လူသိနည်းတဲ့ ပန်းချီဆရာတွေ အတွက် မှီခိုစရာနေရာလေး ဖြစ်စေမယ့် 'သင့်' ပြခန်း

ကိုအေးဆောင် ကို 'သင့်' ပန်းချီပြခန်းမှာ တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ကိုအေးဆောင် ကို 'သင့်' ပန်းချီပြခန်းမှာ တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ပန်းချီပြခန်းတွေကို အချိန်ပေး လာကြည့်သူတွေ နည်းလာတယ်။ ပန်းချီကားတွေလည်း
အရောင်း ထိုင်းလာတယ်။

ကင်းဗတ်စပေါ်က အလှအပတွေ၊ အတွေးအခေါ်တွေက ဂီတသံစဉ်တွေနဲ့ ရုပ်ရှင်တွေလို
လူအများစုကို မဆွဲဆောင်နိုင်ဘူး။

ဒီလိုအခြေအနေမျိုးမှာ ဓာတ်ပုံဆရာ ကိုအေးဆောင်က သူပိုင်တဲ့ အခန်းကျယ်ကို ပန်းချီပြခန်း
အဖြစ် ပြင်ဆင်ဖွင့်လှစ်ပြီး ပန်းချီအနုပညာအတွက် ရင်းနှီးမြုပ်နှံမှု တစ်ခုကို စွန့်စွန့်စားစား
စတင်လုပ်ဆောင်လိုက်ပါတယ်။

ပြခန်းသစ်ရဲ့အမည်က Think (သင့်)ဖြစ်ပြီး ဒဂုံမြို့နယ်၊ န၀ဒေးလမ်းမှာရှိတဲ့ အမှတ်(၂၃)
ခြောက်ထပ် အဆောက်အအုံရဲ့ မြေအောက်ထပ်ခန်းကို ပြင်ဆင်ပြီး ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

အရင်တုန်းကတော့ ကားဂိုဒေါင်ဖြစ်ခဲ့ဖူးပြီး စားသောက်ဆိုင်နေရာလည်း ဖြစ်ခဲ့ကာ ပုဂ္ဂလိက
စာသင်ကျောင်းတစ်ကျောင်းလည်း ဖွင့်လှစ်ခဲ့ဖူးပါတယ်။

၅၅ ပေနဲ့ ပေ ၁၀၀ ပတ်လည်ကျယ်ဝန်းတဲ့ အခန်းဟာ လက်ရှိရန်ကုန်မြို့ရဲ့ သက်တမ်းရင့်
ပန်းဆိုးတန်းပန်းချီပြခန်းထက် နှစ်ဆခန့် ကျယ်ဝန်းပါတယ်။

တစ်ခန်းလုံးကို အဖြူရောင် ဆေးသုတ်ထားပြီး ဘွန်ဆိုင်းပင်များ၊ ပန်းအိုးများနဲ့ အလှဆင်ထားပါ
တယ်။

မြေအောက်ခန်း ဖြစ်တဲ့အတွက် လှေကားထစ် အနည်းငယ် ဆင်းဝင်သွားရပေမယ့် အ၀င်ဝမှာ
ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေက ပန်းချီပြခန်းဖြစ်တယ်ဆိုတာ ထင်ရှားစေပါတယ်။

"ကျွန်တော်က ဓာတ်ပုံဆရာတစ်ဦး ဖြစ်တဲ့အတွက် ပန်းချီကိုလည်း မြတ်နိုးတယ်။ ပန်းချီဆရာတွေ
နဲ့လည်း သူငယ်ချင်းဖြစ်တဲ့အတွက် တချို့တွေ ဘယ်လိုရုန်းကန် နေထိုင်ရသလဲဆိုတာကိုလည်း
သိတယ်။ ဒါကြောင့် ပန်းချီဆရာတွေရဲ့ အနုပညာလက်ရာတွေကို ပြသနိုင်တဲ့နေရာတွေ
ပိုတိုးလာအောင်၊ ပိုကောင်းလာအောင် ပံ့ပိုးကူညီတဲ့အနေနဲ့ ကျွန်တော့ရဲ့ ကိုယ်ပိုင်အခန်းလေးကို
ပြခန်းလုပ်ချင်တဲ့ ဆန္ဒနဲ့ လုပ်ဖြစ်သွားတာ"လို့ ပြခန်းပိုင်ရှင် ကိုအေးဆောင်က ပြောပါတယ်။

အသက် ၅၀ အရွယ်ပြခန်းပိုင်ရှင်က သူ လေးစားရတဲ့ ပန်းချီဝင်းဖေကလည်း တိုက်တွန်းတာ
ကြောင့်လည်း ပြခန်းဖွင့်လှစ်ဖြစ်သွားတာပါလို့ ဆိုပါတယ်။ ပြခန်းလုပ်ငန်းဟာ စီးပွားရေးအရ
မသေချာမရေရာတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ပြခန်းတွေဖွင့်လှစ်ခဲ့ကြပေမယ့် အခန်းငှားခနှုန်းများ အဆမတန်
မြင့်တက်မှုနဲ့ ပန်းချီကားဝယ်ယူသူ ရှားပါးမှုတို့ကြောင့် ပြခန်းတော်တော်များများဟာ ခုချိန်မှာ
ပိတ်သွားကြပြီဖြစ်ပါတယ်။

ပုဇွန်တောင်မြို့နယ်မှာ ဖွင့်လှစ်ခဲ့ပြီး တစ်ခဏတာသာ သက်တမ်းရှည်ကြာခဲ့တဲ့ Culture Bridge
ပြခန်းက သက်သေသာဓက တစ်ခုပဲဖြစ်ပါတယ်။

ပြခန်းနေရာကို ပိုင်ဆိုင်တဲ့သူ တစ်ဦးအနေနဲ့ ကိုအေးဆောင်ကတော့ သူဝါသနာပါရာကို
လုပ်ဖို့အတွက် တခြားသူတွေထက် ပိုပြီးအားသာချက်တွေ ရှိနေပါတယ်။

ဩဂုတ်လကုန်ကစပြီး ပြခန်းဖွင့်လှစ် ကတည်းက ပြပွဲ သုံးပွဲ ပြုလုပ်ခဲ့ပြီးပါပြီ။

နောက်ဆုံး ပြသခဲ့တဲ့ ပြပွဲက Wild Eye X11 လို့ အမည်ရပြီး ပန်းချီဆရာ ၄၃ ဦးရဲ့ ခေတ်ပြိုင်
ပန်းချီကား ၁၀၅ ကားကို ပြသခဲ့ရာ ကားရှစ်ကားသာ ရောင်းချခဲ့ရပါတယ်။

"နောက်ဆုံးပြခဲ့တဲ့ပွဲဆို ရှစ်ကားပဲ ရောင်းရပါတယ်။ အဲဒီကမှ ပန်းချီကားတစ်ကား ရောင်းရငွေထဲမှာ
၂၀ ရာခိုင်နှုန်းပဲ ပြခန်းက ရတဲ့အတွက် အကျိုးအမြတ် မများပါဘူး။ အဓိကကတော့ ၀ါသနာပါလို့
ပန်းချီ နယ်ပယ်မှာ လိုအပ်နေတဲ့ ကွက်လပ်ကလေး ဖြည့်ပေးတာပါ"လို့ ကိုအေးဆောင်က
ပြောပါတယ်။

"အခန်းငှားခအတွက် စိန်ခေါ်မှုတစ်ခု လျော့သွားပေမယ့် ကျန်တဲ့ အခက်အခဲတွေကိုတော့
ပန်းချီချစ်စိတ်နဲ့ပဲ တောင့်ခံသွားနိုင်မယ်လို့ ယုံကြည်တယ်"လို့လည်း ဆိုပါသေးတယ်။

ပြခန်းတည်ရှိရာက ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ လမ်းပေါ်မှာဖြစ်ပြီး နေရာလည်း
ကျယ်ဝန်းတာမို့ လုပ်ငန်းတစ်ခုအတွက် ငှားရမ်းလိုက်မယ်ဆိုပါက သူ့အတွက် သေချာတဲ့
တစ်လကျပ်သိန်း ၃၀ ကျော် ၀င်ငွေ ရရှိနိုင်ပေမယ့် ၀ါသနာကြောင့် အကျိုးအမြတ်ကို မတွက်ဘဲ
ပန်းချီပြခန်း ဖွင့်လှစ်ခဲ့တာဖြစ်လို့လည်း ဆိုပါတယ်။

နှစ်စဉ်ထုတ်ဝေတဲ့ ပန်းချီပြခန်းလမ်းညွှန် စာအုပ်အရ ရန်ကုန်မြို့မှာ ပန်းချီပြခန်းပေါင်း ၇၀ ကျော်
ရှိပြီး တချို့ပြခန်းတွေက ပန်းချီဆရာ တွေအိမ်မှာပဲ ဖွင့်လှစ်ထားတဲ့ ပြခန်းတွေဖြစ်တယ်လို့
ဖော်ပြထားပါတယ်။

"ကျွန်တော် တွေ့သလောက် ဥပမာ - တောင်ဒဂုံမှာနေတဲ့ ပန်းချီဆရာကလည်း သူ့အိမ်က
အခန်းလေးမှာပဲ ပြခန်းလေး ဖွင့်ထားတယ်။ ပြခန်းကို နာမည်ပေးထားပြီး ပန်းချီလမ်းညွှန်စာအုပ်မှာ
ကြော်ငြာတယ်။ အဲဒီလိုအိမ်တွေမှာ ဖွင့်ထားတဲ့ ပန်းချီပြခန်းတွေကို တစ်လနေလို့ တစ်ယောက်
နှစ်ယောက် မလာကြဘူး။ ရွှေတောင်ကြားက နိုင်ငံတကာမှာ ထိအောင်မြင်နေတဲ့
ဆရာမင်းဝေအောင်တို့၊ ဆရာခင်ဇော်လတ်တို့ရဲ့ ပြခန်းတွေက လွဲရင်ပေါ့"လို့ ကိုအေးဆောင်က
ပြောပါတယ်။

ပန်းချီဆရာတွေအနေနဲ့ သူတို့ရေးတဲ့ ပန်းချီကားတွေကို နေရာအကွက်အကွင်းကောင်းတဲ့
ပြခန်းတွေမှာ ပြဖို့လိုအပ်သလို လာကြည့်တဲ့သူ များတဲ့နေရာမှာ ပြနိုင်မှလည်း သူတို့ကိုလည်း
လူပိုသိလာမယ်လို့ အကြံပေးပါတယ်။

ပြခန်းပိုင်ရှင်တွေက နိုင်ငံတကာမှာ ထင်ရှားနေတဲ့ ပန်းချီဆရာတချို့ရဲ့ ပန်းချီကားတွေကိုသာ
ရေရှည်မှာ အနုပညာတန်ဖိုးတက်လာနိုင်တယ်လို့ယူဆကာ အကျိုးအမြတ်အနေနဲ့ ၀ယ်ယူ
စုဆောင်းကြပြီး တခြားပန်းချီဆရာတွေရဲ့ လက်ရာကားတွေကတော့ ပန်းချီမြတ်နိုးသူတွေနဲ့
တွေ့မှသာ ရှားရှားပါးပါး ရောင်းရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက ဗိသာနိုး ပြခန်းမှာ ကျင်းပခဲ့တဲ့ပြပွဲမှာ နာမည်ကြီး ပန်းချီဆရာ ဦးဝင်းဖေရဲ့ ပန်းချီကား
အားလုံး (၁၅ ကားခန့်) ရောင်းခဲ့ရတယ်လို့လည်း ပြောပြပါတယ်။

"နာမည်အရမ်းကြီးတဲ့ ပန်းချီဆရာတွေကိုပဲ ဒီကလူတွေ သိတယ်၊ တန်ဖိုးထားတယ်၊ ၀ယ်တယ်၊
စုဆောင်းတယ်။ မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ရှိတယ်။ အဲဒီအထဲကမှ
ပန်းချီကားကို ၀ါသနာပါတဲ့ သူဌေးနည်းနည်းပဲ ရှိနေသေးတယ်။ သူတို့တွေကလည်း
ဆရာဦးဝင်းဖေ၊ ပန်းချီပေါ်ဦးသက်တို့၊ ဦးခင်မောင်ရင်တို့ ပန်းချီကားတွေကိုတွေ့ရင် တွေ့တဲ့နေရာမှာ
ဝယ်ယူစုဆောင်းကြတယ်"လို့ ဈေးကွက်ပုံစံကို ပြောပြပါတယ်။

သူ့ပန်းချီပြခန်းကတော့ နာမည်ကြီးတွေကိုသာ မရည်ရွယ်ဘဲ နာမည်မရသေးတဲ့ ပန်းချီဆရာတွေ
အတွက် အမှီအခိုပြုစရာနေရာလေး တစ်နေရာအဖြစ် အညီအမျှ ဦးစားပေးဖို့ ရည်ရွယ်တယ်လို့
ကိုအေးဆောင်က ဆိုပါတယ်။

"ရန်ကုန်မြို့ပေါ်မှာ ပန်းချီပြခန်းတွေကတော့ အတန်အသင့် များလာပါပြီ။ ဒါပေမဲ့ ပန်းချီဝါသနာပါတဲ့
သူက ဒီလောက်မများဘူး။ ပန်းချီခန်းကို အချိန်ပေးလာတဲ့သူ မရှိဘူး။ စားဝတ်နေရေးအတွက်
ရုန်းကန်ပြီး သီချင်းလေးနားထောင်ရင်း ပြီးသွားကြတယ်။ ပန်းချီ ခန်းကို တကူးတကလာပြီး
ခံစားရမယ်ဆိုတဲ့ အနုပညာခံစားနိုင်မှု စွမ်းရည်နည်းတယ်လို့ ထင်ပါတယ်"လို့ ပန်းချီဆရာ လှတိုး
က ပြောပါတယ်။

Think ပြခန်းမှာ သူ့ပန်းချီကား လေးကားကို လက်ရှိမှာ ချိတ်ဆွဲထားပါတယ်။

ပြခန်းကို ပန်းချီပြပွဲတွေ ကျင်းပဖို့အပြင် စာအုပ် မိတ်ဆက်ပွဲ၊ ဓာတ်ပုံပြပွဲနဲ့ တခြားအနုပညာနဲ့
သက်ဆိုင်တဲ့ အခမ်းအနားတွေအတွက်လည်း ငှားရမ်း ခွင့်ပြုမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်