ဝေဖန်သံများကြားက ထူးအိမ်သင် ဂီတပွဲတော်

ထူးအိမ်သင်။ထူးအိမ်သင်။

ကိုငှက်ကြီးလို့ ချစ်စနိုး အခေါ်ခံရတဲ့ တေးရေးဆရာ၊ အဆိုတော် ထူးအိမ်သင် တစ်ယောက်
သူချစ်တဲ့ မိသားစု၊ ပရိသတ်တွေနဲ့ ဂီတလောကမှ မိတ်ဆွေအပေါင်းအသင်းတွေကို ၂၀၀၄ ခုနှစ်
ကတည်းက ကျောခိုင်းနှုတ်ဆက်သွားခဲ့တာ ဒီနှစ်မှာ ဆယ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ သူ့ကို ချစ်သူတွေက လွမ်းဆွတ်ခြင်းအားဖြင့် အထိမ်းအမှတ်ကဗျာရွတ်ပွဲတွေ
ပြုလုပ်ခဲ့တာ ရှိပေမယ့် သူ့သီချင်းတွေကိုတော့ ဘယ်သူမှ ပြန်မဆိုခဲ့သလို သူ့မိသားစုကလည်း
ပွဲတွေ မလုပ်ခဲ့ပါဘူး။

ဒီနှစ်မှာတော့ ထူးအိမ်သင်ကို လွမ်းခြင်းအားဖြင့် 'ဆယ်နှစ်ပြည့် အထိမ်းအမှတ် ထူးအိမ်သင်ဂီတ
ပွဲတော်' ဆိုပြီး နာမည်ကြီး ၀ါရင့်အဆိုတော်များနဲ့အတူ လူငယ်အဆိုတော်များကလည်း
ဂုဏ်ပြုသောအားဖြင့် သူ့သီချင်းတွေကို ပြန်လည်သီဆိုဖျော်ဖြေမယ့်ပွဲကို အခုလာမယ့် ဩဂုတ်လ
၂၃ ရက်နေ့၊ ညနေ ၆နာရီ မှာ Myanmar Event Park တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဂီတပွဲတော်ကို ထူးအိမ်သင်ရဲ့ ဇနီးဖြစ်သူ ဒေါ်သွယ်သွယ်ထွေးက စီစဉ်တာဖြစ်ပြီး တေးရေးဆရာ
မြင့်မိုးအောင်နဲ့ ရွှေဂျော်ဂျော်တို့က အစစအရာရာ ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

"ဒီပွဲကို စီစဉ်တာက ထူးအိမ်သင်ရဲ့ ဇနီးဖြစ်သူပါ။ သူများတွေက ဆရာတို့က အတင်းနားပူနားဆာ
လုပ်လို့ ဟိုဘက်က လက်ခံရတယ်ဆိုတာ မဟုတ်ဘူးလို့ အရင်ပြောချင်ပါတယ်။ ထူးအိမ်သင်
ဆိုတာက ကိုယ့်ညီအစ်ကိုတွေလိုလည်း ဖြစ်တယ်၊ ကျေးဇူးရှင်လည်းဖြစ်လို့ လုပ်ချင်စိတ်ရှိပေမယ့်
မိသားစုက ဆန္ဒရှိမှ လုပ်လို့ရတဲ့ အလုပ်ပါ။ အရင်နှစ်တွေက သူလည်း မလုပ်ခဲ့ပါဘူး။ အခု
ဒီနှစ်မှာတော့ ဆယ်နှစ်လည်းပြည့်ပြီး ငှက်ကို လွမ်းတဲ့ ပရိသတ်တွေအတွက်လည်း
ပွဲလုပ်သင့်တယ်ထင်လို့ သူလည်း လုပ်ဖြစ်သွားတာပါ"လို့ တေးရေး မြင့်မိုးအောင်က
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဂီတ အမျိုးအစားပေါင်းစုံမှ အဆိုတော်တွေက ပါဝင်သီဆိုမှာ ဖြစ်ပြီး အဆိုတော်တွေကိုလည်း
အားလုံးစုပေါင်းပြီး တိုင်ပင်ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ထူးအိမ်သင်ရဲ့ သီချင်းတွေကို ပြန်လည်သီဆိုမယ့် အဆိုတော်တွေက ဇော်ဝင်းထွဋ်၊
ဂျေမောင်မောင်၊ လေးဖြူ၊ အငဲ၊ စည်သူလွင်၊ ဇော်ပိုင်၊ R ဇာနည်၊ ဘိုဖြူ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ L လွန်းဝါ၊
ကျားပေါက်၊ ရေမွန်၊ အောင်လ၊ ဖော်ကာ၊ အီတိုး၊ ကောင်းကောင်း၊ ဘန်နီဖြိုး၊ ဒေးဗစ်ခွန်နောင်၊
ဒီမွန်၊ ကော်နီ၊ သျှီ၊ ဆုန်သင်းပါရ်၊ ဖြူဖြူကျော်သိန်း၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ အိမ့်ချစ်၊
အိုင်းရင်းဇင်မာမြင့်၊ မိကွန်ထောနဲ့ အထူးဧည့်သည်တော်များအဖြစ် ချစ်ကောင်း၊ လူမင်း၊
မောင်မောင်အေးနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့လည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။

"ထူးအိမ်သင်က တေးရေးဆရာ အနေနဲ့ကော၊ တေးဆိုအနေနဲ့ပါ နာမည်ကြီးခဲ့ သူပါ။ သူကိုယ်တိုင်
က ဂီတအမျိုးအစားပေါင်းစုံကို လေးစားတဲ့ လူတစ်ယောက်ဖြစ်ပြီး ချစ်မြတ်နိုးတဲ့ လူတစ်ယောက်
ဖြစ်တဲ့အတွက်ကြောင့် မိသားစုကလည်း ဒီအချက်လေးကို ထည့်စဉ်းစားပြီး ဒီလိုဂီတအမျိုးအစား
ပေါင်းစုံက အဆိုတော်တွေနဲ့ ပွဲကို စီစဉ်ဖြစ်တာပါ"လို့ မြင့်မိုးအောင်က ဆိုပါတယ်။

အဆိုတော်တွေ ရွေးချယ်ပြီးတဲ့နောက်မှာ သီဆိုရမယ့်ပုံစံကိုလည်း လွတ်လပ်စွာ ဖန်တီးခွင့်
ပေးထားတယ်လို့ သိရပါတယ်။

"အနုပညာသမားတိုင်းမှာ ကိုယ်ပိုင်ဟန်ဆိုတာ ရှိသင့်ပါတယ်။ အဲဒါကြောင့် အနုပညာကို
မကန့်သတ်ထားပါဘူး။ တချို့ကတော့ မပြောင်းလဲဘဲ ဆိုရင်ဆိုမှာပါ။ ဖျက်ဆီးပစ်မယ့် လူတော့
တစ်ယောက်မှ မပါပါဘူး"လို့လည်း ပြောပါတယ်။

ဖျော်ဖြေပွဲမှာ ပါဝင်ဖို့ ရွေးချယ်ထားတဲ့ လူငယ်အဆိုတော်များအပေါ် ထူးအိမ်သင်ရဲ့ ပရိသတ်တွေက
ဝေဖန်နေတဲ့ အပေါ်မှာလည်း သူက "ဝေဖန်မှုတွေကတော့ ရှိနေမှာပါပဲ။ အခု ပါဝင်မယ့်
အဆိုတော်တွေက အခုနက ပြောသလိုပဲ သီချင်းတွေကို ဖျက်ဆီးပစ်မှာ မဟုတ်ပါဘူး။
သူတို့မှာလည်း သူတို့ရဲ့ ချစ်ခင်မှု ရှိပါတယ်။ ထူးအိမ်သင် သီချင်းကို ထူးအိမ်သင် ဆိုတာပဲ
နားထောင်ချင်တယ်၊ ဒီပွဲကြီးကိုတော့ မကြိုက်ဘူးဆိုရင် ကိုယ့်အိမ်မှာ ကိုယ်နားထောင်နေလို့
ရပါတယ်။ လူတိုင်းမှာ ကိုယ့်ရဲ့ လွတ်လပ်ခွင့်ရှိလို့ သူများရဲ့ လုပ်ပိုင်ခွင့်တွေကို ချိုးဖောက်တာ
ကတော့ မကောင်းဘူးလို့ ဆရာထင်ပါတယ်"လို့ သူ့အမြင်ကို ပြောပါတယ်။

လတ်တလောမှာ အဆိုတော် ဘန်နီဖြိုး ပါဝင်မှုက ဝေဖန်မှု အခံရဆုံး ဖြစ်နေတာကိုလည်း
သူ့အနေနဲ့ ဘန်နီဖြိုးရဲ့ အနုပညာကို လေးစားပြီး သူ့ရဲ့ ဂီတအမျိုးအစားက ခေတ်ပေါ်ဖြစ်နေပေမယ့်
ငယ်ငယ်ကတည်းက မြန်မာ့ဆိုင်းဝိုင်းနဲ့ ရင်းနှီးခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲတွေမှာလည်း ၀င်ပြိုင်နိုင်ခဲ့သူဖြစ်ပြီး သီချင်းရေးတဲ့ နေရာမှာလည်း အနုပညာမြောက်တာ
ကြောင့် အခုလက်ရှိမှာ သူ့ကိုချစ်ခင်တဲ့ ပရိသတ်တွေကလည်း အခိုင်အမာနဲ့ ရပ်တည်နေနိုင်တဲ့
အနုပညာရှင်တစ်ဦး ဖြစ်တယ်လို့လည်း ပြောပါတယ်။

"အနုပညာသမားတိုင်းက ကိုယ့်အရည်အချင်းနဲ့ ကိုယ်ရှိပြီးသားပါ။ အဲဒါကို မလေးစားပေးနိုင်
ရင်တောင် ထိုးနှက်ပြောဆိုတာမျိုးတွေက မဖြစ်သင့်ပါဘူး။ ဘန်နီဖြိုး တစ်ယောက်ထဲကို
ပြောတာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ သူ့အရည်အချင်းတွေကို ပြောပြတာပါ။ ကျန်တဲ့
လူငယ်တွေမှာလည်း သူ့အရည်အချင်းနဲ့သူ ရှိပြီးသားဖြစ်တယ်"လို့ မြင့်မိုးအောင်က ပြောပါတယ်။

ထူးအိမ်သင်ရဲ့ ပရိသတ်တစ်ဦးဖြစ်သူ အသက် ၂၈ နှစ်အရွယ် ကိုအောင်ကျော်မျိုးက "ထူးအိမ်သင်
ဆိုတာက အဆိုအားဖြင့်၊ အရေးအားဖြင့် ကြိုက်ရတဲ့ ကျွန်တော့် ရဲ့သူရဲကောင်းပါ။ သူ့အသံရဲ့
ထူးခြားမှုကိုလည်း နားထောင်ဖူးသူတိုင်း သိမှာပါ။ အခုဒီပွဲမှာ သူ့လို ဆိုနိုင်သူ မပါဘူးလို့လည်း
မြင်ပါတယ်။ တချို့အဆိုတော်ကြီးတွေက ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်မယ်လို့ ထင်ရပေမယ့်
အဆိုတော်ငယ်ငယ်လေးတွေက ဖျက်ဆီးပစ်မှာကို ကြောက်တာပါ။ လာကြည့်တဲ့ပရိသတ်
စိတ်ပျက် မသွားစေရဘူးဆိုတဲ့ အာမခံချက်လည်း မရှိဘူးလေ။ ကိုယ်ချစ်တဲ့လူကို လွမ်းဆွတ်တဲ့
ပွဲပဲ ကျွန်တော်တို့လည်း သွားလိုက်ရပါလားဆိုတဲ့ မှတ်တမ်းတစ်ခု၊ ပါဝင်ချင်စိတ်တော့ ရှိတာပေါ့။
နည်းနည်းတော့ လန့်တယ်ဗျာ" လို့ သူ့ခံစားချက်ကို ဝေမျှပါတယ်။

ဂီတပွဲတော်မှာ ထူးအိမ်သင် အမှတ်တရ အင်္ကျီများ၊ စာအုပ်များကိုလည်း ရောင်းချပေးသွားမှာ
ဖြစ်ပြီး ထူးအိမ်သင်တေး ပေါင်းစုထားတဲ့ စီးရီးအခွေ ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့
မြင့်မိုးအောင်က ပြောပါတယ်။

"အခွေက အခုတော်တော် ပြီးနေပြီပေါ့။ မီဖို့တော့ မျှော်လင့်ပါတယ်။ ထူးအိမ်သင် ကိုယ်တိုင်
ဆိုထားတဲ့ သီချင်းလေးတွေကော တခြားအဆိုတော်တွေကို သူရေးပေးထားတဲ့ သီချင်းတွေကို
အဆိုတော်က ပြန်လည် သီဆိုထားတာမျိုးတွေ ပါဝင်မှာဖြစ်တယ်"လို့ ဆိုပါတယ်။

ပွဲလက်မှတ်တွေရဲ့ ဈေးနှုန်းကတော့ ကျပ် တစ်သောင်း၊ နှစ်သောင်းနဲ့ သုံးသောင်း ဖြစ်တယ်လို့
သိရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။