အခက်အခဲတွေကို အပြန်အလှန်နားလည်မှုနဲ့ ကျော်ဖြတ်မယ့် Yangon Runway ရဲ့ နာမည်ကျော် ဂျပန်မင်းသမီးတွေ

Yangon Runway ဇာတ်ကားမှာ အက်ရှင်ဇာတ်ကောင်တွေအဖြစ် တွေ့ရမယ့် Rina Takeda နှင့် Yuko Fueki တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - Living Song EntertainmentYangon Runway ဇာတ်ကားမှာ အက်ရှင်ဇာတ်ကောင်တွေအဖြစ် တွေ့ရမယ့် Rina Takeda နှင့် Yuko Fueki တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - Living Song Entertainment

"ဇာတ်ကားထဲမှာလည်း မြန်မာပြည်အကြောင်းကို ဘာတစ်ခုမှ မသိဘဲ ရောက်လာတဲ့သူ
တစ်ဦးအဖြစ် သရုပ်ဆောင်ရမှာ ဖြစ်တဲ့တွက်ကြောင့် ကျွန်မအနေနဲ့ အပြင်မှာလည်း မြန်မာနိုင်ငံ
အကြောင်းကို သေချာ မလေ့လာဖြစ်သေးပါဘူး။ ဒီလိုမလေ့လာခဲ့တာက ကျွန်မ သရုပ်ဆောင်
ရမယ့် ဇာတ်ကောင်ကို ပိုပြီးတော့ အသက်ဝင်သွားစေမယ်လို့ ထင်ပါတယ်"လို့ ဂျပန်နိုင်ငံ
အခြေစိုက် အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Sony Entertainment က အသက် ၂၃ နှစ်
အရွယ် အက်ရှင်မင်းသမီးချောလေး၊ ကရာတေး ခါးပတ်နက်ပိုင်ရှင် Rina Takeda က
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

သူကတော့ ၂၀၀၉ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ High Kick Girl ဇာတ်ကားနဲ့ အက်ရှင်ဇာတ်ကား
လောကကို ရောက်ရှိခဲ့ပြီး အခုအချိန်မှာတော့ ဂျပန် အက်ရှင်ဇာတ်ကားပေါင်းတော်တော်
များများမှာ တွေ့ရတဲ့ အမျိုးသမီး အက်ရှင်သရုပ်ဆောင် တစ်ဦးပါ။

ဝါသနာအရ အက်ရှင်မင်းသမီး တစ်ဦးအဖြစ်ပဲ နိုင်ငံတကာရုပ်ရှင်လောကကို ထိုးဖောက်
ဝင်ရောက်ချင်သူ တစ်ဦးဖြစ်လို့ တခြားဘာအကျိုး ရလဒ်ကိုမှမကြည့်ဘဲ မြန်မာနိုင်ငံမှာ
လာရောက် ရိုက်ကူးမယ့် ဇာတ်ကားကို လက်ခံခဲ့တာဖြစ်တဲ့အပြင် နောက်ထပ်လည်း ဒီလိုမျိုး
နှစ်နိုင်ငံကြား ပေါင်းသင်းဆက်ဆံရေးတွေ ကူးလူးယှက်သွယ်မယ့် ဇာတ်ကားတွေကိုလည်း
လက်ခံရိုက်ကူးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဟုတ်ပါတယ်။ High Kick Girl နဲ့ Living Sound Entertainment က မြန်မာဒါရိုက်တာ
ဦးဂျော်မရန် တို့ ပူးပေါင်းပြီး Yangon Runway အက်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံက နာမည်ကျော်
သရုပ်ဆောင်တွေနဲ့အတူ မြန်မာ သရုပ်ဆောင်တွေကပါ ရိုက်ကူးတင်ဆက်တော့မှာ ဖြစ်ပါတယ်။

ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်မယ့် Rina က အက်ရှင်ဇာတ်ကွက်တွေ
တော်တော်များများကိုလည်း သရုပ်ဆောင်သွားမှာပါ။

မြန်မာနိုင်ငံကို ပထမဦးဆုံး လာရောက် သရုပ်ဆောင်ရမှာဖြစ်လို့ စိတ်လှုပ်ရှားသလို စိုးရိမ်စိတ်တွေ
လည်း ရှိနေတယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တော်ဝင်ဂါးဒင်းမှာ ပြုလုပ်ခဲ့တဲ့ မြန်မာတိုင်း(မ်)နဲ့
အထူးအင်တာဗျူးမှာ Rina က ဖြေကြားခဲ့ပါတယ်။

ဇာတ်ကားကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအရ
အဆင်ပြေနိုင်မယ့် အ၀တ်အစားတွေကိုလည်း သူမအနေနဲ့ ရွေးချယ်သွားမယ့်အပြင်
ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပေးတဲ့ အ၀တ်အစားတွေကိုလည်း ၀တ်ဆင်သွားမှာဖြစ်တယ်လို့
ဆိုပါတယ်။

သူနဲ့အတူ ဇာတ်ရံနေရာမှာ ပါဝင်ရမယ့် ဂျပန်နိုင်ငံမှာရော၊ ကိုရီးယားနိုင်ငံမှာပါ နာမည်ရ
သရုပ်ဆောင်တစ်ဦးကတော့ အသက် ၃၅ နှစ်အရွယ် သရုပ်ဆောင်မင်းသမီး Yuko Fueki
(Yoo Min) ပါ။့ 

Yuko အနေနဲ့လည်း အရင်က နိုင်ငံနှစ်ကြားက ချစ်ကြည်ရေး ဇာတ်ကားရိုက်ကူးခဲ့တဲ့
အတွေ့အကြုံ ရှိခဲ့ပေမယ့် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ နားလည်မှုကွဲလွဲတာတွေ
ရှိခဲ့ဖူးတာကြောင့် ဒီတစ်ခေါက် သရုပ်ဆောင်တဲ့အခါမှာတော့ အဲဒီလိုမဖြစ်အောင်
ကြိုးစားသွားမယ်လို့ ပြောပါတယ်။

"ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ အခက်အခဲတွေ ကြုံတွေ့ရမှာပါ။ ဒါပေမဲ့ မတူညီတဲ့ ယဉ်ကျေးမှု
တွေနဲ့ မတူညီတဲ့ နှစ်နိုင်ငံကြားမှာ ရိုက်ကူးတဲ့ ဇာတ်ကားမျိုးတွေက တခြားဇာတ်ကားတွေ
ထက်စာရင် ပိုပြီးတော့ ခက်ခဲပါတယ်။ အရင်ကလည်း ဒီလိုမျိုးဇာတ်ကားတွေမှာ သရုပ်ဆောင်
ခဲ့ဖူးလို့ အတွေ့အကြုံတွေရှိခဲ့လို့ အခုချိန်မှာ သေချာတော့ မပြင်ဆင်ရသေးပေမယ့် ကိုယ့်အတွက်
challenge တစ်ခုဖြစ်လို့ ကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ" လို့ အသက်အရွယ်နဲ့ မလိုက်ဘဲ
နုပျိုလှပနေဆဲဖြစ်တဲ့ Yuko က ပြောပါတယ်။

Yuko က ဂျပန်နိုင်ငံဖွား သရုပ်ဆောင်မင်းသမီး တစ်ဦး ဖြစ်ပေမယ့် သူမရဲ့ အနုပညာလှုပ်ရှားမှု
တွေကို တောင်ကိုရီးယားနိုင်ငံက ရုပ်ရှင်လောကမှာ ပိုပြီးတွေ့ရတာကြောင့် ကိုရီးယားမင်းသမီး
တစ်ဦးအဖြစ်ပါ လူသိများပါတယ်။

သူ့အနေနဲ့ ၂၀၀၁ ခုနှစ်မှာ ဂျပန်ဇာတ်လမ်း တစ်ခု ဖြစ်တဲ့ Hotaru (Firefly) မှာ သရုပ်ဆောင်ခဲ့တဲ့
အပြင် တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယားဇာတ်လမ်းတွဲ တစ်ခုမှာလည်း ပါဝင်ခဲ့ပြန်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ Iris ကိုရီးယားအက်ရှင်ဒရာမာဇာတ်ကားအပြင် တခြားကိုရီးယား
ဒရာမာဇာတ်လမ်းတွဲ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ဇာတ်ကားမှာတော့ Rina က တခြားနိုင်ငံကနေ မြန်မာနိုင်ငံကို မော်ဒယ်တစ်ဦးအဖြစ် လာရောက်
လုပ်ကိုင်မယ့် ဇာတ်ကောင်အဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ပြန်ပေးဆွဲမှု တစ်ခုနဲ့
ကြုံရပြီး လွတ်မြောက်အောင် ကြိုးစားရတဲ့ နေရာကနေ အက်ရှင်ရော၊ ဒရာမာပိုင်းပါ နှစ်မျိုးစလုံး
သရုပ်ဆောင်သွားရမှာပါ။

ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်မယ့် Yuko ကတော့ အဲဒီမော်ဒယ်အတွက် လိုက်ပါဆောင်ရွက်
ပေးရတဲ့ အေဂျင်စီက အရာရှိတစ်ဦးနေရာကနေ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

"ဒီဇာတ်ကားက အက်ရှင်ဇာတ်ကားလို့ ဆိုပေမယ့် ကျွန်မအပိုင်းနဲ့ ကျတော့ အက်ရှင်ရော၊
ဒရာမာပိုင်းပါ သရုပ်ဆောင်ရမှာဖြစ်တာမို့လို့ ဒီနေရာကို ကျေနပ်နှစ်သက်ပါတယ်။ ဒါပေမဲ့
ကျွန်မက အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ သိပ်မကျွမ်းကျင်တဲ့အတွက် ဒိုင်ယာလော့ခ်ပိုင်းနဲ့
ပတ်သက်ပြီး အခက်အခဲရှိမယ်လို့ ထင်ပါတယ်"လို့ Rina က ဇာတ်ကားနဲ့ပတ်သက်လို့ သူမရဲ့
အမြင်တွေကို ပြောပြသွားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ နိုင်ငံခြားက မော်ဒယ်တစ်ဦးက မြန်မာနိုင်ငံမှာ လာရောက်ပြီးတော့
မော်ဒယ်တစ်ဦးအဖြစ် လုပ်ကိုင်ရာက တွေ့ကြုံရမယ့် အခက်အခဲတွေကို အက်ရှင်ဆန်ဆန်
မြင်တွေ့ရမယ့်အပြင် မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာတွေကိုလည်း ဒရာမာဇာတ်ကွက်
တွေနဲ့ ရိုက်ကူးတင်ဆက်သွားမှာဖြစ်ပါတယ်။

ဇာတ်ဝင်ခန်းအတွက် စကားလုံးတွေကိုတော့ ဂျပန်၊ မြန်မာနဲ့ အင်္ဂလိပ်ဘာသာတို့ကို ထည့်သွင်း
ပြောဆိုသွားမှာပါ။

Yangon Runway ဇာတ်ကားအတွက် ဂျပန်နိုင်ငံက ပါဝင်သရုပ် ဆောင်မယ့်သူတွေက အနုပညာ
ဝမ်းစာနဲ့ပတ်သက်လို့ ပြည့်တဲ့သူတွေလို့ သတ်မှတ်လို့ရပေမယ့် နာမည်ကျော် မြန်မာသရုပ်ဆောင်
တွေပါ ပါဝင်တာကြောင့် နှစ်ဦးနှစ်ဖက် နားလည်မှုတွေနဲ့ ကြိုးစားသရုပ်ဆောင်သွားကြမှာဖြစ်တယ်
လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအကုန်မှာ စတင်ရိုက်ကူးတော့မယ့် ဒီဇာတ်ကားအတွက်
မြန်မာဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဂျော်မရန်က တွဲဖက်ဒါရိုက်တာအဖြစ် လုပ်ဆောင်သွားမှာဖြစ်ပြီး
ရိုက်ကူးရေးနေရာ အများစုကို ရန်ကုန်မှာပဲ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရိုက်ကူးရေးကိုတော့ လာမယ့် ဒီဇင်လာလကုန်ပိုင်းကနေ ၂၀၁၅ ဇန်န၀ါရီလအထိ အကြမ်းအားဖြင့်
နှစ်လ သတ်မှတ်ထားပါတယ်။

"ဒီလို ကမ္ဘာ့ထိပ်သီးကုမ္ပဏီဖြစ်တဲ့ Sony Entertainment နဲ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး
Talent Management Company ဖြစ်တဲ့ Oscar Promotion တို့နဲ့အတူ ပူးပေါင်းပြီး ရိုက်ကူးခွင့်
ရတဲ့အတွက် ကျွန်တော့်အနေနဲ့ ၀မ်းသာရသလို ဂုဏ်ယူမိပါတယ်" လို့ Living Sound
Entertainment က စီအီးအိုဒါရိုက်တာ ဂျော်မရန်က ပြောပါတယ်။

Living Sound Entertainment အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လက Myanmar Event Park မှာ
ကိုရီးနိုင်ငံက ကမ္ဘာကျော်အမျိုးသမီး ပေါ့ပ်အဆိုတော် 2NE1 အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို အခမ်းနားဆုံး
စီစဉ်တင်ဆက်ပေးခဲ့ပြီးတဲ့နောက်မှာ ဒုတိယခြေလှမ်းအဖြစ် အခု Yangon Runway ဇာတ်ကားကို
ဂျပန်ဒါရိုက်တာတွေနဲ့အတူ ပူးပေါင်းရိုက်ကူးဖို့ စီစဉ်ခဲ့တာပါ။

ဒီ Yangon Runway ဇာတ်ကားမှာတော့ ဂျပန်မင်းသားကြီး Sonny Chiba အပါအ၀င် Sony
Entertainment က သရုပ်ဆောင်မင်းသမီး Rina Takeda၊ Oscar Promotion က မင်းသမီး
Yuko Fueki နဲ့ Ai Tadabe တို့နဲ့အတူ မြန်မာသရုပ်ဆောင် မင်းသမီး အိချောပို အပြင်
တခြားသရုပ်ဆောင်တွေလည်း ပါဝင် သရုပ်ဆောင်သွားကြမှာပါ ဖြစ်ပါတယ်။

နာမည်ကျော်သရုပ်ဆောင် Sonny Chiba နှင့်အတူ တွေ့ရသည့် Yangon Runway ရိုက်ကူးရေးအဖွဲ့။ ဓာတ်ပုံ - Living Song Entertainmentနာမည်ကျော်သရုပ်ဆောင် Sonny Chiba နှင့်အတူ တွေ့ရသည့် Yangon Runway ရိုက်ကူးရေးအဖွဲ့။ ဓာတ်ပုံ - Living Song Entertainment

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်