Monday, April 24, 2017

နဂါးဖန်ချက်စက်ရုံကို စိတ်ဝင်စားတဲ့ ပန်းချီဆရာမနဲ့ သူ့ရဲ့ 'ဖန်မြေ မှန်မြေ' အနုပညာပြပွဲ

ပန်းချီပြပွဲ ဖွင့်ပွဲနေ့မှာ အခုလိုမျိုး အကနဲ့ တွဲဖက်တင်ဆက်ခဲ့ပါတယ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ပန်းချီပြပွဲ ဖွင့်ပွဲနေ့မှာ အခုလိုမျိုး အကနဲ့ တွဲဖက်တင်ဆက်ခဲ့ပါတယ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံမှာ သမိုင်းမှတ်တမ်းများအရ ဖန်နဲ့ ဆောက်လုပ်တဲ့ ဖန်သားနန်းတော်ကို
ဘကြီးတော်မင်းလက်ထက် ခရစ်နှစ် ၁၈၂၉ ခုနှစ်မှာ ဆောက်လုပ်ခဲ့ကြပြီး ဖန်နဲ့ ပတ်သက်တဲ့
ထူးခြား ထင်ရှားတဲ့ ၀ိသေသတစ်ခုပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်ကာလမှာတော့ ဖန်နဲ့ပတ်သက်ပြီး လက်မှုပညာမှာ ထင်ရှားတဲ့ အခက်အခဲ၊
အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ နဂါးဖန်မြေ၊ မှန်မြေက ၀ိသေသတစ်ခုအနေနဲ့ ရှိနေပါတယ်။

ဒီနဂါးဖန်မြေ၊ မှန်မြေကို စိတ်ဝင်စားတဲ့ ဩစတြေးလျမှ ပန်းချီဆရာမ Amanda Humphries က
'ဖန်မြေ မှန်မြေ' ဆိုတဲ့ အနုပညာပြပွဲကို စီစဉ်ခဲ့ပြီး ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သူ့ရဲ့ခေတ်ပြိုင်
ပန်းချီ အနုပညာလက်ရာတွေကို ဧပြီ ၂၁ ရက်ကနေ ၃၀ ရက်အထိ River Gallery မှာပြသခဲ့ပါ
တယ်။

ပြပွဲဖွင့်ပွဲနေ့မှာတော့ ဩစတြေးလျအကအဖွဲ့ဖြစ်တဲ့ Remnant Dance မှ အနုပညာရှင်တွေရဲ့
အကတင်ဆက်မှုတွေနဲ့ ပူးပေါင်းပြီး ပြသခဲ့တာ ဖြစ်ပါတယ်။

ပန်းချီဆရာမ Amanda က နဂါးဖန်ချက် စက်ရုံကို သွားရောက်လေ့လာခဲ့ရာကနေ ရရှိလာတဲ့
ခံစားမှုကို ပန်းချီကားတွေအဖြစ် အသက်သွင်း ဖန်တီးခဲ့တာ ဖြစ်သလို Andrew Youth
Development Centre (AYDC) က မိဘမဲ့ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို ထည့်သွင်း
ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

"နဂါးဖန်ချက်စက်ရုံကို ဂါရ၀ထားတဲ့အနေနဲ့ ဒီဖန်မြေမှန်မြေဆိုပြီး ဒီနာမည်တူလေးကိုပဲ ပေးဖြစ်ခဲ့
တာပါ။ ဖန်ချက်စက်ရုံမှာ ကွဲသွားတဲ့ ဖန်အပိုင်းအစလေးတွေက နေရာအနှံ့ ပြန့်ကျဲနေပြီး ပုံရိပ်တွေ
ထင်နေတယ်။ ပြီးတော့ ဖန်ဆိုတာ မြေကြီးရဲ့ ထွက်ကုန်တစ်ခုပါ။ AYDC က ကလေးတွေနဲ့
ကျွန်မတို့ စကားအများကြီး ပြောဖို့ စီစဉ်ခဲ့တယ်။ သူတို့နဲ့ ဆက်သွယ်ဖို့အတွက် ဖန်တွေကို
ကြားခံပစ္စည်း အနေနဲ့ သုံးခဲ့တယ်။ ဒီဖန်ပစ္စည်းတွေပေါ်မှာ ကလေးတွေရဲ့ စိတ်က ပုံရိပ်ထင်နေပါ
တယ်"လို့ Amanda က ပြောပါတယ်။

Amanda က ကမ်းနားဟိုတယ်က River Gallery မှာပြသခဲ့တဲ့ သူ့လက်ရာတွေကို တခြား
အနုပညာလှုပ်ရှားမှုတွေပြုလုပ်ခဲ့တဲ့ 'ဖန်မြေ မှန်မြေ' အနုပညာပွဲရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်
Beginning လို့အမည်ပေးထားပါတယ်။

စီးရီးလိုက် ပြသထားတာဖြစ်ပြီး ရေဆေး၊ ဆီဆေး နှစ်မျိုးစလုံးအပြင် အပ်ချည်လေးတွေ အသုံးပြု
ဖန်တီးထားတဲ့ လက်ရာတွေနဲ့ ရေဆေးတစ်မျိုးတည်း အသုံးပြုထားတဲ့ ပန်းချီလက်ရာတွေလည်း
ပါဝင်ပါတယ်။

ပြခန်းမှာ တခြားထူးခြားတဲ့ လက်ရာတွေကိုလည်း ပြသခဲ့ပါသေးတယ်။

အဲဒါတွေကတော့ နဂါးဖန်မြေမှန်မြေက ဖန်သားပစ္စည်းလေးတွေကို မိဘမဲ့ကလေးတွေရဲ့
စကားလုံးတွေ၊ စိတ်ကူးတွေနဲ့ သူတို့ ကိုယ်တိုင်ခြယ်သထားတာတွေကို ပြသထားတာပဲ
ဖြစ်ပါတယ်။

'ကြီးလာရင် ဆရာဝန်ကြီးလုပ်မယ်'၊ 'ညီလေးတွေ၊ ညီမလေးတွေကို စောင့်ရှောက်ချင်တယ်'
စသဖြင့် မင်နဲ့ ရေးသားထားတာတွေအပြင် ပန်းပုံလေးတွေ ရေလှိုင်းပုံလေးတွေကို ဖန်သားပစ္စည်း
(ဖန်အိုး၊ ဖန်ခွက်)တွေပေါ်မှာ စိတ်ကူးမျိုးစုံနဲ့ ခြယ်သထားတာပဲ ဖြစ်ပါတယ်။

"ကလေးတွေနဲ့ အလုပ်အတူတူလုပ်ရတာ ပျော်စရာကောင်းပါတယ်။ ကျွန်မတို့က ဘာလုပ်
ဆိုတာမျိုး ညွှန်ကြားချက်မပေးဘဲ သူတို့စိတ်ထဲမှာ ရှိတာတွေကို ဖော်ထုတ်ခိုင်းတာပါ။ သူတို့ရဲ့
တန်ဖိုးရှိတဲ့၊ ဖုံးကွယ်ထားတဲ့ စိတ်ကူးတွေကို ကျွန်မတို့ တွေ့ခဲ့ရပါတယ်"လို့ Amanda က
ပြောပါတယ်။

"နဂါးဖန်မြေမှန်မြေကို ရောက်သွားတာ ကမ္ဘာသစ်တစ်ခုကို ကျွန်မ စတင်ရောက်ရှိသွား သလိုပါပဲ။
ဒါကြောင့် ကျွန်မပန်းချီလက်ရာတွေ ကို Beginning လို့ နာမည်ပေးဖြစ်ခဲ့တာပါ။ အဲဒီနေရာမှာ
ကျွန်မအတွက် သင်ယူစရာ၊ လေ့လာစရာ၊ ရှာဖွေစရာတွေ ရှိနေပါတယ်။ ကျွန်မလက်ရာတွေက
ကြီးကျယ်ခမ်းနားတာတွေတော့ မဟုတ်ပါဘူး။ သေးငယ်တဲ့နေရာတွေ၊ သစ်ပင်အောက်တွေ၊
အုတ်နံရံနောက်ဘက်တွေနဲ့ ရေအိုင်ထဲတွေမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကမ္ဘာတစ်ခုရဲ့ပုံရိပ်
ထင်ဟပ်နေတာ ကို ရှာဖွေထားတာပါ"လို့ Amanda က ပြောပါတယ်။

Amanda က ပန်းချီကားတွေအောက်မှာ သူ့ခံစားမှုကို လက်ရေးနဲ့ရေးချထားတဲ့ ကဗျာတွေကို
လည်း ဝေမျှခဲ့ပါတယ်။

ခရီးဆောင်အိတ်တွေနဲ့ လေဆိပ်တစ်ခုပုံစံရေးဆွဲထားတဲ့ ပန်းချီကားမှာတော့ 'စင်ကာပူနိုင်ငံက
ချန်ဂီလေဆိပ်မှာ' လို့တပ်ထားပြီး အောက်ကနေရေးထားတဲ့ ကဗျာလေးမှာတော့

"နေရာတစ်ခုမှာ ရှိနေပေမယ့် နေရာကို ရှာမတွေ့ဘူး၊ အလုံပိတ်ထားတဲ့ ကမ္ဘာအတွင်းက
အလုံပိတ်ထားတဲ့ ကမ္ဘာတစ်ခု၊ အမျှင်တွေနဲ့ ရစ်ပတ်ထားတယ်၊ စာရွက်တွေနဲ့ ရစ်ပတ်ထားတယ်၊
အရိပ်တွေနဲ့ ရစ်ပတ်ထားတယ်၊ ဖန်သားတွေနဲ့ ရစ်ပတ်ထားတယ်၊ ပြီးတော့ မြန်မာပြည်ရဲ့
တန်ဖိုးရှိတဲ့၊ ရစ်ပတ်တွယ်ငြိနေတဲ့ ဖန်မြေမှန်မြေကို သတိရနေတယ်"လို့ ရေးသားထားပါတယ်။

ဖန်မြေ၊မှန်မြေ အနုပညာပြပွဲမှ အနုပညာလက်ရာတွေကို ရောင်းချခဲ့ပြီး အကျိုးအမြတ်ရဲ့
၅၀ ရာခိုင်နှုန်းကို AYDC ကို လှူဒါန်းသွားမယ်လို့လည်း ဆိုပါတယ်။

ကျန်ရှိနေတဲ့ ပန်းချီကားတွေကိုတော့ ဩစတြေးလျနိုင်ငံမှာ ကျင်းပမယ့် Glass Palace ဆိုတဲ့
အနုပညာလက်ရာပြပွဲမှာ ခင်းကျင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

အမှတ် ၁၅၂၊ ယောဂီကျောင်းလမ်း၊ လှိုင်မြို့နယ်မှာ တည်ရှိတဲ့ နဂါးဖန်ချက်စက်ရုံဟာ ၂၀၀၈ ခုနှစ်၊
မေလထဲမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရကာ စက်ရုံပိတ်လိုက်ရပြီး
အလုပ်သမား မိသားစု တချို့ဟာ အဲဒီ နေရာမှာပဲ နေထိုင်ရင်း ဖန်ပစ္စည်းတွေကို ရောင်းချ
ပေးနေပါတယ်။

ဒီနေရာဟာ အခုဆိုရင် ရန်ကုန်မြို့မှာ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်နေရာလည်း
ဖြစ်နေပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်