မစ္စအင်တာနေရှင်နယ်ပွဲကို ခင်ဝေဖြိုးဟန် အစား မေဘရဏီသော် သွားရောက်ယှဉ်ပြိုင်မည်

ဩဂုတ်လအတွင်းက ကျင်းပခဲ့တဲ့ မစ္စအင်တာနေရှင်နယ်မြန်မာ ဆုပေးပွဲကြီးမှာ သရဖူဆုရှင် ခင်ဝေဖြိုးဟန်ကို ပထမဆုရှင်၊ ဒုတိယဆုရှင်တို့နဲ့အတူ တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ဩဂုတ်လအတွင်းက ကျင်းပခဲ့တဲ့ မစ္စအင်တာနေရှင်နယ်မြန်မာ ဆုပေးပွဲကြီးမှာ သရဖူဆုရှင် ခင်ဝေဖြိုးဟန်ကို ပထမဆုရှင်၊ ဒုတိယဆုရှင်တို့နဲ့အတူ တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ထားတဲ့ အလှမယ်ခင်ဝေဖြိုးဟန်ကို သတ်မှတ်ထားတဲ့
အသက်မပြည့်သေးတာကြောင့် မစ္စအင်တာနေရှင်နယ်ပြိုင်ပွဲကနေ ပါဝင် ယှဉ်ပြိုင်ခွင့် မပြုတာဟာ
မြန်မာအဖွဲ့အစည်းရဲ့ လိုအပ်ချက်ကြောင့်ပါလို့ မစ္စအင်တာနေရှင်နယ်မြန်မာပြိုင်ပွဲကို စီစဉ်ကျင်းပတဲ့
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

"အားနည်းချက်ကတော့ ၁၇ နှစ်ပြည့်ပြီးပြီဆို မြန်မာနိုင်ငံမှာက ၁၈ နှစ်လို့ပဲ သုံးနေလိုက်တာရယ်၊
အဲဒီအချိန်တုန်းက မှတ်ပုံတင်ကို သေချာမစစ်မိတာရယ်နဲ့ အရင်ကဆို ဒီပွဲက ဒီဇင်ဘာမှ
လုပ်လေ့ရှိတော့ အသက်မီနိုင်တယ်လို့ ထင်တာရယ်ကြောင့်ပါ။ ပြီးတော့ ကျွန်တော်တို့
မြန်မာအဖွဲ့အစည်းဘက်ကလည်း ဒီကပြိုင်ပွဲမှာ လက်ခံလိုက်တာက အသက်နည်းနည်း
လိုတာကြောင့် ဟိုမှာ သွားပြိုင်ဖို့ ပြဿနာမရှိဘူးလို့ ထင်တာကြောင့်ပါ"လို့ MTF
အထွေထွေအတွင်းရေးမှူး ဦးခင်အောင်ထွန်း က ပြောပါတယ်။

မစ္စအင်တာနေရှင်နယ်ပြိုင်ပွဲကို ဂျပန်နိုင်ငံမှာ အောက်တိုဘာ ၂၇ ရက်ကနေစတင်ပြီး နောက်ဆုံး
အဆင့်ပြိုင်ပွဲကိုတော့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကနေ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေထဲက တစ်ခုက ပြိုင်ပွဲဝင်တွေဟာ
ပြိုင်ပွဲလာရောက်ချိန်မှာ အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်ထက် မကျော်လွန်ရမှာဖြစ်ပါတယ်။

မြန်မာကိုယ်စားပြုအလှမယ်ဖြစ်တဲ့ ခင်ဝေဖြိုးဟန် ကတော့ လာမယ့် ဒီဇင်ဘာလမှ
အသက် ၁၈ နှစ်ပြည့်မှာဖြစ်ပါတယ်။

"ခင်ဝေဖြိုးဟန်ရဲ့ အသက်က ၁၈ နှစ်ကို ဒီဇင်ဘာမှ ပြည့်မယ်ဆိုတော့ သုံးပတ်လောက်
လိုနေတယ်။ ကျွန်တော် ဟိုဘက်အဖွဲ့အစည်းကို ကြိုးစားပြီး ညှိပေးကြည့်တယ်။
ဟိုဘက်ကလည်း ပေးလို့မရဘူး။ တခြားနိုင်ငံတွေကလည်း ရှိတယ်ဆိုတော့"လို့
ဦးခင်အောင်ထွန်းက ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ ပြိုင်ပွဲကို ခင်ဝေဖြိုးဟန် မသွားရောက်နိုင်တော့တာမို့ မစ္စအင်တာ
နေရှင်နယ် မြန်မာရဲ့ ပထမဆုရှင် မေဘရဏီသော် (၂၄ နှစ်) သွားရောက်ယှဉ်ပြိုင်မယ်လို့လည်း
ဆိုပါတယ်။

မေဘရဏီသော် အနေနဲ့ မမျှော်လင့်ဘဲ နိုင်ငံတကာပြိုင်ပွဲဆီ သွားရောက်ခွင့်ရရှိပေမယ့်
ကြိုတင်ပြင်ဆင် ချိန်သိပ်မရဘဲ ပြိုင်ပွဲကိုသွားရောက်ရမှာ ဖြစ်တာကြောင့် ပြိုင်ပွဲမှာ
မျက်နှာပန်းလှဖို့ကိုတော့ သူများတွေထက် သုံးဆလောက် ကြိုးစားဖို့ လိုအပ်လိမ့်မယ်လို့
မြန်မာတိုင်း(မ်) က သုံးသပ်မိပါတယ်။

ဦးခင်အောင်ထွန်းကတော့ သွားရောက်ရမယ့်ပြိုင်ပွဲက အရမ်းနီးကပ်နေပေမယ့် အစကတည်းက
ထိပ်ဆုံး သုံးဦး စလုံးကို လေ့ကျင့်ပေးထားတာမို့ အ၀တ်အစားပြင်ဆင်မှုကလွဲပြီး ကျန်တဲ့
အခက်အခဲမရှိဘူးလို့ ဆိုပါတယ်။

ခုလို အစားထိုးပြိုင်ပွဲဝင်ဖို့ စီစဉ်တာဟာ သရဖူ ရုပ်သိမ်းတာ မဟုတ်ဘူးလို့လည်း အတည်ပြု
ပြောဆိုပြီး ခင်ဝေဖြိုးဟန် အနေနဲ့ တခြားအခွင့်အရေးတွေကို လက်လွှတ်ရမှာ မဟုတ်ဘူးလို့လည်း
ပြောပါတယ်။

ဒါကြောင့် မစ္စအင်တာနေရှင်နယ်မြန်မာ တစ်ဦးအနေနဲ့ လုပ်ဆောင်ရမယ့် ဂျာမနီနိုင်ငံ၊
ဘာလင်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံး ခရီးသွားပြပွဲဖြစ်တဲ့ International Tourism
Boerse (ITB2015) ကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကို လက်လွှတ်ခဲ့ရတဲ့ ခင်ဝေဖြိုးဟန်ရဲ့ လတ်တလော
ခံစားချက်ကို မေးမြန်းဖို့ ဆက်သွယ်ရာမှာတော့ သူ့မိခင်ဖြစ်သူနဲ့သာ စကားပြောခွင့် ရရှိပါတယ်။

"Missosology ၀က်ဘ်ဆိုက်မှာ အသက် ၁၇ နှစ် ကနေ ၂၄ နှစ်အထိလို့ ရေးထားလို့ ပြိုင်ဖြစ်တာ။
ဒီမှာပြိုင်ဖို့ စာရင်းသွင်းတော့လည်း ဒီဘက်အဖွဲ့အစည်းက လက်ခံတယ်။ ခုမှ ဂျပန်ကနေ
ပြိုင်လို့ မရတော့ဘူးဆိုပြီး ဖြစ်သွားတာ"လို့ ခင်ဝေဖြိုးဟန်ရဲ့ မိခင်ဖြစ်သူ ဒေါ်စန်းစန်းကြည်က
ပြောပါတယ်။

"အသက်နဲ့ ပတ်သက်ပြီး Missosology မှာ ရေးတင်ထားတာတော့ ရှိတယ်။ ဒါတွေက
မစ္စအင်တာနေရှင် နယ်ပြိုင်ပွဲရဲ့ တရားဝင်သတ်မှတ်ချက်တွေ မဟုတ်ပါဘူး"လို့ ဦးခင်အောင်ထွန်း
က ပြောပါတယ်။

မစ္စအင်တာနေရှင်နယ်ပြိုင်ပွဲကို မြန်မာနိုင်ငံကနေ သုံးကြိမ်မြောက်အဖြစ် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး
၂၀၁၂ ခုနှစ်မှာ နန်းခင်ဇေယျာ သွားရောက်ခဲ့ကာ Miss Internet နဲ့ People Choice ဆုတွေကို
ရရှိခဲ့ပါတယ်။

၂၀၁၃ မှာတော့ ဂုဏ်ရည်အေးကျော် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး People Choice ဆု ရရှိခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်