မကြာခင် ပရိသတ်လက်ထဲ ထည့်ပေးသွားမယ့် မိုးဟေကိုရဲ့ 'ကျွန်မ ချစ်သော...' မှတ်တမ်းအယ်လ်ဘမ်

မေလ ၁၂ ရက်နေ့က ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ တွေ့ရတဲ့ မိုးဟေကို။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)မေလ ၁၂ ရက်နေ့က ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ တွေ့ရတဲ့ မိုးဟေကို။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ရုပ်ရှင်မင်းသမီး တစ်ဦးလည်းဖြစ်ပြီး မော်ဒယ်လည်းဖြစ်တဲ့ မိုးဟေကိုက သူဖြတ်သန်းလာခဲ့တဲ့
အနုပညာသက်တမ်း တစ်လျှောက်မှာ အမှတ်တရတစ်ခု ထင်ကျန်နေစေဖို့ရည်ရွယ်ပြီး မြန်မာပြည်
အနှံ့ခရီးထွက်လို့ မှတ်တမ်းတင်ထားတဲ့ သူ့ဓာတ်ပုံတွေကို မှတ်တမ်းပုံစံမျိုး အယ်လ်ဘမ်စာအုပ်
တစ်အုပ်အဖြစ် 'ကျွန်မ ချစ်သော ...' ဆိုတဲ့နာမည်နဲ့ မကြာခင်အချိန်အတွင်းမှာ ပရိသတ်လက်ထဲ
ပို့ပေးတော့မယ်လို့ ဆိုပါတယ်။

"မိုး အရမ်းကို ကြိုးစားထားပါတယ်။ အချိန်တွေရော၊ လူပါ ပင်ပန်းခံထားပြီး လုပ်ထားတာပါ။ ဒီ
'ကျွန်မ ချစ်သော...' ဆိုတဲ့ နာမည်လေးက သိပ်ကို ရိုးစင်းကောင်း ရိုးစင်းနေပါလိမ့်မယ်။ ဒါက
မိုးရင်ထဲက ရိုးစင်းစွာ ဖြစ်ပေါ်လာတဲ့အတိုင်း ပေးဖြစ်သွားတာပါ။ ကျွန်မချစ်သော မြန်မာတစ်နိုင်ငံ
ထဲမှာနေတဲ့ တိုင်းရင်းသား၊ ညီအစ်ကိုမောင်နှမတွေရဲ့ ရိုးရာဓလေ့တွေ၊ ဒေသအလှတွေကို
မြင်သာစေအောင် ခရီးတွေထွက်ရင်း ကျွန်မချစ်သော၊ ကျွန်မကိုချစ်သော အနယ်နယ်အရပ်ရပ်က
ပရိသတ်တွေကို ရည်ရွယ်ပြီး ဒီနာမည်လေးကို အမှတ်တရအဖြစ် ပေးဖြစ်တယ်"လို့ မိုးဟေကိုက
ပြောပါတယ်။

မိုးဟေကို ကိုယ်တိုင် မြန်မာပြည်တွင်းက တိုင်းဒေသကြီးနဲ့ပြည်နယ် နေရာဒေသမျိုးစုံကို
သွားရောက်ပြီး ပရိသတ်များနဲ့ တွေ့ဆုံစဉ် အချိန်များနဲ့ သူ့ကိုယ်ပိုင်အချိန်များရဲ့ ပုံရိပ်တွေကို
ဘ၀မှတ်တမ်း တစ်ခုအနေနဲ့ ချပြသွားမှာဖြစ်သလို့ မိုးဟေကိုရဲ့ ဖက်ရှင်ဒီဇိုင်းများနဲ့ ပတ်သက်တဲ့
ပုံများ၊ မိုးဟေကိုရဲ့ ခံစားချက်စာစုများလည်း ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ ပါဝင်မှာဖြစ်ပါတယ်။

"ဒီအယ်လ်ဘမ်နဲ့ ပတ်သက်ပြီး မိုးဟေကို ကျွန်တော်နဲ့ လာတိုင်ပင်ခဲ့တာ ၂၀၁၂ ခုနှစ်ကတည်း
ကပါ။ အဲဒီကတည်းက မေးခဲ့ပါတယ်။ အကျိုးအမြတ်တစ်ခု အတွက်လား၊ အမှတ်တရ တစ်ခု
အနေနဲ့လားဆိုတော့ သူက ဘ၀ရဲ့မှတ်တိုင်တစ်ခုအနေနဲ့ လုပ်ချင်တာပါလို့ ပြောခဲ့ပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီး ရှစ်ခုစလုံးကို ရောက်အောင်သွားဖို့ အကြံပေးတော့လည်း သူက
စဉ်းစားတာတောင် မရှိပါဘူး။ 'ချက်ချင်း' သွားမယ်ဆိုတဲ့ အဖြေကို ပေးခဲ့တာပါ။ အဲကတည်းက
စတင် အစီအစဉ်ဆွဲပြီး အတူလုပ်လာခဲ့တာ အခုဆို ၈၀ ရာခိုင်နှုန်းပြီးစီးနေပါပြီ" လို့ အယ်လ်ဘမ်
အတွက် ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ပါဝင်ကူညီပေးထားတဲ့ ကိုလင်းထွန်းက ပြောပါတယ်။

မိုးဟေကိုကလည်း "ဘ၀မှာ အမှတ်တရ တစ်ခုအနေနဲ့ ကျန်ခဲ့ချင်တာပါ။ ငွေဆိုတာက
ဘယ်လိုပဲရရ၊ ဘယ်လောက်ပဲရရ၊ သုံးရင်သုံးသလို ကုန်တာပဲလေ။ ကိုယ်ချစ်တဲ့အနုပညာကို
ဝါသနာပါလို့ လုပ်နေရင်းနဲ့ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေအတွက် တစ်ခုခုအမှတ်တရ ဖြစ်စေချင်
တာလေးကြောင့် လုပ်ဖြစ်ခဲ့တာပါ"လို့ ဆိုပါတယ်။

အယ်လ်ဘမ်ကို မိုးဟေကိုနဲ့အတူ အရိုး၊ သုံးပေါင်၊ လင်းထွန်းနဲ့ ကိုကင်းတို့က ပါဝင်ကူညီပေးထား
ကြပြီး ပရိသတ်တွေ မှတ်တမ်း ဇာတ်ကားအနေနဲ့ပါ ကြည့်ရမှာဖြစ်တယ်လို့ မိုးဟေကိုက
ဆိုပါတယ်။

"ဒီအစီအစဉ်ကြီးမှာ ကျွန်တော် ပါဝင်နေတယ်ဆိုတော့ အကုန်လုံးကတော့ ထင်မှာပါပဲ။
ကျွန်တော့်လို စာရေးဆရာ၊ သီချင်းရေးဆရာက ဘာဆိုင်လို့ ဓာတ်ပုံအယ်လ်ဘမ်မှာ ပါရမှာလဲ
ဆိုပြီးတော့ ထင်မှာပါ။ ကျွန်တော် အဲသလို တစ်ယောက်က အနောက်နိုင်ငံက လုပ်နေကြသလို
life record ဆန်ဆန် ဓာတ်ပုံအယ်လ်ဘမ် တစ်ခုကို လုပ်ကြည့်ဖို့အတွက် စိတ်ကူးရှိခဲ့ပါတယ်။
ကျွန်တော်ကတော့ စိတ်ကူးပဲ ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်န၀ါရီကမှ ကိုသုံးပေါင်က ဒီလိုလေး
လုပ်နေတယ်ဆိုတော့ ကျွန်တော့်စိတ်ကူးနဲ့ တူနေတယ်ဆိုပြီး ပါဝင်ဖြစ်ရင်း စာအုပ်အစအဆုံး
တာဝန်ယူပြီး လုပ်တာပဲဆိုတော့ ကျွန်တော်က အသက်သာဆုံးကဏ္ဍက ပါဝင်ပါတယ်"လို့
အရိုးက ဆိုပါတယ်။

"ဒီစာအုပ်လေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက အလှအပတွေကို အဝေးရောက်နေ
တဲ့ ပရိသတ်တွေကော၊ မရောက်ဖူးတဲ့ သူတွေပါ မြင်စေချင်တာကြောင့်ပါ။ ခရီးတွေ ထွက်နေတုန်း
ကတော့ ပင်ပန်းတာရော၊ အခက်အခဲတွေလည်း ကြုံရပါတယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ ကူညီမှု
တွေရော၊ ချစ်ခင်မှုတွေနဲ့ ဖြတ်သန်းခဲ့တာမို့ ကျေးဇူးတင်စရာပါ" လို့ မိုးဟေကိုက သူ့အတွေ့အကြုံ
တွေကို ပြောပြခဲ့ပါတယ်။

အယ်လ်ဘမ်လေး ဖြစ်မြောက်လာဖို့ တစ်လမှာ ဇာတ်ကား နှစ်ကားသာ ရိုက်ကူးခဲ့ပြီး ကျန်တဲ့
ရက်တွေမှာ ခရီးတွေထွက်ဖြစ်ခဲ့ရင်း ကား၊ ရထား၊ စက်လှေ၊ လေယာဉ်ပျံ စတာတွေနဲ့ အမျိုးမျိုး
သွားလာခဲ့ရတယ်လို့လည်း ပြောပြပါတယ်။

"ဒီခရီးကနေ အတွေ့အကြုံနဲ့ လေ့လာစူးစမ်းမှုအသစ်တွေ ကြုံဆုံခဲ့ပြီး သရုပ်ဆောင်၊ မင်းသမီးဘဝ
ကိုလည်း မေ့ပြီး သာမန်ခရီးသွားနေတဲ့ ကောင်မလေး တစ်ယောက်လိုပါပဲ" လို့လည်း ဆိုပါတယ်။

ရသအစုံအလင် ခံစားရအောင် ကြိုးစားထားတာဖြစ်လို့ ပရိသတ်တွေ စာအုပ်ထွက်လာတဲ့အခါ
အားပေးပါလို့လည်း မိုးဟေကိုက ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်