အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ၀တ္ထုတိုနဲ့ ကဗျာပြိုင်ပွဲအတွက် စာမူများဖိတ်ခေါ်

စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်
အနေနဲ့ ငြိမ်းချမ်းရေးကို ဖော်ညွှန်းတဲ့ ၀တ္ထုတိုနဲ့ ကဗျာပြိုင်ပွဲ ကျင်းပမှာဖြစ်တာကြောင့် စာမူများကို
ဖိတ်ခေါ်နေပါတယ်။

ပြိုင်ပွဲကို ပန်မြန်မာစင်တာ (PEN Myanmar Center)က ဖွဲ့စည်းထားတဲ့ငြိမ်းချမ်းရေးအတွက်
စာရေးဆရာများကော်မတီမှ စီစဉ်ကျင်းပတာ ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းက စာရေးသက်
ငါးနှစ်အောက်ရှိတဲ့ မည်သည့် စာပေ၀ါသနာရှင်မဆို စာမူများ ရေးပို့ယှဉ်ပြိုင်နိုင်ပါတယ်။

ဝတ္ထုတိုနဲ့ ကဗျာအတွက် စာမျက်နှာ အကန့်အသက်မရှိ ရေးဖွဲ့နိုင်ပြီး ကလောင်ရှင်ဟာ
တိုင်းရင်းသားဖြစ်ပါက မြန်မာဘာသာနဲ့ ရေးသားထားတဲ့ စာမူအပြင် ဆန္ဒရှိပါက တိုင်းရင်းသား
ဘာသာစကားဖြင့်လည်း ထပ်မံရေးသားပြီး ပူးတွဲပေးပို့နိုင်ပါတယ်။

ကလောင်ရှင်တစ်ဦးကို ၀တ္ထုတိုနဲ့ကဗျာ ပုဒ်ရေ ကန့်သတ်ချက်မရှိ ရေးသားပေးပို့နိုင်ပြီး ပြိုင်ပွဲဝင်
ဝတ္ထုတိုများကို ဆရာဦးဝင်းငြိမ်း၊ ဆရာ ရဲလျှမ်း၊ ဆရာညိုထွန်းလူ၊ ဆရာမ ခင်မြဇင်နဲ့ ကဗျာများကို
ဆရာခင်အောင်အေး၊ ဆရာမ ပန်ဒိုရာ၊ ဆရာမိုးဝင်းနဲ့ ဆရာဇေယျာလင်းတို့က အကဲဖြတ်စိစစ်မှာ
ဖြစ်ပါတယ်။

ကဗျာအတွက် ပထမ၊ ဒုတိယနဲ့ တတိယဆု သုံးဆု သတ်မှတ်ထားပြီး ၀တ္ထုတိုအတွက်လည်း
သုံးဆု သတ်မှတ်ထားပါတယ်။

ဆုရသူများကို စက်တင်ဘာ ၂၁ ရက်နေ့မှာ ဆုချီးမြှင့်ပေးမှာဖြစ်ပြီး ဆုရကဗျာ သုံးပုဒ်အပါအ၀င်
ကဗျာ ၁၅ ပုဒ်နဲ့ ဆုရ၀တ္ထုတို သုံးပုဒ်အပါအ၀င် ၀တ္ထုတို ၁၅ ပုဒ် ထပ်မံရွေးချယ်ပြီး ဘာသာစကား
သုံးမျိုးနဲ့ စာအုပ်ထုတ်ဝေဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

ဆုကြေးပမာဏကို မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။

"နိုင်ငံတကာမှာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ကျင်းပနေချိန်မှာ မြန်မာနိုင်ငံလည်း ပါဝင်
ဆင်နွှဲနိုင်ဖို့ ကြိုးပမ်းခြင်းဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ ကဗျာ ၁၅ ပုဒ်နဲ့ ၀တ္ထုတို ၁၅ ပုဒ်ကို
မြန်မာဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားနဲ့ တိုင်းရင်းသားဘာသာစကားနဲ့ ထုတ်ဝေသွားဖို့
စီစဉ်ထားပါတယ်။ တိုင်းရင်းသားများနေထိုင်ရာ ရပ်ဝေးဒေသ၊ တောင်ပေါ် တောင်တန်းဒေသတွေ
က ယှဉ်ပြိုင်လာတဲ့အတွက်ကြောင့် တိုင်းရင်းသားဘာသာစကားပါ ထည့်သွင်းထုတ်ဝေဖို့ စီစဉ်
ရတာဖြစ်ပါတယ်"လို့ ပန်မြန်မာစင်တာမှ ဒါရိုက်တာအဖွဲ့ ၀င် ဦးမျိုးမြင့်ညိမ်းက ဆိုပါတယ်။

"စစ်တိုက်နေမှ မငြိမ်းချမ်းတာ မဟုတ်ပါဘူး။ လူမှုရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခတွေ အပြင်
တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ခွဲခြားဆက်ဆံခံရတာဟာလည်း မငြိမ်းချမ်းတာဖြစ်ပါတယ်။
အဲဒီလိုအကြောင်းအရာတွေကို အခြေခံပြီး ၀တ္ထုတိုတွေကို ပြိုင်ပွဲမှာ ရေးဖွဲ့စေချင်ပါတယ်။
ကိုယ့်ရင်ထဲမှာရှိနေတဲ့၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကိုယ့်ဒေသက တိုင်းရင်းသားညီအစ်ကို
တွေရဲ့ စိတ်အရင်းခံတွေကို ခံစားပြီးတော့မှ ရေးစေချင်ပါတယ်။ ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့
ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ မက်ဆေ့ခ်ျလေးတော့ ပေးစေချင်ပါတယ်"လို့
အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်မယ့် စာရေးဆရာ ရဲသျှမ်း က ပြောပါတယ်။

စာမူများကို ပန်မြန်မာစင်တာရုံး (အခန်း ၄၀၁၊ တိုက်အမှတ် ၁၇၊ ၅၂ လမ်း(အောက်)၊
ဗိုလ်တထောင်မြို့နယ်)သို့ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး ပေးပို့ရမှာဖြစ်ပါတယ်။

စာမူများကို အီးမေးလ်နဲ့လည်း ပေးပို့နိုင်ပြီး [email protected]
ဖြစ်ပါတယ်။

စာမူရောက်မရောက် သိချင်တယ်ဆိုရင် ဖုန်း ၀၁-၉၀၁၀၅၀၁ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပန်မြန်မာစင်တာကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စင်တာမှာ
ဘာသာပြန်နှင့် ဘာသာစကားဆိုင်ရာ အခွင့်အရေးကော်မတီ၊ အမျိုးသမီး စာရေးဆရာများ
ကော်မတီ၊ ငြိမ်းချမ်းရေးအတွက် စာရေးဆရာများကော်မတီနဲ့ ထောင်တွင်းစာရေးဆရာများ
ကော်မတီ လေးခု ပါဝင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်