူလိုက်လို့ ရုရှားသူဌေးရဲ့ ဘဏ်အကောင့်ထဲကို ယူရို ၆၂ ဒသမ ၅ သန်း
ရောက်သွားခဲ့ပါပြီ။ လောလောဆယ် ဒီသုံးယောက်ဟာ နေရာသစ်တွေကို ထွက်ခွာ
သွားကြပြီဖြစ်ပေမဲ့ နောက်ထပ်ထွက်ခွာမယ့်သူတွေလည်း ရှိနေပါတယ်။ ကွင်းလယ်ကစား
သမားတွေဖြစ်တဲ့ ဘာကာယိုကိုနဲ့ဖာဘင်ဟိုတို့ပါ။ ဘာကာယိုကိုကို ချယ်လ်ဆီးက
သဘောတူညီမှု ရသွားခဲ့ပါပြီ၊ စာချုပ်ဖို့သာ ကျန်ရှိပါတော့တယ်။ ဖာဘင်ဟိုကို မန်ယူနဲ့
အတူ အီတလီကလပ်တွေက ကမ်းလှမ်းနေကြပါတယ်။ တောင်ပံသမား လီမာကို
အာဆင်နယ်က ကမ်းလှမ်းခဲ့တဲ့အခါ ဈေးနည်းနေလို့ မိုနာကိုဟာ အိုက်တင်ခံနေတာ
ကြောင့်ကြန့်ကြာနေပေမဲ့ လီမာလည်း မိုနာကိုကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ မန်ချက်
စတာစီးတီးဟာ ဘာနာဒိုဆေးလ်ဗားကို ခေါ်ပြီးတဲ့နောက်မှာ နောက်တန်းအစွန်ကစား
သမား မန်ဒီကို ခေါ်ဖို့လုပ်နေပါတယ်။ မန်ဒီဟာ မန်စီးတီးရောက်ဖို့ များနေပါတယ်။
ဆီဒီဘီကို လိုချင်တဲ့သူတော့ အခုထိ အသံမထွက်သေးပေမဲ့ ကလပ်ကို စီမံနေတဲ့
ရုရှားသူဌေးက ကစားသမား လေးငါးခြောက်ယောက်အထိ ရောင်းမယ်လို့ ပြောခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့မှာ ထိပ်သီးအသင်းတွေ လိုချင်ဆုံးသူက မိုနာကိုတိုက်စစ်မှူး
အမ်ဘာပီပဲဖြစ်ပါတယ်။ အာဆင်နယ်ကစာချုပ်ဖို့ စတင်ပြင်ဆင်ကမ်းလှမ်းလိုက်တာ
အခုတော့ ရီးယဲလ်မက်ဒရစ်၊ လီဗာပူးတို့ပါ လိုက်လာနေလို့ ရုရှားသူဌေး အမ်ဘာပီရဲ့
အပြောင်းအရွှေ့ဈေးနှုန်းကို သူတို့မသတ်မှတ်တော့ဘဲ ဈေးကွက်က သတ်မှတ်ပေးသွား
လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမ်ဘာပီရဲ့ လက်ရှိအခြေအနေက
အမ်ဘာပီဟာ လေလံပွဲက ပစ္စည်းတစ်ခုဖြစ်သွားပါပြီ။ ရီးယဲလ်မက်ဒရစ်၊ အာဆင်နယ်၊
လီဗာပူး၊ ပီအက်စ်ဂျီတို့ဟာ အမ်ဘာပီကို လေလံဆွဲသလို ဈေးနှုန်းတွေ အပြိုင်တိုးပေးလာ
နေလို့ ရုရှားသူဌေးက ဈေးကွက်က အမ်ဘာပီကို ဈေးနှုန်းသတ်မှတ်ပေးသွားမယ်လို့
ပြောဆိုခဲ့တာဖြစ်ပါတယ်။ အမ်ဘာပီကိုရဖို့ အေးဂျင့်ကို ချဉ်းကပ်ရုံတင်မဟုတ်ဘဲ
သူ့မိဘတွေ၊ မိတ်ဆွေတွေထံပါ ချဉ်းကပ်နေခဲ့ကြပါတယ်။ အခုအထိတော့ အမ်ဘာပီကို
ရုရှားသူဌေးက ကိုင်ထားဆဲဖြစ်ပါတယ်။ အမ်ဘာပီသတင်းတွေကလည်း တစ်နေ့တစ်မျိုး
မရိုးရအောင် ရေးလို့ကောင်းနေခဲ့ကြပါတယ်။ အမ်ဘာပီရဲ့ အပြောင်းအရွှေ့ဈေးဟာ
ပေါင်သန်း ၁ဝဝ က ကြမ်းခင်းဈေးလိုဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ ရုရှားသူဌေးဟာ
အမ်ဘာပီကို အနည်းဆုံး ပေါင်သန်း ၁ဝဝ ရမှာ သေချာနေပါတယ်။ အမ္ဘာပီဟာ
အသက် ၁၈ နှစ်ပဲရှိသေးလို့ သူ့ရဲ့လက်ရှိခြေစွမ်းနဲ့အတူ ရင်းနှီးမြှုပ်နှံလို့ကောင်းတဲ့အရွယ်
ဖြစ်နေလို့ အခုလို ဝိုင်းဝိုင်းလည်နေကြတာ ဖြစ်ပါတယ်။

စတုတ္ထမြောက် မိုနာကိုကနေ ထွက်ခွာဖို့ သေချာနေသူက ဘာကာယိုကိုဖြစ်ပါတယ်။
ဘာကာယိုကိုကို ချယ်လ်ဆီးက ယူရိုသန်း ၄ဝ နဲ့ ခေါ်မှာသေချာနေပါတယ်။ သူ့ကိုသာ
ရောင်းလိုက်ရင် ရုရှားသူဌေးဟာ ပေါင်သန်း ၁ဝဝ ကျော်ရရှိတော့မှာ ဖြစ်ပါတယ်။
ဘာကာယိုကိုက ခံစစ်အကူကွင်းလယ်သမားဖြစ်ပါတယ်။ ကွင်းလယ်မှာ ခံစစ်နဲ့တိုက်စစ်ကို
ဟန်ချက်ညီအောင်ချိတ်ဆက်ပေးနိုင်သူပါ၊ ချယ်လ်ဆီးဟာ ဘာကာယိုကိုကို ခေါ်မှာ
သေချာတာကြောင့် မာတစ်ကို မန်ယူကို ရောင်းလိုက်ပုံရပါတယ်။ ဘာကာယိုကိုသာ
ခေါ်လိုက်ရင် ချယ်လ်ဆီးကွင်းလယ်ဟာ ပြင်သစ်ကစားသမားနှစ်ယောက် ပူးပေါင်းသွားမှာ
ဖြစ်ပါတယ်။ မနှစ်က ကန်တီကို လက်စတာကနေခေါ်လိုက်ပြီး ကန်တီဟာ ပြီးခဲ့တဲ့ရာသီက
ပရီမီယာလိဂ်ရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။ ဘာကာယိုကိုဟာ
တစ်ဖက်အသင်းရဲ့ တိုက်စစ်အား Tempo ကို တန့်သွားအောင် ကစားနိုင်တဲ့သူဖြစ်
ပါတယ်။ ဘာကာယိုကိုကို ချယ်လ်ဆီးအပြင် မန်စီးတီး၊ မန်ယူ၊ ပီအက်စ်ဂျီတို့ကပါ
စိတ်ဝင်စားခဲ့ကြပေမဲ့ ESPN ကတော့ အသက် ၂၂ နှစ်သာရှိသေးတဲ့ ဘာကာယိုကိုဟာ
ချယ်လ်ဆီးကို သွားလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ မိုနာကို ကွင်းလယ်မှာ ဘာကာယိုကိုနဲ့
အတူ ဘရာဇီးလ်ဘောလုံးသမား ဖာဘင်ဟိုဟာလည်း မိုနာကိုကနေ ထွက်ခွာသွားနိုင်သူ
ဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗား၊ ဒီရာ၊ ဂျာမိန်း၊ ဘာကာယိုကိုတို့နဲ့အတူ ဖာဘင်ဟို၊ လီမာ၊ မန်ဒီ၊
ဆီဒီဘီနဲ့ အမ်ဘာပီတို့ ထပ်ပြီးထွက်သွားမယ်ဆိုရင် မိုနာကိုဟာအခွံချည်း ကျန်နေရစ်
မလားဆိုတာ တွေးစရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒု-ဥက္ကဋ္ဌ ဗာဆဲလ်ယက်ဖ်နဲ့ အားကစား
ဒါရိုက်တာ အန်တိုနီယိုကော်ဒွန်တို့ဟာ အစားထိုး ဖြည့်တင်းမှုတွေတော့ လုပ်နေတာ
တွေ့ရပါတယ်။ သူတို့ဟာ ဘယ်လ်ဂျီယံဈေးကွက်ကို ပစ်မှတ်ထားပြီးဖြည့်တင်းနေတာ
တွေ့ရပါတယ်။ အန်းဒါးလက်ခ်ျကွင်းလယ်က ဘယ်လ်ဂျီယံလက်ရွေးစင် တိုင်လီမန်ကို
စာချုပ်လိုက်သလို ဘယ်လ်ဂျီယံကလပ် ဝါရီဂျမ် ကွင်းလယ်သမား မိုင်တီနဲ့ လိုင်ယွန်
နောက်တန်း ညာအစွန်သမား ဂက်စ်ပါတို့ကိုလည်း စာချုပ်ချုပ်ဆိုခဲ့တာတွေ့ရပါတယ်။
တိုင်လီမန်ဆိုရင် အသက် ၂ဝ ကျော်ပဲရှိသေးပြီး ဘယ်လ်ဂျီယံမှာ တောက်ပလာမယ့်သူ
အဖြစ်ထင်ရှားပါတယ်။ အဲဒီနောက်မှာ ဘာစီလိုနာလူငယ်ကစားသမားဖြစ်တဲ့ အသက် ၁၈
နှစ်ပဲရှိသေးသူ တောင်ပံသမား အမ်ဘူလာကိုလည်း စာချုပ်လိုက်သလို မနှစ်ကအငှားချ
ထားတဲ့ သူတို့ရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ မက်ဇီမင် (၂ဝ နှစ်)၊ ရိုနီလိုပက်စ်
(၂၁ နှစ်) တို့ကို ပြန်လည်ခေါ်ယူလိုက်ပါတယ်။ သူတို့နောက်ထပ် ဖြည့်တင်းချင်နေတဲ့
ကစားသမားတွေက လိုင်လီကွင်းလယ်သမား ဘစ်ဆိုမာနဲ့ လက်စတာ တောင်ပံသမား
မာရက်ဇ်တို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် နည်းပြဂျာဒင်ဟာ လာမယ့်ရာသီအတွက်
လေ့ကျင့်ပြင်ဆင်မှုတွေ စတင်နေပြီဖြစ်ပါတယ်။

သူဌေး ရိုင်ဘိုလော့လက်ဗ်က ကစားသမားတွေအတွက် ဆုံးဖြတ်ပေးမှာမဟုတ်သလို
ဟန့်တားထားမှာလည်း မဟုတ်ပါဘူး။ ကစာသမားတွေ သွားမယ်၊ မသွားဘူးဆုံးဖြတ်ခွင့်
ပေးထားပါတယ်။ ကလပ်က ဘတ်ဂျက်ပြဿနာအခက်အခဲလည်းမရှိပါဘူး။ မိုနာကို
ကလပ်ဟာ ရီးယဲလ်မက်ဒရစ်လို ဘာစီလိုနာလို မန်ယူလို ကလပ်အသင်း မဟုတ်ဘူး
ဆိုတာကိုတော့ သိစေချင်တယ်။ အားလုံးဟာ ကိုယ့်အနာဂတ် တက်လမ်းအတွက်
လုပ်ကြရမှာပဲ၊ ဘောလုံး စီးပွားရေးသဘောတရားကို နားလည်ထားဖို့တော့လိုတယ်။
မမှားဖို့လည်း လိုပါတယ်။ ဥပမာအနေနဲ့ မန်ယူကိုပြောင်းသွားတဲ့ မာရှယ်ကို နမူနာယူနိုင်
ပါတယ်။ ဘယ်လောက်အထိ တိုးတက်မှုရှိသလဲ ဆိုတာကိုတော့ ကြည့်တတ် မြင်တတ်
ရမယ်၊ ကလပ်ကနေထွက်ခွာချင်သူကို ထိန်းထားမှာမဟုတ်ဘူး''လို့ ပြောဆိုထားခဲ့ပါတယ်။

အတွေ့အကြုံရင့် ဖယ်လ်ကာအိုကတော့မိုနာကိုမှာရှိနေမယ့် အနေအထားမှာရှိနေပါတယ်။

မနှစ်ကရာသီမှာ ဖယ်လ်ကာအိုဟာ အရင်ခြေစွမ်းမျိုးပြန်တွေ့ခဲ့ပြီး ၂၁ ဂိုး သွင်းနိုင်ခဲ့
ပါတယ်။ သူ့ရဲ့စာချုပ်က တစ်နှစ်ပဲရှိတော့တာမို့ နှစ်ဖက်စလုံးက စာချုပ်သက်တမ်းတိုးချင်
နေကြတယ်လို့ သိရပါတယ်။ မိုနာကိုရဲ့ ပေါ်တူဂီလူမျိုး နည်းပြ ဂျာဒင်ကလည်း ''မနှစ်က
ပြင်သစ်လိဂ်ဖလား ရယူခဲ့ကြတဲ့ ကစားသမားအများအပြားဟာ ကလပ်ကထွက်ခွာကြပါ
လိမ့်မယ်။ ဒါပေမဲ့ ဘယ်ကစားသမားထွက်ထွက် ကလပ်ရဲ့ ဦးတည်ရည်မှန်းချက်ကတော့
ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဒါကသာ အရေးအကြီးဆုံးဖြစ်ပါတယ်'' လို့ ပြောဆိုသွား
ပါတယ်။

ကစားသမားဖြည့်တင်းနေပုံနဲ့ ယှဉ်ထိုးကြည့်လိုက်ရင် မိုနာကိုဟာ မနှစ်က ကစားသမား
တွေကို ရောင်းနေပေမဲ့ ကလပ်ရဲ့ ဦးတည်ရည်မှန်းချက် ပြောင်းမသွားဘူးဆိုတာ တွေ့နေ
ရပါတယ်။ အသင်းအနေနဲ့ ပုံပျက်မသွားဖို့ ပြင်ဆင်ထားပေမဲ့ တည်ဆောက်ရမယ့်ကာလ
တစ်ခုကိုတော့ မိုနာကိုဟာ ကြုံတွေ့ဖို့ရှိနေပါတယ်။ အဲဒီအတွက် ပြင်သစ်လိဂ်ချန်ပီယံ
ဖလား ကာကွယ်နိုင်ဖို့ မှေးမှိန်ကောင်း မှေးမှိန်သွားနိုင်ပါတယ်။ ရုရှားသူဌေးဖြစ်သူဟာ
မိုနာကို ကို ပြင်သစ်လိဂ် ၁ ကနေ တန်းဆင်းသွားပြီး လိဂ် ၂ မှာ ကစားနေရချိန် ၂ဝ၁၁
ဒီဇင်ဘာမှာ မိုနာကိုကလပ်ကိုဝယ်ခဲ့ပြီး ၂ဝ၁၃ မေ ရောက်မှ မိုနာကိုဟာ ပြင်သစ်လိဂ် ၁
ကို ပြန်တက်လာခဲ့တာဖြစ်ပါတယ်။

၂ဝ၁၃ အခုလို နွေရာသီ ပြောင်းဈေးကွက်ကာလမှာ ရုရှားသူဌေးဟာ လိဂ် ၁ ကို
ပြန်တက်လာတဲ့ မိုနာကိုအသင်းကို ပေါင် ၁၄၆ သန်းဖိုး ကစားသမားတွေဖြည့်တင်းပေး
ခဲ့သူဖြစ်ပါတယ်။ အခုမိုနာကိုမှာရှိနေတဲ့ ဖယ်လ်ကာအို၊ အခုရီးယဲလ်မက်ဒရစ်မှာ နေရာ
ပျောက်နေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ပေါ်တူဂီလက်ရွေးစင်တွေဖြစ်တဲ့ ကော်တင်ဟိုနဲ့ ရီကာဒို
ကာဗယ်ဟိုနဲ့ အက်ဘီဒယ်တို့ကို ခေါ်ယူခဲ့တာပါ၊ ဖယ်လ်ကာအိုကို ပေါင်သန်း ၅ဝ ပေးပြီး
တော့ကို ဝယ်ခဲ့တာဖြစ်ပါတယ်။ မိုနာကိုကို ၂ဝ၁၁ မှာဝယ်ပြီး ၂ဝ၁၃ မှာ တန်းပြန်တက်
အောင်လုပ်နိုင်ခဲ့ပြီး ၂ဝ၁၇ မှာ ပြင်သစ်လိဂ်ချန်ပီယံဖလားရအောင် စွမ်းဆောင်နိုင်ခဲ့တာ
တွေက ဦးတည်ရည်မှန်းချက်ကောင်းလို့ဆိုတာ သေချာပါတယ်။

အခုလို ထင်ရှားတောက်ပလာဖို့အတွက် များပြားလှတဲ့ အရင်းအနှီးတွေရှိခဲ့သလို အခု
တစ်ခါ ပြန်တောက်ပလာတဲ့အချိန်မှာ တစ်ခါပြန်ပြီး ကစားသမားတွေ ရောင်းချခြင်းနဲ့
ငွေပြန်ဖော်နေတာဟာလည်း သဘာဝကျနေခဲ့ပြန်ပါတယ်။

ပြင်သစ်လိဂ်ရဲ့ အဆင့်အတန်းကို လာလီဂါလို၊ ပရီမီယာလိဂ်လို၊ ဘွန်ဒက်စ်လီဂါလို၊
စီးရီးအေလို တန်းညှိနေရင်တော့ ရုရှားသူဌေးဟာ သူမြှုပ်နှံထားတဲ့ ငွေပမာဏကို ပြန်ဖော်
လို့ရမှာမဟုတ်ပါဘူး။ လက်ရှိအချိန်ဟာ ငွေပြန်ဖော်လို့ အကောင်းဆုံးအချိန်ဆိုတာကို
သဘောပေါက်နေလို့သာ မိုနာကိုနဲ့ တောက်ပလာတဲ့ ကစားသမားတွေကိုရောင်းနေတာလို့
သုံးသပ်နေမိပါရဲ့------။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း