ရန်ကုန်မြေက ပထမဆုံး ဂျပန်စားသောက်ဆိုင် 'ဖုရုဆတို'

'ဖုရုဆတို' စားသောက်ဆိုင်ရဲ့ မျက်နှာစာမြင်ကွင်း။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)'ဖုရုဆတို' စားသောက်ဆိုင်ရဲ့ မျက်နှာစာမြင်ကွင်း။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

အညိုရောင်ခပ်မှိုင်းမှိုင်းနဲ့ အနက်ရောင်များများပါတဲ့ အပြင်အဆင်နဲ့ 'ဖုရုဆတို' ဆိုတဲ့
ဂျပန်စားသောက်ဆိုင်ဟာ အနောက်ရွှေဂုံတိုင် လမ်းမပေါ်မှာ အေးချမ်း တည်ငြိမ်စွာ
တည်ရှိနေပါတယ်။

မြန်မာလို 'မွေးရပ်မြေ' လို့ အဓိပ္ပာယ်ရတဲ့ ဒီဂျပန်စားသောက်ဆိုင်ဟာ နိုင်ငံတွင်းမှာ
ပြောင်းလဲနေတဲ့ လူမှုဘ၀ အခြေအနေတွေနဲ့အတူ မဆုတ်မနစ်ဘဲ လိုက်ပါ ရပ်တည်လာခဲ့တာ
နှစ်ပေါင်း ၃၀ ပြည့်တော့မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ ဂျပန်စားသောက်ဆိုင်
လည်း ဖြစ်ပါတယ်။

"မြန်မာပြည်မှာရောက်နေတဲ့ ဂျပန်လူမျိုးတွေ ကိုယ့်မွေးရပ်မြေကို ပြန်ရောက်သွားသလိုမျိုး
အလွမ်းပြေတဲ့ အငွေ့အသက်နဲ့ နွေးထွေးမှုပေးချင်ပါတယ်။ နောက်ပြီး စိတ်ဓာတ်ကျနေရင်တောင်
စိတ်အားပြန်တက်လာစေချင်တယ်"လို့ ဆိုင်ကလေးကနေ ပေးစွမ်းချင်တဲ့ စိတ်ခံစားချက်ကို
လက်ရှိမှာ ဖုရုဆတို ဂျပန်စားသောက်ဆိုင်ကို ဦးစီးလုပ်ကိုင်နေတဲ့ မယုခိကို က မြန်မာဘာသာ
စကားနဲ့ပဲ အေးအေးသာသာလေး ဆိုလိုက်ပါတယ်။

ဒီဆိုင်ကလေးကို သူ့မိဘတွေဖြစ်တဲ့ ဂျပန်လူမျိုး မိခင် မစ္စ ဖူဂျီကို ဆုနဲယိုးရှိစံ (၇၃ နှစ်)နဲ့
မြန်မာလူမျိုး ဖခင် ဦးမောင်မောင် (၈၂ နှစ်)တို့က ၁၉၈၅ ခုနှစ် မယုခိကို အသက် ၁၅ နှစ်အရွယ်မှာ
စတင်ဖွင့်လှစ်ခဲ့တာပါ။

စီးပွားရေးသဘောမျိုးထက် မြန်မာနိုင်ငံမှာရောက်နေတဲ့ ဂျပန်လူမျိုးတွေအတွက် ဂျပန်အစားအစာ
ရရှိပြီး အိမ်လွမ်းဝေဒနာ သက်သာစေချင်တဲ့ စိတ်နဲ့ ရည်ရွယ်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ခုတော့ အသက်အရွယ်ရလာတဲ့ မိဘတွေထံကနေ မိသားစုဆိုင်ကလေးကို လက်ဆင့်ကမ်း
လုပ်ကိုင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဂျပန်အတတ်ပညာရှင်တွေနဲ့ ဦးစီးဆောက်လုပ်မယ့် လေယာဉ်ကွင်းစီမံကိန်း
တစ်ခုကြောင့် ဂျပန်လူမျိုးအများစု ရောက်ရှိချိန်မှာ အစားအသောက် အခက်အခဲကြုံရတဲ့အတွက်
သူတို့တစ်တွေဟာ မြို့ခံ ဖြစ်ကြတဲ့ မိဘနှစ်ပါးကို စားသောက်ဆိုင်ဖွင့်ဖို့ အကူအညီတောင်းဆိုခဲ့
တယ်လို့ အသက် ၄၄ နှစ် ရှိပြီဖြစ်ပြီး သမီးလေး နှစ်ဦးရဲ့ မိခင်ဖြစ်တဲ့ မယုခိကိုက ပြောပါတယ်။

"အမေက အဲဒီအချိန်တုန်းက အလှပြင်လုပ်ငန်းနဲ့ ၀င်ငွေကောင်းပြီး အဆင်ပြေနေတယ်။ ဒါပေမဲ့
အဖေက ဆိုင်ဖွင့်ဖို့ ဆိုင်ဆောက်တာကအစ ကိုယ်တိုင်လုပ်တော့ အလှပြင်ပစ္စည်းတွေကို ပစ်ချပြီး
ဆိုင်အတွက် ဂျပန်ဟင်းလျာတွေရဲ့ စားဖိုမှူး ဖြစ်သွားပါတယ်။ ကျွန်မကတော့ စားပွဲထိုးပေါ့" လို့
သူတို့စားသောက်ဆိုင်လေး စဖွင့်ဖို့ ပြင်ဆင်ပုံကို မယုခီကိုက ပြောပြပါတယ်။

မျက်နှာကြက်က အနက်ရောင်သစ်သားထုပ်တန်းတွေ အပါအ၀င် မှန်ချပ်တွေ၊ ဆွဲတံခါးတွေနဲ့
ဂျပန်အငွေ့အသက်လွှမ်းခြုံနေတဲ့ အဆောက်အအုံတစ်ခုလုံးရဲ့ ပုံစံကအစ ဆိုင်ရှင် ဦးမောင်မောင်ပဲ
ဦးစီး ဆောက်လုပ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကပုံစံကို ခုချိန်ထိ ဆက်လက် ထိန်းသိမ်းထားဆဲ
ဖြစ်တာမို့ ဆိုင်ထဲဝင်လိုက်တာနဲ့ ပကာသနမပါတဲ့ အေးချမ်းမှုမျိုးကို ရရှိစေတာက ဖုရုဆတိုရဲ့
သရုပ်သကန်ပဲဖြစ်ပါတယ်။

နီညိုရောင်သစ်သားစားပွဲနဲ့ ကုလားထိုင်လေးတွေ၊ သီးသန့်အခန်းငယ်တွေနဲ့ ဖုရုဆတိုဟာ
ရန်ကုန်မြို့က တခြား နာမည်ကျော် ဂျပန်စားသောက်ဆိုင်တွေနဲ့ ကွဲပြားစွာနဲ့ မိတ်ဟောင်း၊
မိတ်သစ်တွေကို လွန်ခဲ့တဲ့ ၂၉ နှစ်က အတိုင်း မူလဆိုင်နေရာ၊ မူလဆိုင်အပြင်အဆင်နဲ့ နေ့စဉ်
ကြိုဆိုလျက် ရှိပါတယ်။

ဒါပေမဲ့ ဖုရုဆတိုရဲ့ ပဲ့ကိုင်ရှင်မိသားစုကတော့ နိုင်ငံရေးအလှည့်အပြောင်းနဲ့ စီးပွားရေးအတက်အကျ
တွေကြားမှာ ဒီဆိုင်လေး မပျောက်ပျက်သွားအောင် အခက်အခဲများစွာကြားကနေ ကြိုးစား
ရုန်းကန်ခဲ့ရပါတယ်။

ဖုရုဆတိုကို တည်ထောင်ခဲ့ကြတဲ့ ဦးမောင်မောင်နှင့် မစ္စ ဖူဂျီကို ဆုနဲယိုးရှိစံ။ဖုရုဆတိုကို တည်ထောင်ခဲ့ကြတဲ့ ဦးမောင်မောင်နှင့် မစ္စ ဖူဂျီကို ဆုနဲယိုးရှိစံ။

"အမေ့စီးပွားရေးကို အကုန်ပစ်လိုက်ပြီး ဆိုင်အတွက် စိတ်နှစ်၊ တကယ်ဖွင့်ပြီး သိပ်မကြာခင်မှာပဲ
အဲဒီလေယာဉ်ကွင်း စီမံကိန်းပျက်ပြီး ဆိုင်ရဲ့ အဓိကစားသုံးသူတွေ ဂျပန်နိုင်ငံကို ပြန်သွားကြရ
ပါတယ်။ ဆိုင်မှာ ပုံမှန်လာစားသူ မကျန်တော့ လောက်အောင်ပါပဲ"လို့ မယုခိကိုက အတိတ်က
အဖြစ်အပျက်တွေကို စဉ်းစားရင်း ပြောပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်ဖူးပြီး ဂျပန်အစားအစာကို ခံတွင်းတွေ့ကြတဲ့ မြန်မာတွေ ဆက်လက်
အားပေးကြလို့ ဆိုင်မပိတ်ရဘဲ ဆက်လက်ရပ်တည်ခွင့်ရလို့ မြန်မာတွေကို အဓိက
ကျေးဇူးတင်တယ်လို့ ပြောပေမယ့် ဖုရုဆတိုမှာ အဲဒီအချိန်ထက် ပိုခက်ခဲတဲ့ ကာလတွေ
ရှိနေပါသေးတယ်။

"ဆိုင်ပိတ်ပြီး လုံးဝ မရောင်းရတာ ၈၈ အရေးအခင်းကာလပေါ့"လို့ မယုခိကိုက ဆိုလိုက်ချိန်မှာ
သူ့မျက်နှာမှာ စိတ်ပျက်တဲ့ ဟန်ပန် ဖြတ်ပြေးသွားပါတယ်။

အရေးအခင်းကာလတစ်ခုလုံးမှာ ဈေးရောင်းနိုင်ဖို့၊ ၀င်ငွေရဖို့ထက် လုယက်မှုတွေ ရှိနေခဲ့တာမို့
ဆိုင်တံခါးတောင် မဖွင့်ဘဲ မိသားစုတစ်စုလုံး ဖုရုဆတိုဆိုင်လေးထဲမှာ တိတ်ဆိတ်စွာ ငြိမ်ငြိမ်လေး
နေခဲ့ရပေမယ့် ဆိုင်အပြီးပိတ်လိုက်ဖို့တော့ သူ့မိဘတွေဟာ စကားတောင် မစခဲ့ကြဘူးလို့လည်း
လေးလေးနက်နက် ဆိုပါသေးတယ်။

"ကိုယ်တွေလို ဂျပန်-မြန်မာမိသားစုကို တကယ်တမ်းဘေးနားမှာ အားပေးကူညီခဲ့တာလည်း
မြန်မာ တွေပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်တဲ့ စိတ်နဲ့ ကူညီခဲ့ကြတော့ အဖေနဲ့
အမေလည်း ဆိုင်ကို လုံးဝမပိတ်ဘဲ ကြံ့ကြံ့ခံခဲ့ကြတယ်"လို့ သူက ဆက်ပြောပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ဂျပန်နိုင်ငံရောက် မြန်မာသင်္ဘောသားတွေ၊ အမှုထမ်းတွေ၊
အလုပ်သွား လုပ်သူတွေကြောင့် မြန်မာနိုင်ငံမှာ ဂျပန်အစားအစာကို စားသုံးသူတွေ ပိုများလာပြီး
ဆိုင်လည်း ပုံမှန် ပြန်လည်ပတ်လာခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ကြုံရတဲ့ နောက်ထပ်အခက်အခဲ တစ်ခုကတော့ ဂျပန်အစားအသောက်ပြင်ဆင်ဖို့
အတွက် လိုအပ်တဲ့ပစ္စည်းအမယ်တွေကို အလွယ်တကူ မရရှိနိုင်တာပါပဲ။

ဟင်းလျာတွေအတွက် အသုံးပြုတဲ့ စားသောက်ကုန်တွေကို ကိုယ်တိုင်ပြုလုပ်ရပြီး စားသုံးသူတွေ
ဗိုက်ထဲကို အစားအစာတစ်ခုတည်းအဖြစ် မဟုတ်ဘဲ ကျန်းမာရေး အတွက်ပါ အဓိကစဉ်းစားခဲ့
ကြတယ်လို့ သူတို့ရဲ့ ခံယူချက်ကိုလည်း မယုခိကိုက ပြောပြပါတယ်။

"ဒီဆိုင်ရဲ့ အနောက်ဘက်မှာ တိုဟူးတို့၊ ချဉ်ဖတ်တို့၊ ဆော့စ်တို့ တည်ထားတဲ့ စဥ့်အိုးကြီးတွေ
ထားခဲ့တယ်။ အဲဒီအချိန်တုန်းက အခုလို ဟင်းအတွက်သုံးမယ့် ပစ္စည်းတွေကို လွယ်လွယ်
မရနိုင်ဘူးလေ။ အမေဆိုရင် ငန်ပြာရည်ကအစ ဂျပန်အရသာဖြစ်အောင်လို့ ငန်ပြာရည်စက်ရုံမှာ
သွားရွေးဝယ်တဲ့အထိ စားသုံးသူကို စေတနာထားခဲ့ပါတယ်"လို့ သူက ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်