၃၇ မင်းနတ်တွေကို ပန်းချီကားတွေအဖြစ် ဖန်တီးတဲ့ နတ်ပန်းချီဆရာ

နေအိမ်မှာ နတ်ပန်းချီကားတစ်ခု ဖန်တီးနေတဲ့ ပန်းချီဦးစိန်မြင့်။ စည်သူလွင်/မြန်မာတိုင်း(မ်)နေအိမ်မှာ နတ်ပန်းချီကားတစ်ခု ဖန်တီးနေတဲ့ ပန်းချီဦးစိန်မြင့်။ စည်သူလွင်/မြန်မာတိုင်း(မ်)

ရေးလက်စ ပန်းချီကားတွေ၊ ရေးပြီးသား ပန်းချီကားတွေက သပ်သပ်ရပ်ရပ် စီထားတာမဟုတ်
ပေမယ့် စိတ်ဝင်စားစရာ ကောင်းနေပြီး မခြောက်သေးတဲ့ ပန်းချီဆေးနံ့၊ ကင်းဗတ်စ် အနံ့နဲ့
ဖျော်စပ်ထားတဲ့ ရေဆေးအနံ့တွေက ပန်းချီကားတွေပေါ်မှာ ကခုန်နေတဲ့ နတ်မင်းတွေကို
ယိမ်းထိုး အသက်ဝင်လာစေပါတယ်။

ဒီလို ကင်းဗတ်စ်ပေါ်မှာ ၃၇ မင်းနတ်တွေကို အရောင်စုံရေဆေး၊ ဆီဆေးတွေနဲ့ အသက်သွင်း
ဖန်တီးနေသူကတော့ မန္တလေးမြို့ရဲ့ နာမည်ကျော် ရွှေချည်ထိုးပညာရှင်တစ်ဦး ဖြစ်သူ ပန်းချီဆရာ
ဦးစိန်မြင့်ပဲ ဖြစ်ပါတယ်။

"နတ်တစ်ပါးချင်းစီရဲ့ နောက်ခံသမိုင်းကို လည်းသိမှ ဘယ်နတ်က ဘယ်လိုစိတ်ရှိတယ်ဆိုတာ
ပန်းချီကားတွေထဲမှာ ထည့်ရေးလို့ရမှာပါ။ ဒါ့ကြောင့် နတ်တွေရဲ့ရာဇ၀င်ကို သိဖို့ နတ်သမိုင်း
စာအုပ်တွေ တော်တော်များများ ဖတ်ဖြစ်တယ်"လို့ ပန်းချီဦးစိန်မြင့်က ပြောပါတယ်။

အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး ပန်းချီဆရာသက်တမ်း နှစ် ၄၀ ကျော်မှာ နတ်ပန်းချီကားတွေကိုသာ
ဆယ်စုနှစ် တစ်ခုကျော် ရေးဆွဲလာခဲ့ပြီး လက်ရှိအချိန်ထိ ရေးဆွဲနေတာမို့လည်း နတ်သမိုင်း
စာအုပ်တွေက လေ့လာထားတဲ့ နတ်တပါးချင်းစီရဲ့ အ၀တ်အစား၊ အပြင်အဆင်နဲ့ စိတ်နေ
သဘောထားတွေကြောင့် တစ်ကားနဲ့ တစ်ကား တင်ပြပုံမထပ်အောင် ရေးဆွဲနိုင်ခဲ့တယ်လို့ သူက
ပြောပါတယ်။

"ရုပ်ငြိမ်(still) ပုံတွေထက် စိတ်ခံစားမှု အလှုပ်တွေပါတဲ့ (motion) ပန်းချီတွေရေးဖြစ်တယ်။
နတ်တစ်ပါးချင်းစီရဲ့ အငွေ့အသက်တွေကို ခံစားစီးမျောရင်း အရောင်တွေကို သွန်ချ ရေးဆွဲ
တတ်တော့ အရောင်စပ်တဲ့ နေရာတွေမှာ စိုးရိမ်စိတ် မရှိတော့ဘူး။ ဒီတစ်ကားမှာ နတ်ရဲ့ စိတ်ကို
ဖော်ကျူးရင် နောက်တစ်ကားမှာ အဲဒီနတ်ရဲ့ အမူအရာ တစ်ခုခုကို ဖော်ပြဖြစ်တယ်"လို့ ဦးစိန်မြင့်
က ပြောပါတယ်။

သူ့ရဲ့ နတ်ပန်းချီကား သီးသန့်တွေကို ပြည်တွင်းပြပွဲမှာ သုံးကြိမ်နဲ့ ပြည်ပပြပွဲတွေမှာတော့
အကြိမ်ကြိမ်ပြသဖြစ်ခဲ့ပြီး နတ်အကြောင်း မသိတဲ့ နိုင်ငံခြားသားတွေအတွက်တော့ ပန်းချီကား
ထဲမှာ ဖော်ပြတဲ့ အရောင်စပ်မှုက အဓိက ဆွဲဆောင်မှုဖြစ်စေတယ်လို့ သူက ရှင်းပြပါတယ်။

"နိုင်ငံတကာပြပွဲတွေမှာ ကိုယ်ရေးတဲ့ နတ်အကြောင်းသိလို့ဆိုတာ နောက်ပိုင်း ကိုယ်ရှင်းပြလိုက်မှ၊
အရင်တော့ အရောင်တွေ ဘယ်လိုစပ်လဲဆိုတာကို လူတွေ စိတ်ဝင်စားကြတယ်၊ ကိုကြီးကျော်လို
စိတ်ဒေါသပြင်းတဲ့ နတ်မျိုးမှာ သူများတွေ သိပ်မရေးတဲ့ အတိုက်အခံလို အရောင်တွေ ထည့်ဆွဲ
ရပြီး အဲဒီလိုကားမျိုးဆို နိုင်ငံခြားသားတွေ ပိုစိတ်ဝင်စားကြတယ်" လို့ ပန်းချီဦးစိန်မြင့်က
ပြောပါတယ်။

နတ်ပန်းချီကားတွေ ရေးဆွဲဖို့အတွက် နတ်သမိုင်းစာအုပ်တွေ ဖတ်ရတာအပြင် နောက်ထပ်
သူအားဖြည့်ရတာက နတ်ပွဲတွေ သွားကြည့်ခြင်းနဲ့ နတ်သီချင်း နားထောင်ခြင်းတို့ပဲ ဖြစ်ပါတယ်တဲ့။

"နတ်ပွဲတွေ သွားကြည့်တယ်၊ နတ်သီချင်းတွေ နားထောင်တယ်။ ဒါ ပန်းချီရေးဖို့ အားဖြည့်နည်း
တစ်မျိုးပါ။ မမနှဲအကြောင်း ရေးနေချိန်မှာ သူနဲ့သက်ဆိုင်တဲ့ သီချင်းဖွင့်ထားရင် ပိုစီးမျောတယ်၊
သူ့စိတ်ခံစားချက်တွေကိုပါ ထည့်ဆွဲနိုင်တယ်။ ဒါပေမဲ့လည်း တစ်ခါတလေတော့ ဘာသီချင်းသံမှ
မကြားရဘဲ ငြိမ်ငြိမ်ဆိတ်ဆိတ်လေး ပန်းချီရေးရတာ ပိုကောင်းတယ်။ စိတ်ထဲမှာ ကိုယ်ရေးမယ့်
နတ်အကြောင်းက စွဲထင်ပြီးသားဆိုရင်ပေါ့"လို့ နတ်ပန်းချီ ရေးပုံကိုလည်း ပြောပြပါတယ်။

နတ်သီချင်းမှ မဟုတ်ဘဲ အနောက်တိုင်းဂီတ အေးအေးတွေ ဖြစ်တဲ့ Blues နဲ့ Jazz ဂီတတွေ
ကိုလည်း နားထောင်ဖြစ်တဲ့ ဆရာဦးစိန်မြင့် က ၃၇ မင်းနတ်အပြင် တစ်တိုင်းပြည်လုံးက
နတ်ပွဲတွေ၊ နတ်ရာဇ၀င်တွေကိုပါ ပန်းချီရေးချင်တဲ့ ဆန္ဒရှိနေပါတယ်တဲ့။

"ကျွန်တော်က အထက်အညာဒေသပိုင်းက နတ်တွေအကြောင်းပဲ အဓိကသိပြီး ရေးတာဆိုတော့
တခြားတိုင်းရင်းသားတွေ ယုံကြည်တဲ့ နတ်တွေ၊ ဧရာဝတီတိုင်းဘက်က ကိုးကွယ်တဲ့ နတ်တွေနဲ့
ရိုးရာနတ်ပွဲ အခမ်းအနားတွေကို လိုက်လေ့လာချင်ပါတယ်။ ဒါကလည်း အခု ရေးနေတဲ့ နတ်တွေ
အကြောင်း ငြီးငွေ့လို့တော့ မဟုတ်ပါဘူး။ တခြားနတ်တွေအကြောင်း တိုးပြီး ရေးချင်တဲ့ဆန္ဒပါ"လို့
နတ်ပန်းချီဆရာက သူ့ဆန္ဒကို ပြောပါတယ်။

နတ်ပန်းချီကားတွေချည်းပဲ အစဉ်တစိုက် ရေးဆွဲလာခဲ့တဲ့ ၁၀ နှစ်တာအတွင်းမှာ ထောင်ချီတဲ့
ပန်းချီကားအရေအတွက်ကို ရေးဆွဲနိုင်ခဲ့ပြီး ၀ယ်စုသူတွေထဲမှာ တစ်ဦးတည်းကို ရာနဲ့ချီပြီး
စုဆောင်းသူတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။

"ကိုယ်က ဒီပန်းချီကားကို အကြိုက်ဆုံး၊ အားအရဆုံးဆိုပြီး ဖန်တီးထားလည်း ၀ယ်သူမရှိ ဖြစ်ရင်
ဖြစ်နေတတ်တယ်။ ကိုယ်ရေးနေတုန်း တန်းလန်း တစ်ဝက်လောက်ပဲရှိနေတဲ့ ပန်းချီကားမျိုးကို
ဈေးကြီးပေးပြီး ဆက်မဆွဲခိုင်းဘဲ (ပုံကြမ်းအတိုင်း) အတင်း လာဝယ်သွားကြတာလည်း ရှိတယ်။
အဲဒီတော့ ၀ယ်သူအကြိုက်ကို ခေါင်းထဲမထည့်ဘဲ ကိုယ်ရေးနေတဲ့ ပန်းချီကားထဲက
နတ်အကြောင်းကိုပဲ စိတ်နှစ်ပြီး ရေးလိုက်တာက အဆင်ပြေဆုံးပါပဲ"လို့ ဦးစိန်မြင့်က
သူပန်းချီရေးတဲ့ စိတ်ခံစားချက်ကို ပြောပါတယ်။

နတ်ပန်းချီကားက Myanmar Realism လို့ ပြောလို့ရသလို မော်ဒန်နဲ့ Abstract လို့လည်း
သတ်မှတ်လို့ရတာကိုတော့ "အဓိကက motion ပေါ့။ သူတို့ရဲ့ စိတ်နေသဘောထားကို အရွေ့ပုံစံ
ထည့်ဆွဲတော့ မော်ဒန်ဆန်နေတယ်။ ဒါပေမဲ့လည်း အ၀တ်အစားပိုင်းတွေ၊ နောက်ခံ အခြေအနေ
တွေကိုတော့ မြန်မာ့ရိုးရာ ကနုတ်တွေနဲ့ ဖြည့်ရတဲ့အတွက် realism ဖြစ်ပြန်တယ်။ အဲဒီတော့
ကျွန်တော်ရေးတဲ့ ပန်းချီကားက Semi Abstract ထဲမှာပါမယ်"လို့ ရှင်းပြပါတယ်။

ဘိုးဘွားအစဉ်အဆက်အပြင် ကိုယ်တိုင်လည်း ယုံကြည်တဲ့နတ်တွေက ပန်းချီရေးနေစဉ်မှာ
စောင့်ရှောက်တယ်လို့လည်း နတ်ပန်းချီ ဆရာက ယုံကြည်ထားပါသေးတယ်။

"တိုက်ပွဲ တစ်ခုမှာ လေက ကိုယ့်ဘက်က ကူတိုက်ပေးသလိုပဲ။ ပန်းချီရေးရတာ အရမ်းခက်ခဲတဲ့
အခြေအနေတွေမှာ တောင်နတ်တွေရဲ့အစောင့် အရှောက်လားမသိဘူး၊ ဘာအဆုံးအရှုံးမှ ခုထိ
မဖြစ်ခဲ့ဘူး"လို့ ဦးစိန်မြင့်က ပြောပါတယ်။

ဆယ်နှစ်ကျော် နတ်ပန်းချီတွေ ရေးလာတဲ့ ပန်းချီဆရာ တစ်ယောက်အနေနဲ့ နတ်နဲ့ ပတ်သက်ပြီး
ကြုံတွေ့ရတဲ့ အမှတ်တရတွေကလည်း အများကြီးရှိတယ်လို့လည်း ဆိုပါသေးတယ်။

"ဂမ္ဘီရဆန်တယ်လို့ ပြောရမလားတောင် မသိဘူး။ ကိုယ်က ဒီနတ်တစ်ပါးကို စိတ်ဝင်စားပြီး
ရေးလိုက်ပေမယ့် သူနဲ့ပတ်သက်တဲ့ နတ်တွေ ကိုယ့်ပန်းချီကားထဲမှာ ကြံဖန်ပြီးတော့ ပုံပေါ်နေတာ
တွေတွေ့ရတယ်။ ကိုယ်တိုင် သတိမထားမိပေမယ့် တခြားပန်းချီဆရာတွေက နောက်ခံကြားထဲက
မင်းသမီးလေးအကြောင်း၊ တခြား အသွင်သဏ္ဌာန်တွေအကြောင်းကို ထုတ်မေးမှ ကိုယ်တိုင်စီစဉ်
ရေးဆွဲတာ မဟုတ်ဘူးဆိုတာ ပြောပြရတယ်"လို့ သူက ပြောပါတယ်။

ပုထုဇဉ်တစ်ဦးဖြစ်တဲ့ နတ်ပန်းချီဆရာမှာလည်း အခက်အခဲကာလတွေ၊ စိတ်ပင်ပန်းတဲ့
အခြေအနေတွေရှိနေတာမို့ သူရေးတဲ့ ပန်းချီကားတွေမှာ အဲဒီကာလတွေကိုပါ ထည့်သွင်းဖြစ်သွား
တယ်လို့လည်း ဆိုပါတယ်။

"အခက်အခဲတွေ များနေတဲ့အချိန်တွေမှာ ကိုယ်ရေးတဲ့ ပန်းချီတွေက ဓားတွေ၊ လှံတွေ ဆွဲကိုင်တဲ့
စစ်သူကြီးနတ် တစ်ပါးပါး၊ ဒါမှမဟုတ် ဘီလူးတွေ၊ နဂါးတွေ၊ ဂဠုန်တွေနဲ့ တိုက်ခိုက်နေတဲ့ နတ်မင်း
တစ်ပါးပါး ဖြစ်သွားတတ်တယ်။ အပြင်မှာ ကိုယ်ကြုံတွေ့နေတာတွေကို ပန်းချီထဲမှာ စိတ်နှစ်ပြီး
ဖော်ပြလိုက်တာမျိုးပေါ့"လို့ သူ့ရဲ့ စိတ်ထွက်ပေါက်ကို ပြောပါတယ်။

လတ်တလောမှာတော့ ပန်းချီဆရာက ၂၀၁၄ နှစ်ကုန်ပိုင်းမှာ ဂျာမနီမှာ ကျင်းပမယ့် သူ့ရဲ့
နတ်ပန်းချီပြပွဲအတွက် ပန်းချီကားတွေကို အာရုံ စိုက်ဖန်တီးနေတယ်လို့ ဆိုပါတယ်။

"ပန်းချီ ကားအသေးတွေတော့ ရေးပြီးသွားပြီ။ ခုလောလောဆယ်မှာ ၅ ပေ ထ ၃ ပေ ကား
၂၄ ကား ထပ်ပို့ရမှာဆိုတော့ သင်္ကြန်မတိုင်ခင် အပြီးသတ် နိုင်အောင် ရေးနေပါတယ်။ ၁၃ ကား
ပြီးသွားပြီဆိုပေမယ့် ဂျာမနီကို သင်္ဘောနဲ့ တင်ပို့ရမှာဖြစ်တဲ့အတွက် ပန်းချီကားတွေ အကုန်
အချိန်မီအောင် ရေးဖြစ်နေပါတယ်" လို့ ပြောပါတယ်။

ဂျာမနီမှာ ပထမဆုံးအကြိမ် သူ့ရဲ့ နတ်ပန်းချီ ကား ၅၀ ကျော်သွားပြမှာ ဖြစ်တဲ့အတွက် နတ်တွေ
အကြောင်း မသိတဲ့ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်ဖို့ ပန်းချီတစ်ကားချင်းစီကို ဂရုတစိုက်နဲ့
ရေးဆွဲနေပေမယ့် ဒါဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံခြားပန်းချီပြပွဲ အတွေ့အကြုံတော့ မဟုတ်ပါဘူး။

"အာဆီယံနိုင်ငံတွေ စုပြတဲ့ ပန်းချီပြပွဲတွေ၊ အနောက်တိုင်းနိုင်ငံတွေမှာ ပန်းချီပြပွဲတော့
လုပ်ဖူးတယ်။ ဘယ်နှစ်ခါလဲဆိုတာတော့ မမှတ်မိပေမဲ့ နတ်သီးသန့်တော့ မဟုတ်ဘူး။
၁၉၇၀ ၀န်းကျင်ကတည်းက ပန်းချီတွေရေးပြီး ပြပွဲတွေ လုပ်နေပြီဆိုတော့လေ"လို့ ဦးစိန်မြင့်က
ဆိုပါတယ်။

ပန်းချီဦးစိန်မြင့်ရဲ့ ရွှေချည်ထိုး ပန်းချီကားချပ်ဟာ ၁၉၉၀ ပြည့်နှစ်ကတည်းက ကမ္ဘာ့ကုလသမဂ္ဂ
အထွေထွေရုံးချုပ် (နယူးယော့ခ်) ရုံးခန်းမှာ ချိတ်ဆွဲခွင့်ရခဲ့သလို သူ့ပန်းချီကားတွေနဲ့ ရွှေချည်ထိုး
အနုပညာအပေါ် သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ၊
သီးသန့်စာတွေကိုလည်း လက်ခံရရှိထားသူဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်