ဂီတသံစဉ်များနဲ့ ပြေးပွဲကြီးမှာ ပါဝင်ဆင်နွှဲကြရအောင်

'ဂီတသံစဉ်များနဲ့ပြေးပွဲကြီး' (The Music Run) ကို နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့၊
သုဝဏ္ဏအားကစားရုံမှာ ပြုလုပ်သွားမယ်လို့ ကြီးမှူးကျင်းပတဲ့ ကမ္ဘောဇအုပ်စုမှ တာဝန်ရှိသူ
တစ်ဦးက ပြောပါတယ်။

The Music Run ရဲ့ ပြေးလမ်းက ငါးကီလို မီတာအကွာအဝေးပဲ ရှိမှာဖြစ်ပြီး တစ်ကီလိုမီတာ
တိုင်းမှာ မတူညီတဲ့ ဂီတခေါင်းစဉ်တွေ ဖြစ်တဲ့ ပေါ့ပ်၊ ရော့ခ်၊ Dance Music၊ Retro စတာတွေကို
သတ်မှတ်ပေးထားမှာ ဖြစ်ပါတယ်။

အဲဒီသတ်မှတ်ထားတဲ့ အကွာအဝေးအတွင်းမှာ ပါဝင်သူများက လမ်းလျှောက်တာပဲဖြစ်ဖြစ်၊
ပြေးတာပဲဖြစ်ဖြစ် ကြိုက်နှစ်သက်ရာကို ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

"ကျောင်းသားလည်း ကျောင်းသားအလျောက်၊ ၀န်ထမ်းဆိုလည်း ၀န်ထမ်းအလျောက်
စိတ်ဖိစီးမှုတွေနဲ့ အလုပ်လုပ်နေတာပေါ့။ အဲတော့ ဒီလိုမျိုး လူအများနဲ့အတူပေါင်းပြီး အားကစား
လုပ်တာလည်းဖြစ်၊ သီချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကခုန်ပြီးပါဝင် ဆင်နွှဲပြီး စိတ်ဖိစီးမှုတွေကို
သက်သာစေမယ်။ ပြီးတော့ မိတ်ဆွေသစ်တွေလည်း တိုးပွားလာ နိုင်မယ်။ အဓိကကတော့
ကျန်းမာရေးကို သီချင်းတွေနဲ့အတူ စိတ်ပါဝင်စားလာစေချင် တဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်း
ဖြစ်ပါတယ်"လို့ ကမ္ဘောဇအုပ်စုမှ ဒုတိယအထွေထွေ မန်နေဂျာ ဦးသက်ကိုကိုမျိုးက ဆိုပါတယ်။

ပန်းဝင်ချိန်ကို သတ်မှတ်မထားဘဲ ကြိုက်တဲ့အချိန်မှာ ပန်းဝင်နိုင်မှာ ဖြစ်ပါတယ်။

ငါး ကီလိုမီတာအဆုံးမှာတော့ ပြည်တွင်းက အဆိုကျော်တွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော်၊
Snare၊ ယူရေနီယမ်အကအဖွဲ့တို့ ပါဝင်တဲ့ After Run Festival ကို လူတိုင်း ပါဝင်ဆင်နွှဲနိုင်မှာ
ဖြစ်ပါတယ်။

"ကျွန်တော်ဒီပွဲမှာ ပါဝင်ရတဲ့ အချက် နှစ်ချက်ရှိပါတယ်။ ပထမအချက်ကတော့ ဒီအစီအစဉ်က
မြန်မာပြည်မှာ တစ်ခါမှ မလုပ်ဖူးဘူး။ မြူးဇစ်နဲ့အတူ ပြေးကြမယ်၊ ပျော်ကြမယ်ဆိုတဲ့ အပေါင်းဘက်
ကသွားမယ့် အစီအစဉ်ဖြစ်လို့ ပါဝင်ဖြစ်ပါတယ်။ နောက်တစ်ချက် အနေနဲ့ကတော့ ဒီပွဲကရတဲ့
အကျိုးအမြတ်အားလုံးကို လှူမယ့်အလှူပွဲတစ်ခု လည်းဖြစ်တဲ့အတွက် အလိုလိုကုသိုလ်ရမယ့်
ပွဲဖြစ်လို့ ပျော်ရွှင်စွာပါဝင်ဖြစ်တယ်"လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

ပြိုင်ပွဲဝင်လျှောက်လွှာတွေကို ကမ္ဘောဇဘဏ်ခွဲတိုင်းမှာ ၀ယ်ယူကာ စာရင်းပေးသွင်းနိုင်ပြီ
ဖြစ်ပါတယ်။

တစ်ဦးလျှင် ကျပ် ၂၀,၀၀၀ သတ်မှတ်ထားပြီး ကမ္ဘောဇဘဏ်ကို အားပေးသူများကုမ္ပဏီ
အဖွဲ့အစည်းများမှ လူ ၁၀ ဦး အထက်အတွက် လက်မှတ်ဝယ်ယူမယ်ဆိုရင် တစ်ယောက်ကို
ကျပ် ၁၅,၀၀၀ သာ ပေးသွင်းရမယ်လို့သိရပါတယ်။

ပွဲကရရှိလာတဲ့ အကျိုးအမြတ်အားလုံးကို အမြင်အာရုံ လုံးဝပျောက်ကွယ်နေသူများနဲ့ ချို့တဲ့သူများ
အတွက် အွန်လိုင်းစာများကို မြန်မာဘာသာစကားနဲ့ ဖတ်ကြားပေးနိုင်တဲ့ စာဖတ်စက်ကို
အသုံးပြုနိုင်ဖို့ လှူဒါန်းသွားမှာဖြစ်တယ်လို့ ဦးသက်ကိုကိုမျိုးက ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်